ပန်ဆယ်လို ဂျင်းထည့်လိုက်တဲ့ ဒေါ်လာ (၂) သန်းတန် ကလောက မိုတယ်

ကလောမြို့က ဒေါ်လာ ၂ သန်းတန် မိုတယ်ကိစ္စသတိထားစရာများနှင့် စဥ်းစားစရာ သုံးသပ်ချက်များ
******************

ပြီးခဲ့သည့် မေ ၂၁ ရက်က ပန်ဆယ်လို Page ၌ တော်လှန်ရေးအတွက် ဂုဏ်ယူဖွယ်ရာ၊ စိတ်လှုပ်ရှားစရာ သတင်းတစ်ခုဟု အစပြုကာ ရှမ်းပြည်ဘက်ရှိ ကျပ်သိန်းပေါင်း ၇၀,၀၀၀ ကျော်(ဒေါ်လာ ၂ သန်း) တန် မိုတယ် တစ်လုံး လှူချင်သည်ဟူ၍ Post ကို တင်ရှိခဲ့သည်။

လက်ရှိတွင် ထို မိုတယ်ကနေ တော်လှန်ရေးအလှူငွေရရှိအောင်ပြုလုပ်မည့် အစည်းအဝေးဆုံးဖြတ်ချက်ရလဒ်ထွက်လာပြီး The Key ဆိုသည့်အမည်ဖြင့် မည်သူမဆိုပါဝင်နိုင်သည့် Raffle Ticket စနစ်ဖြင့် ပြုလုပ်သွားမည်ဟု ဆိုသည်။

ယင်းအတွက်ကြောင့် Raffle Ticket လက်မှတ်တစ်စောင်ကို ဒေါ်လာ ၁၀၀ ဖြင့် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး ထိုအထဲမှ မိုတယ်ကို တစ်ဦးတည်းကသာ မဲပေါက်ရရှိမှာဖြစ်ကြောင်း ဖော်ပြထားသည်။

ထို မိုတယ်သည် ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌တည်ရှိပြီး Ride Behind Kalaw ဖေ့စ်ဘုတ်စာမျက်နှာ Page က  ကိုပီကျယ်ဟုဆိုသောသူ ပိုင်ဆိုင်ထားခြင်းဖြစ်သည်ဟု သိရသည်။

ဒါ့အပြင် ထိုမိုတယ်မှာ ဘဏ်တစ်ခုထံသို့ ပေါင်နှံထားပြီးသည့်အပြင် စစ်ကောင်စီ၏ချိတ်ပိတ်ထားခြင်းကိုခံရပြီး အတွင်းပစ္စည်းများကို ဖြုတ်ယူဖျက်ဆီးခံထားရကာ မီးရှို့ခံထားရသည်ဟုလည်း  Ride Behind Kalaw စာမျက်နှာ၌
ဖော်ပြချက်များရှိနေသည်။

မိုတယ်ပိုင်ရှင်ကိုပီကျယ်ဆိုသူမှာ ရှမ်းပြည်နယ်၊ NLD လူငယ်လုပ်ငန်းအဖွဲ့ဝင်နှင့် ဗဟိုဦးဆောင်လူငယ်အဖွဲ့ဝင်ဖြစ်ခဲ့ဖူးသူ၊ ၂၀၂၀ ရွေးကောက်ပွဲမှာ ကလောမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် အောင်နိုင်ရေးအဖွဲ့ Campaign Director အဖြစ် လှုပ်ရှားခဲ့၍ ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီဘက်က ၆၆ (ဃ) ဖြင့် တရားစွဲခံရသူဖြစ်ကြောင်း Ride Behind Kalaw ပေ့ချ်၌ ဖော်ပြထားသည်။

NLD အမာခံဖြစ်သည်ဟုလည်း ဖော်ပြထားကာ အာဏာသိမ်းကာလ၌ စစ်ကောင်စီဘက်ကဖမ်းဆီးမှုကို ရှောင်တိမ်းရင်း လေးကေ့ကော်နယ်မြေသို့မိသားစုလိုက်ရောက်ရှိကာ ထောက်ပို့အဖြစ် ရှေ့တန်းရဲဘော်များအတွက် လှုပ်ရှားပေးနေသူဟုလည်း ဆိုထားသည်ကိုတွေ့ရသည်။

ထို့အပြင် ထိုမိုတယ်မှာလွန်ခဲ့သော ၂၀၂၃ ခုနှစ်၊ မေလ အတွင်းက ဘဏ်အတိုးချေးငွေကျပ်သိန်းပေါင်း ၂ သောင်းခွဲခန့် ချေး ယူထားကြောင်းသည့်အပေါ် ပြန်ဆပ်ပေးရန် တရားစွဲထားသော သတင်းစာကြော်ငြာကိုလည်း တွေ့ရသည်။

"တရားရင်ဆိုင်ရချိန်မှာ လွှဲပြောင်းရောင်းချခွင့်မရှိဘူး။ တရားရင်ဆိုင်ပြီးပြီဆိုရင်တော့ တရားရုံးကဆုံးဖြတ်တဲ့အမိန့်ဒီဂရီအတိုင်း ဆောင်ရွက်လို့ရပါတယ်။ အမှုဖြစ်နေတုန်းတန်းလန်းမှာရောင်းတာတို့ ပေါင်တာငှားတာတို့ လွဲပြောင်းတာတို့အားလုံးသည် တရားမဝင်ပါဘူး။ တရားမကျင့်ထုံးမှုဥပဒေအမိန့် ၂၁ နည်း ၃၅ မှာ ပါရှိပါတယ်" ဟု တရားလွှတ်တော်ရှေ့နေ တစ်ဦးက ဆိုသည်။

ယင်းအတွက်ကြောင့် မိုတယ်ပိုင်ရှင် ကိုပီကျယ်(Ride Behind Kalaw) ဘက်ကလည်း "စကစလက်အောက် တရားစီရင်ရေးမှာ တရားရင်ဆိုင်မှုမပြုနိုင်ပါ... NUG တရားစီရင်ရေးမှာ တရားရင်ဆိုင်မယ်ဆို လက်ခံပါမယ်....လုပ်ငန်းရှင်တစ်ယောက် ဘဏ်ကြွေးရှိတာ အဆန်းမဟုတ်ပါ...ကိုဗစ်ကာလနဲ့ တော်လှန်ရေးကာလပေါင်းပြီး တက်သွားတဲ့အတိုးကြောင့် သိန်းပေါင်း ၂ သောင်းကျော်သွားတယ်ဆိုပေမဲ့ အပေါင်အပ်ထားတဲ့ ကလောမြို့ကမြေကွက်တွေရဲ့တန်ကြေးစုစုပေါင်းက အနည်းဆုံးသိန်းပေါင်း ၆ သောင်း အောက်ထစ်ရှိပါတယ်....." ဟု ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်၌ ပို့စ် တင်ကာ ချေပထားသည်ကို တွေ့ရသည်။

The Key အမည်ဖြင့် အဆိုပါ Motel Project ကမ်ပိန်းကို ပန်ဆယ်လို က Project Ambassador အဖြစ်ဦးဆောင်ပေးသွားမှာဖြစ်ပြီး ပြုလုပ်မည့်ရက်ကိုတော့ အတိအကျမဖော်ပြထားဘေးဘဲ သိပ်မကြာခင်တွင် ဖြစ်သည်ဟု ဆိုထားသည်။

ပန်ဆယ်လိုသည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်က NUG ငွေတိုက်စာချုပ်များကိုရောင်းချခဲ့ရာတွင် အဓိကနိုးဆော်သူအဖြစ်ပါဝင်ခဲ့ရာ ထိုအချိန်၌ သူမအပေါ်လူထု၏ ယုံကြည်ကိုးစားမှုများပြားခဲ့သည်။

သူမသည် ၂၀၂၃ ခုနှစ်၊ မတ်လ ၇ ရက်က ကယ်လီဖိုးနီးယားပြည်နယ်၏မြို့တော် Sacramento မြို့၌ Rangoon Grocery Mart အမည်ပေးထားသည့် ကိုယ်ပိုင်ဆိုင်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ရာ ဝေဖန်မှုပေါင်းများစွာကိုခံခဲ့ရသော်လည်း သူမ၏များပြားလှသောပရိသတ်ထောက်ခံမှုအားဖြင့် ပုံမှန်အတိုင်းရပ်တည်နိုင်ခဲ့သည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ကယ်လီဖိုးနီးယားပြည်နယ်၌ သူမအမည်ပေါက် ဒေါ်လာ ၁.၂ သန်းတန် ကိုယ်ပိုင်အိမ်ကို ထပ်မံဝယ်ယူသည့်အပေါ် အချို့လူထုများဘက်ကသံသယများရှိလာခဲ့ပြီး ဝေဖန်မှုများလည်းကြုံနေရသည်။

ယင်းအတွက်ကြောင့် အဆိုပါ Motel Project တစ်ခုလုံးကို ပိုင်ရှင်ကိုပီကျယ်က ပန်ဆယ်လိုထံအလုံးစုံဝကွက်အပ်နှံလိုက်ပြီးနောက် ယင်းကမ်းပိန်းကို သူမကိုယ်တိုင် Project Ambassador အဖြစ်ဦးဆောင်မည့်အပေါ် "ပန်ဆယ်လို ကို ဘာလို့ Project Ambassador ရွေးတာလဲ" ဟု မေးမြန်းမှုများလည်း ရှိခဲ့ရာ "mutual trust နဲ့ mutual respect ရှိလို့ပေါ့ဗျာ my property.. my choice ပေါ့။
ကျန်တဲ့ကိစ္စကတော့ ပိုင်လို့လုပ်တာပေါ့ဗျာ... ဒီကာလမှာ စကစနားရွက်ကို ပြည်သူ့အားနဲ့ တံတွေးဝိုင်းစွတ်ကြတာပေါ့..." ဟူ၍ ကိုပီကျယ်ဘက်က ပြန်ဖြေခဲ့သည်။

မိုတယ်ပိုင်ရှင်ဟုဆိုသော ကိုပီကျယ်သည် အာဏာသိမ်းချိန်တစ်လျှောက်ဆန္ဒပြပွဲများ၌ ဦးဆောင်ပါဝင်ခဲ့ရာ ၂၀၂၁၊ ဧပြီတွင် စစ်ကောင်စီ၏ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ - ၅၀၅ ဖြင့်တရားစွဲခံရကာ လေးကေ့ကော်ဘက်သို့ မိသားစုလိုက် တိမ်းရှောင်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် ထောက်ပို့လုပ်ငန်းများဆောင်ရွက်ခဲ့ရင်း မဲဆောက်ဘက်ပို့ကူးကာ ၂၀၂၃ ခုနှစ်၊ မတ်လ၌ အမေရိကန်နိုင်ငံသို့ ရောက်ခဲ့သည်ဟု Ride Behind Kalaw ပေ့ချ်၌ သူကိုယ်တိုင် ဖော်ပြထားသည်။

သို့သော် ယခု၎င်းပိုင်မိုတယ်ကို တော်လှန်ရေးအတွက်အပြည့်အဝပေးအပ်လှူဒါန်းချင်သည်ဟုဆိုကာ ပန်ဆယ်လိုထံ အပ်နှံ၍ Raffle Ticket ဖြင့် မဲရောင်းချမှုမှ မဲပေါက်သူကို ပိုင်ဆိုင်မှုအပြည့်အစုံဖြင့်လွှဲပြောင်းပေးမည်ဟု ပြောဆိုမှုသည် အခြေအမြစ်မရှိ ဥပဒေမဲ့မတရားလုပ်ရပ်ဖြစ်သည်ဟု ဝေဖန်ထောက်ပြမှုရှိနေသည်။

"ပေါင်နှံထားတဲ့ပစ္စည်းကို ရောင်းချခွင့် လွှဲပြောင်းခွင့်မရှိဘူး။ မည်သူမဆိုနိုင်ငံခြားသို့ အပြီးအပိုင်ထွက်ခွာသွားသည်ဖြစ်စေ၊ ပြည်နှင်ဒဏ်ချမှတ်ခံရလျှင်ဖြစ်စေ ထိုသူပိုင်ဆိုင်သည့် မရွေ့ပြောင်းနိုင်သော ပစ္စည်းကိုလက်လွဲခွင့်မရှိဘူး" ဟု ဥပဒေကျွမ်းကျင်သူက ပြောသည်။

လက်ရှိ၌ ထိုမိုတယ်ပိုင်ရှင် ကိုပီကျယ်သည် အမေရိကား၌ နိုင်ငံသားအဖြစ်ခံယူသွားသည်ဟု သိရသည့်အတွက် ထိုမိုတယ်မှာ သူနှင့်သက်ဆိုင်ခြင်းမရှိကြောင်း အထက်ပါဥပဒေအရ သိရသည်။ 

"တော်လှန်ရေးပြီးသွားရင် အဲဒီမိုတယ်ကို ချက်ချင်းပိုင်ဆိုင်ရမယ်လို့လည်း မထင်လိုက်နဲ့။ ​စစ်တပ်ခြေဥက ပျက်စီးသွားပြီထားဦး၊ အဲဒီတရားမကြီးအမှုတို့ ကျင့်ထုံးဥပဒေတို့က ရှိနေဦးမှာ၊ အဲဒီဥပဒေနဲ့ပဲ ဆက်သွားရမှာဆို​တော့ အဲဒီမိုတယ်ကိစ္စကမလွယ်ဘူး။ ပြီးတော့ တော်လှန်ရေးကရော ဘယ်တော့ပြီးမှာလဲ မသိဘူးလေ" ဟု ထို မိုတယ်ကမ်းပိန်းပြုလုပ်မည့်အပေါ် ပြည်သူတစ်ဦးက သုံးသပ်သည်။

ပိုင်ရှင်ကိုပီကျယ် အမေရိကန်နိုင်ငံသို့မရောက်ခင်၌ ယင်း မိုတယ်မှာ မီးရှို့ခံရပြီး စစ်တပ်လော်ဘီချန်နယ်၌ ဖော်ပြခံရကာ စစ်ကောင်စီ၏ချိတ်ပိတ်မှုကိုခံခဲ့ရသည်။ ထိုသို့ ချိတ်ပိတ်ခံရသည့်အကြာင်းပြချက်ရှိပါမှ အမေရိကန်နိုင်ငံသို့အမြန်ရောက်နိုင်မည့်အထောက်အထားရရှိရန်အတွက် သူကိုယ်တိုင်သူ့သတင်းကို ပေးပို့ခြင်းဖြစ်သည်ဟု "ဇီး ကွက်ကြီး" အကောင့် ကလည်း ဖော်ပြလာသည်။

ထို့အပြင် ထိုမိုတယ်မှာ ကိုပီကျယ်တစ်ဦးတည်းအပိုင်မဟုတ်ဘဲ ကိုဝီလျံဟုဆိုသော သူတစ်ဦးက ရှယ်ယာအများဆုံးပါဝင်ထားသည်ဟုလည်း  "ဇီး ကွက်ကြီး" အကောင့်၌ ဖော်ပြထားသည်ကို တွေ့ရသည်။

"ဘဏ်ပေါင်ထားတဲ့ အမှုနဲ့ ပိုင်ရှင်ဆိုသူက ပြည်ပထွက်ခွာသွားတယ်ဆိုတဲ့အမှုနဲ့ဆိုတော့ ဥပဒေ ၂ ခုနဲ့ငြိနေတာ။စစ်တပ်ဘက်က ချိတ်ပိတ်တာမပါသေးဘူး။ သပ်သပ်နည်းတစ်ခုနဲ့ အပြတ်လှူချင်လှူလိုက် အဲဒီလို မိုတယ်အကြောင်းပြ ပိုက်ဆံရှာတာမျိုးကြီးကျ ပြည်သူလူထုကို လိမ်လည်လှည့်ဖြားတယ်လို့ ခံစားရတယ်" ဟု သက္ကမိုးညို ကလည်း ပြည်သူကို ထောက်ပြထားသည်။

PVTV တော်လှန်ရေးသတင်းဌာနကလည်း "ဒေါ်လာ ၂သန်းနီးပါးတန်ကြေးရှိတဲ့ ဟိုတယ်ကို တော်လှန်ရေးရန်ပုံငွေအတွက် " Hotel Project"  ကမ်ပိန်းပြုလုပ်မယ်" ခေါင်းစဥ်ဖြင့် မေ ၂၆ ရက်ကသတင်းဖော်ပြရာတွင် "မြန်မြန်ဆန်ဆန်ငွေဖော်ပြီးတော့ တော်လှန်ရေးကို မြန်မြန်ဆန်ဆန် ထောက်ပံ့မယ်။ ပြီးလို့ ရှိရင် လွဲပြောင်းပေးအပ်မယ့်ကိစ္စတွေလည်း မြန်မြန်ဆန်ဆန် ပေးအပ်မယ့်ပုံစံမျိုးကို ပို သဘောကျတဲ့အတွက်ကြောင့် မို့လို့ Raffle Ticketပုံစံမျိုးကိုပဲ ဆုံးဖြတ်လိုက်ကြတာပါ။ ရရှိမယ့် ပစ္စည်းကတော့  ဟိုတယ်ပါ။ Ride Behind Kalaw ပိုင်ဆိုင်တဲ့ ဟိုတယ်ကို Raffle Ticket ရောင်းချပြီးတော့ တော်လှန်ရေးအတွက် ရန်ပုံငွေ ရှာဖွေသွားမယ့်အစီအစဉ်ဖြစ်ပါတယ်" ဟု ဖော်ပြထားသည်။

အဆိုပါ ငွေမြန်မြန်ဆန်ဆန်ဖော်ချင်သည်ဆိုသည့်နေရာ၌ စဥ်းစားစရာအချက်များရှိနေသည်။

Raffle Ticket မဲတစ်စောင်ကို ဒေါ်လာ ၁၀၀ ဖြင့် အကန့်အသတ်မရှိဝယ်ယူကြမည့်ပြည်သူထဲတွင် တစ်ဦးတည်းသာလျှင် မိုတယ်ပိုင်ရှင်​ဖြစ်မည်ဆိုရာ၌ ကမ်းပိန်းကာလအတွင်း ပြည်သူများစွာပါဝင်လာကြမည်မှာ မလွဲဧကန်ဖြစ်သည်။

ထိုကာလအတွင်း ပန်ဆယ်လိုဦးဆောင်သောအဖွဲ့များသည် မဲဝယ်ယူသူများအပေါ် ယဥ်ကျေးပျူငှာစွာ ဆက်ဆံနေမည်ဖြစ်သော်လည်း ကမ်ပိန်းအဆုံးချိန်၌ တစ်ဦးတည်းပေါက်မဲရှင်ကို ၎င်းတို့စိတ်တိုင်းကျခြယ်လှယ်အုပ်စိုးခွင့်ရကြတော့မည်ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ဆိုသည်။

"မဲရောင်းနေချိန်ကာလကတော့ အများနဲ့မို့ ဖော်ဖော်ရွေရွေသွားမှာပဲ။ ဒါပေမယ့် တစ်ဦးတည်းပေါက်မဲဖြစ်သွားတဲ့အခါမှာ သူတို့ကမ်ပိန်းဘက်ကအုပ်စုလိုက်ဖြစ်သွားပြီ။ အဲဒီပေါက်မဲရှင်တစ်ယောက်ကို စိတ်ကြိုက်ချယ်လှယ်ပြီး ကျေနပ်တဲ့အတိုင်းအတာတခုနဲ့ နုတ်ပိတ်လိုက်မယ်ဆိုရင်ရော အဲဒီလိုလည်း ​မလုပ်ဘူးလို့ မဆိုနိုင်ဘူး။ ဒါလည်း စဥ်းစားရမယ့်အချက်" ဟု ဆိုသည်။

NUG ငွေတိုက်စာချုပ်များရောင်းချစဥ်အခါ၌ ပန်ဆယ်လိုသည် ပြည်သူများအပေါ် ဖော်ရွေစွာဆက်ဆံပြီး ဆော်သြခဲ့သော်လည်း သတ်မှတ်ကာလများပြီးဆုံးချိန်တွင် ပြည်သူများဘက်က မေးမြန်းဝေဖန်မှုများအပေါ်၌ "MaALoe တွေကို ဆဲမှကို ဖြစ်တော့မယ်။ NUG Bond ကို Agent ယူပြီး ရောင်းပေးဖို့ စီစဉ်တယ်ဆိုတာ တော်လှန်ရေးအတွက် လိုအပ်နေလို့ နိုင်ရာနေရာက လုပ်အားစိုက်ထုတ် ကူညီတာ။ 

"အလှူခံပြန်ပြီလားတို့၊ ဘုံးတော့မလားတို့ Leeတွေ ဝင်ပြောနေရအောင် နင်တို့က ဝယ်နိုင်တဲ့ကောင်တွေလား ဘောမတွေ။ Bond ရဲ့ Process တွေကို မသိတဲ့ စာမတတ်ပေမတတ်တွေက နင့်မေဆောင်းဘောက်မို့ ဝင်ဟောင်နေတာလား" ဟူ၍ အဆင့်အတန်းမဲ့စွာ ခွဲခြားကာရိုင်းပြစွာ ဆက်ဆံခဲ့သည့် သာဓကလည်း ရှိသည်။

လက်ရှိ၌လည်း သူမ၏ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေရသ​ဖြင့်ယခင်လိုတော်လှန်ရေးဘက်၌ထဲထဲဝင်ဝင်ပတ်သက်မှုများနည်းလာမည့်အရိပ်အယောင် ပို့စ်ကိုလည်း ယခုလိုတင်ရှိထားသည်။

"အခု ဒီပရော့ဂျက်မစခင်မှာ တင်ပြထားချင်တာကတော့ ကျွန်မရဲ့ လက်ရှိလုပ်ဆောင်နေဆဲ စီးပွါးရေးအခြေအနေပဲ ဖြစ်ပါတယ်။ ဒါကတော့ ဟိုဘက်အုပ်စုတွေ လုံးဝမသိသေး၊ မဖွနိုင်သေးတဲ့ ကျွန်မရဲ့ လတ်တလော ရပ်တည်နေမှုပါပဲ။ ကျွန်မကိုယ်တိုင် ပြည်သူထံ တင်ပြပါတယ်။ ဒီပရော့ဂျက်ကို အခွင့်ကောင်းယူပြီး ဒီပရော့ဂျက်ကငွေတွေဆိုပြီး ပြည်သူဆီ သွေးထိုးလာမှာ ကြိုသိတဲ့အတွက် ဒီပရော့ဂျက် လုံးဝမစရသေးခင်မှာကို ပြည်သူကို ကျွန်မကိုယ်တိုင်အသိပေးတင်ပြပါတယ်" ဟုတင်ရှိထားသည်။

အမေရိကားသို့ရောက်ရှိလာသည့် ၂ နှစ်အတွင်းကိုယ်ပိုင် Market ဆိုင်နှင့် ဒေါ်လာ ၂ သန်းတန်အိမ်ဝယ်ယူနိုင်အပြီး တော်လှန်ရေးဗန်းပြအလှူခံကမ်ပိန်းအရှုပ်ဇယားမှ ပါးပါးလေးရှောင်ကွင်းရန် လမ်းစရှာဖွေနေခြင်းဖြစ်သည်ဟု သူမ၏အရိပ်အကဲသိသူတစ်ဦးက ဆိုသည်။

"ဒီအမေရိကားကိုရောက်တာ ၂ နှစ်အတွင်း ဆိုင်ဖွင့်နိုင်တယ်။ ၁၀ နှစ်လောက်ရောက်ပြီး ဘာမှ မရှိသေးတဲ့သူတွေကို စောက်သုံးမကျလို့ လို့ သူကိုယ်တိုင် လိုက်လွှင့် ဆဲဖူးတယ်" ဟု အမေရိကားရောက်မြန်မာတစ်ဦးကလည်း ပြောသည်။

ထို့ပြင် Eaint Poe Ou အကောင့်၌ $110 ဖြင့်ပေးဝယ်လာသော ဒူးရင်းသီးက $200 တန်လောက်ရှိသည်ဟုဆို​သော စာသားပါသောပို့စ်ကိုတင်ခဲ့မှုကလည်းတောထဲ၌ အသက်ရင်းပြီး တလလျှင် ၂၅ ဒေါ်လာပင်မရသော တော်လှန်ရေးရဲဘော်များအပေါ် အားနာဖို့ ကောင်းလှသည်။

ယခု ကိုပီကျယ်(Ride Behind Kalaw)ဆိုသူပိုင်သည်ဟုဆိုသော ဒေါ်လာ ၂ သန်းတန် မိုတယ်ကိစ္စ၌ Project Ambassador အဖြစ် ပန်ဆယ်လို ဦးဆောင်မည့် ကမ်းပိန်းသည်လည်း မည်ကဲ့သို့အကျိုးသက်ရောက်မှုရှိလာဦးမလဲဆိုသည်မှာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမည်သာ ဖြစ်သည်။

ဆလိုင်းပီးပေါ်
Chin Breaking News

#Chin_Breaking_News #ကလောမြို့ #မိုတယ် #Project_Ambassador #ပန်ဆယ်လို #ဒေါ်လာ၂သန်းတန် #The_Key #Raffle_Ticket
#အစုရှယ်ယာ #Camping #ကိုပီကျယ် #Ride_Behind_Kalaw

Post a Comment

Previous Post Next Post