ဗုဒ္ဓဘာသာအတွက် ဝမ်းနည်းကြေကွဲစရာကောင်း ပါတယ်

ဝင်းနိမ္မိတာရုံကျောက်တိုက်ဆရာတော် ပျံလွန်တော်မူခဲ့ရတာနဲ့ ပတ်သက်ပြီး လက်ရှိ အစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စုဝန်ကြီး ဦးတင့်လွင်ကနေတဆင့် တောင်းပန်လျှောက်ထားလွှာကို ဆက်ကပ်ပေးပို့ခဲ့တယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အယူအဆ အမျိုးမျိုးကွဲလွဲကြပေမယ့် တည်ငြိမ်မှုကို မလိုလားကြသူတွေဟာ ဒီဖြစ်စဉ်ကို အကြောင်းပြုပြီး သံဃာတော်တွေကို နိုင်ငံရေး အုံကြွမှုဖြစ်စေဖို့ ဇောင်းပေးလှုပ်ရှားခဲ့ကြတာလည်း ထင်ထင်ရှားရှားတွေ့ရတယ်။
---

ဒီဖြစ်စဉ်ပြီးတော့ ရက်မကြာခင်မှာပဲ  မြင်းခြံမြို့ရဲ့ ၂ မိုင်အကွာမှာရှိတဲ့ မကျီးသမျှား ကျေးရွာက ဆရာတော် ၁ ပါးဟာ  PDF တွေရဲ့ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရသလို ဒီကနေ့မှာလည်း ငါန်းဇွန်မြို့နယ်၊ ကုလကျေးရွာက ကျောင်းထိုင်ဘုန်းကြီးကို PDF တွေက သတ်ဖြတ်ပြီး ငွေကျပ် သိန်း ၄၀၀ ယူဆောင်သွားတဲ့ဖြစ်ရပ် ဖြစ်ခဲ့တယ်။ ထူးခြားတာတစ်ခုက  မြတ်စွာဘုရားရဲ့ သားတပည့်ဖြစ်သလို သံဃာအရည်ခြုံတာခြင်း တူတာတောင် ဘယ်သူကမှ ဝမ်းနည်း တာမျိုး၊ ပူဆွေးတာမျိုး၊ မမေ့နိုင်ဖြစ်တာမျိုး ပြောတာဆိုတာမျိုး မတွေ့ရဘူး။
----
ပြောချင်တာက….နိုင်ငံကျော်တဲ့  စာတတ်ပေတတ် သံဃာတော်တွေကိုပဲ အလေးထား မျိုးမဟုတ်ဘဲ ဗုဒ္ဓဘာသာဆိုတဲ့ အသိုင်းအဝိုင်းတစ်ခုလုံးကို တပြေးညီမျိုး ဆက်ဆံပေးဖို့ လိုတာကို ထောက်ပြလိုတာပါ။ ကိုယ်နဲ့ ပတ်သက်ဆက်နွယ်တဲ့သူတွေ ပျံလွန်တော်မူ သွားတဲ့အပေါ်မှာသာ  နေရာရွေး ဝမ်းနည်းတာမျိုး မလုပ်သင့်ဖူးလို့ ယူဆမိတာပါ။
-----
တပ်မတော်ဘက်ကတော့  အဖွဲ့အစည်းဆိုတဲ့ ရပ်တည်မှုနဲ့အတူ တာဝန်ကျေကျေ တောင်းပန် လျှောက်ထားခဲ့ပြီးပေမယ့် နောက်ဆက်တွဲ ပြဿနာတွေကို ပုံဖော်တတ်တဲ့ အဖွဲ့အစည်းတွေရဲ့ သင်းခွဲတဲ့ ဒဏ်တွေကိုတော့ တပ်မတော်နဲ့ ရဟန်းသံဃာကြား၊ ဆရာ-ဒကာဆက်ဆံရေးကြားမှာ ဆက်ပြီး အကျိုးသက် ရောက်စေလိမ့်ဦးမယ်လို့ ထင်မိတယ်။
----
ဒါနဲ့ ပတ်သက်ပြီး ကံ ၃ ဆင့် ဆရာတော်ကိုပဲ လျှောက်ထားချင်မိတာပါ။ ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားနဲ့ ကားတစီးတည်း အတူခရီးသွားကြချိန်မှာ….(ဒါမှမဟုတ်) ပစ်ခတ်မှုဖြစ်စဉ် မဖြစ်ခင်မှာ ….ကားကိုရပ်ပြီး လုံခြုံရေးအဖွဲ့တွေကို သတိပေးဖို့၊ အမြန်နှုန်းလျော့ချပြီး ဆရာတော်ကားပါ ဆိုတာ သက်သေပြဖို့အတွက်… နည်းနည်းလေးလောက်တောင် ဘာလို့များ မကြိုးစားခဲ့ကြတာလဲလို့ မေးချင်နေ မိတာပါ။  တချို့အကြောင်း အရာတွေ က ဟုတ်တယ်၊ မှန်တယ်ဆိုတိုင်းလည်း အကျိုးမရှိရင် ပြောဖို့ မသင့်ဘူးဆိုတဲ့ မြတ်စွာ ဘုရားရဲ့ အဆုံးအမကို ဆရာတော် လစ်လျူရှုခဲ့တယ်လို့ပဲမြင်ပါတယ်။ ခု မြင်းခြံဖြစ်စဉ်နဲ့ ငါန်းဇွန်ဖြစ်စဉ်မှာတော့ ဆရာတော်ကြီးတွေဆီက ဘာဝမ်းနည်းပူဆွေးတာမျိုး မတွေ့ရတာက ပိုပြီး ရင်နာစရာ ကောင်းပါတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာအတွက် ပိုပြီး ဝမ်းနည်းကြေကွဲစရာကောင်း ပါတယ်။

(နရီမိုး)

Post a Comment

Previous Post Next Post