စစ်ရိပ် တဝေဝေ

❖ မနေ့က နမ္မတူနဲ့ မန္တလေး လမ်းပိုင်းဖြစ်တဲ့ မိုးတေနဲ့ သီပေါကြားက လမ်းမကြီးကို TNLA တအာင်းလက်နက်ကိုင်အဖွဲ့က ဖျက်ဆီးလိုက်တယ်ဆိုတဲ့သတင်းလေး MNP သတင်း ဌာနမှာတင်တာ တွေ့မိလိုက်တယ်။ ဒီလမ်းက နမ့်ဆန်နဲ့ နမ္မတူဒေသအတွက် အဓိက အားထားတဲ့ လမ်းလည်းဖြစ်တယ်။ ဒီမြို့နယ်ဘက်က ပြည်သူတွေဟာ မန္တလေးကို သွားချင်လာချင်ရင် လားရှိုးကို မပတ်တော့ဘဲ ဓားလွဲခုတ်ဖြတ်ချတဲ့ အတိုဆုံး လမ်းပိုင်းဖြစ်တဲ့ ဒီလမ်းကို အဓိက အားထားကြတယ်။ သာမန်အားဖြင့် ဒီလမ်းဟာ အသုံးပြုသူ နည်းပါးတယ်ဆိုပေမယ့် စစ်ရေးစစ်ရာအတွက်တော့ တကယ်အသုံးဝင်တဲ့ လမ်းဖြစ်တာလည်း တွေ့ရမှာဖြစ်တယ်။
❖ ဒီနေ့ မနက်ပိုင်းမှာပဲ လားရှိုးမြို့ ဆင်တောင်ဘက်မှာ TNLA သတင်းပေါ်တယ်လို့ ကြားမိ တယ်။ တကယ်တော့ လားရှိုးတင်မဟုတ်ပါဘူး။ ဟိုတလောက မိုးမိတ်မှာ တပ်က ပေါင် ၅၀၀ ဗုံးကြဲချတယ်ဆိုတာကလည်း မြို့ကိုဝိုင်းပိတ်လာတဲ့ အနေအထားဖြစ်လာလို့ နယ်မြေရှင်းလိုက်တဲ့သဘော။ ခုလည်း လားရှိုးပတ်ပတ်လည်မှာက တဖက်လက်နက်ကိုင် တွေ နယ်မြေကြီးစိုးနေတော့ သတင်းတွေလှုပ်ခတ်မှု ရှိတာ အထူးအဆန်းတော့မဟုတ်ပါ ဘူး။ တအာင်းက လမ်းကို ပိတ်လိုက်တဲ့ဆိုတာကလည်း တစ်ခုခုဆိုရင် စစ်ကူတွေ လွယ်လင့်တကူလိုက်လာလို့မရအောင် ကြိုကာတဲ့သဘောပဲ။ ဖြစ်နိုင်ခြင်း၊ မဖြစ်နိုင်ခြင်း ဆိုတာထက် လားရှိုးလည်း နည်းနည်း စစ်နံ့သင်းနေတယ်လို့တော့ တွေးလို့ရနိုင်တာပေါ့။ 
❖ ရခိုင်အနေအထားကလည်း အဓိက တရုတ်စီးပွားရေး ဇုန်တွေရှိတဲ့နေရာကို ရန်သူက မတိုက်နိုင်ဘူး၊ မထိပါဘူးလို့ တချို့က ယူဆထားကြတယ်။ ဒီအကျိုးစီးပွားကနေ အကျိုးအမြတ် ခွဲဝေရချင်လို့ စစ်ပြင်နေတဲ့ AA ကို ဒီလိုယူဆရင်တော့ မှားလိမ့်မယ်လို့ပဲ တွေးမိတယ်။ အကျိုးစီးပွား ကာကွယ်တာနဲ့ အကျိုးစီးပွားခွဲတမ်းရအောင် တိုက်မှာနဲ့ ခေါင်းစဉ်ကွဲပြားဖို့လိုပါတယ်။ လက်ရှိ မြို့တော်ဖြစ်တဲ့ စစ်တွေတောင် ကုန်းလမ်းပိတ် နေတဲ့ အနေအထားဖြစ်နေတာတွေ့ရမှာဖြစ်တယ်။ လက်ရှိ ကျန်နေသေးတာကလည်း ရခိုင်တောင်ပိုင်းလောက်ပဲ။ ဒီဒေသတွေက ပြည်မထဲက မကွေးတို့နဲ့လည်း ဆက်စပ်တော့ အန္တရာယ်ကြီးပါတယ်။ ရခိုင်လူမျိုးချင်းတူ ALP ပါတီကိုတောင် အခွင့်အရေးပေးရင် လုပ်ကြံသတ်ဖြတ်နေတဲ့ AA အနေနဲ့ ရခိုင်ပြည်ဟာ လူမျိုးပေါင်းစုံ ချစ်ကြည် ရင်းနှီးစွာနေထိုင်လို့ ရပါတယ် ဆိုနေတာကတော့ ယုံကြည်ချင်စရာ တစက်မှ မရှိပါဘူး။ 

❖ မကြာခင်မိုးတွင်းရောက်တော့မှာမို့ အကြမ်းဖက်လက်နက်ကိုင်တွေဖျက်ဆီးခဲ့တဲ့ တံတားတွေက အချိန်မီပြန် ဆောက်ဖို့မဖြစ်နိုင်လောက်တော့ဘူး။ ကွင်းလမ်း၊ ပတ်လမ်းတွေဆိုတာကလည်း မိုးအရမ်းကြီး ရင် တပတ်လောက်တော့ သွားလို့လာလို့ ရမယ် မထင်။ စစ်ရိပ်တွေသန်း၊ စစ်ဘောင်တွေ ကျယ်နေတဲ့ ဒီနိုင်ငံမှာ နိုင်ငံရေးလမ်းကြောင်းအရ ဖြေရှင်းနိုင်တဲ့ လမ်းတွေ အမြန်ဆုံးရှာတွေ့ပါစေလို့ပဲ ဆုတောင်း ပါတယ်။

(နရီမိုး)

Post a Comment

Previous Post Next Post