အနာဂတ်တိုင်းပြည်အရေး တွေးတွေးဆဆ ကြည့်ရာဝယ်


❖  ကမ္ဘာပေါ်က နိုင်ငံအသီးသီးမှာ စနစ်ပြောင်းလဲလိုမှုကြောင့်ဖြစ်ခဲ့ကြရတဲ့ စစ်ပွဲတွေ၊ အယူဝါဒ တွန်းလှန်ခဲ့ကြရတဲ့ဖြစ်ရပ်တွေ၊ အရင်းရှင်နဲ့ ဘူဇွာတွေကို တိုက်ထုတ် ခဲ့ကြရတဲ့  ကျောမွဲလူတန်းစားတွေရဲ့ တန်းတူညီမျှမှု ပြဿနာတွေနဲ့ နယ်ချဲ့ ကိုလိုနီကို တိုက်ထုတ်ခဲ့ကြရတဲ့ ကျွန်နိုင်ငံလွတ်မြောက်ရေးစစ်ပွဲတွေက နိုင်ငံအသီးသီးရဲ့ သမိုင်းမှာရှိကြတယ်။

❖  မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ  အရင်ခေတ်တွေတုန်းက အယူဝါဒရေးရာ၊ တိုင်းရင်းသားရေးရာနဲ့ ဘာသာရေးကို အခြေခံတဲ့ စစ်ပွဲတွေကို အရင်းတည် ဖြစ်ခဲ့ ကြပေမယ့် လက်ရှိအချိန်မှာတော့ ပုံစံတမျိုးဘက်ကို  ပြောင်းသွားခဲ့ပြီလို့ ဆိုလို့ရတဲ့ အခြေအနေလည်း ဖြစ်နေတာ တွေ့နေရပြီဖြစ်ပါတယ်။

❖  လက်ရှိ EAO တိုင်းဟာ ဖက်ဒရယ်ဆိုတဲ့ အခြေခံသဘောတရားအပေါ်မှာ လိုသလို အဓိပ္ပာယ်ဆွဲယူပုံဖော်နေတာကလည်း  ထည့်သွင်းစဉ်းစားရမယ့် အချက်ဖြစ်ပါ တယ်။ ပိုဆိုးတာကတော့ Holding Together  ပုံစံထက် Comming Together ပုံစံ ဖမ်းနေသလို တန်းတူညီမျှမှုအရ လက်နက်ကိုင်ရပါတယ်ဆိုတဲ့ EAO တွေကိုယ်တိုင် က လူမျိုးတစ်မျိုးစီနဲ့ ကိုယ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့တွေ ကိုယ်စီတည်ထောင် ထားကြပြီး ကွန်ဖက်ထရိတ်ပုံစံ လုပ်နေတာဟာ အနာဂတ် ပြည်ထောင်စု အတွက် ရင်လေးစရာကိစ္စဖြစ်ပါတယ်။

❖  ပိုဆိုးတာက လူမျိုးတူ လက်နက်ကိုင်အချင်းချင်း EAO တွေကိုယ်တိုင်  အယူဝါဒ မတူသလို အာဏာခွဲဝေမှုမှာ တောင် Share မလုပ်ချင်တဲ့သူတွေက တန်းတူညီမျှမှု တွေ လိုချင်တာ အံ့အားသင့်စရာပါ။ ရှမ်းမှာ SSPP နဲ့ RC ၊ ရခိုင်မှာ ALP နဲ့ ULA ၊ စစ်အင်အားကြီးလာလို့ နယ်မြေသတ်မှတ်ချက်ကို ဥပမဲ့ လုပ်နေတဲ့ TNLA ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဆင့်ကနေ ပြည်နယ်ထပ်တိုးလိုချင်တဲ့ “ဝ”၊ လူ နှစ်ယောက်ရှိရင် (၃)ဖွဲ့ ကွဲတတ်တဲ့ CNF ၊ စနစ်တော်လှန်ရေးကနေ လက်နက်ကိုင်ခဲ့တဲ့ ABSDF။ ဆိုတော့… အကုန်လုံးက ဖက်ဒရယ်ဆိုတဲ့ အသံထက် ဖက်ဒရယ်အကြောင်းပြုပြီး နယ်မြေသိမ်းပိုက်လိုမှု၊ စီးပွားရေးအရ အကျိုးအမြတ် ခွဲဝေရယူလိုမှုတွေကသာ ခပ်များများ ဖြစ်နေတာတွေ့ရတယ်။

❖  တကယ်တော့ တန်းတူညီမျှမှု ဆိုတဲ့နေရာမှာလည်း မြန်မာနိုင်ငံရဲ့ ရှေးယခင် ဖွဲ့စည်းမှု ပုံစံမှာ ကိုက ဗြိတိသျှဘုရင်မင်းမြတ်အုပ်ချုပ်ခဲ့သော နယ်မြေ+ ကရင်နီ ဆိုတဲ့ ဖွဲ့စည်းမှုသာ ရှိခဲ့တာပါ။ အခွင့်အရေးရလိုရင်တောင် ကရင်နီတွေကသာ ပြောဖို့လိုတာပါ။ လက်ရှိ ဝမ်ပေါင်နိုင်ငံတွေ၊ ရခိုင်နိုင်ငံတွေ၊ “ဝ”ပြည်နယ် တွေဟာ ပြည်နယ်ဆိုတဲ့ အဆင့်သတ်မှတ်ချက်တောင် ရှိမနေခဲ့ပါဘူး။ တကယ်လို့ ပင်လုံစာချုပ်မဖြစ်လာခဲ့တောင် တောင်တန်းဒေသဖြစ်တဲ့ ကချင်၊ ချင်းနဲ့ ရှမ်းဟာ  ၁၉၃၅ မြန်မာနိုင်ငံစီမံအုပ်ချုပ်ပုံ အက်ဥပဒေအရ မြန်မာနိုင်ငံရဲ့ နယ်မြေပိုင်ဆိုင်မှု နယ်နိမိတ်ထဲ အကျုံးဝင်ပြီးသား ဖြစ်ပါတယ်။ သီးခြားလွတ်မြောက်နေတဲ့ ဒေသတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေတဲ့ စီရင်စုနယ်မြေတွေ ဟုတ်မနေပါဘူး။ ကိုယ်လာခဲ့တဲ့ သမိုင်းကြောင်းကို သိဖို့လိုပါတယ်။ ဒါကို လစ်လျူရှုပြီး ဗမာပြည်နယ် ဖွဲ့ဖို့ တန်းလာညှိတာကတော့ အတော်လွန်တယ်လို့ပဲ ဆိုရမယ်။

❖  တပ်မတော်အနေနဲ့ အလျော့ပေးဖို့ မလိုအပ်ပါဘူး။ ပြည်ထောင်စုအနေနဲ့လည်း မာမာထန်ထန်ပဲ ဆွေးနွေးရပါ့မယ်။ ဖက်ဒရယ်စနစ်အရ ဗဟိုက အာဏာပိုယူလည်း ဖက်ဒရယ်မစစ်ဘူးလို့ ဆိုခွင့်မရှိပါဘူး။ (ဥပမာ အိန္ဒိယရှိပါတယ်) ပြည်နယ်ဖွဲ့စည်းပုံ ဆိုတာကလည်း  လိုအပ်ချက်ရှိမှသာ ပေးကြတာပါ။ မဖြစ်မနေ ပေးရတဲ့ ယဉ်ကျေးမှု လည်း မရှိပါဘူး။ မြန်မာမှာကတော့ “မူ” အားဖြင့်တောင် သဘောတူ ထားပြီးသားဖြစ်ပါတယ်။ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းအရ စစ်ဘုရင်ဝါဒပုံစံ ကျင့်သုံးလိုတဲ့ EAO တွေများပြားသလို ကွန်ဖက်ထရိတ်ဘက် ကို သွားလိုသူတွေလည်းရှိနေလို့  တပ်မတော်ကသာ အင်အားချိနဲ့ခဲ့ရင် ပြည်ထောင်စု ဟာ လွယ်လင့်တကူ ပြိုကွဲ သွားနိုင်တယ်ဆိုတာ သတိချပ်ရမှာ ဖြစ်ပါတယ်။

နရီမိုး

Post a Comment

Previous Post Next Post