လားရှိုး-မူဆယ်သို့သွားသည့် မိုင်းလီလမ်း၌ ကားများ ရာနှင့်ချီ ပိတ်မိ


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး-မူဆယ်သွားသည့်ကွင်းရှောင်လမ်း၊ မိုင်းလီကျေးရွာအနီး၊ မိုင်းလီလမ်း၌ ယနေ့(ဇွန် ၁၆ ရက်) နံနက်ပိုင်းတွင် ကားများရာနှင့်ချီပိတ်မိနေကြောင်း မူဆယ်မြို့ရှိ ယာဉ်မောင်းများထံမှသိရသည်။

အဆိုပါ မိုင်းလီလမ်းမှာမြေသားလမ်းဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းထားခြင်းကြောင့် ရွှံ့နွံများဖြင့် ကားများမောင်းနှင်မရဘဲ ဇွန်လ ၁၀ ရက်မှ ယနေ့နံနက်ပိုင်းအထိ လမ်းပိတ်ဆို့မှုဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း မူဆယ်မြို့မှဒေသခံယာဉ်မောင်းတစ်ဦးကပြောသည်။

"မိုးက အခုချိန်ထိရွာလိုက်၊ တိတ်လိုက်နဲ့ ကားတွေလည်းမဖြစ်မနေသွားနေရတော့ ဗွက်ကိုနယ်ပေးသလိုဖြစ်ပြီး လမ်းတွေချော်ကုန်တာ။ လမ်းကအရင်ကတည်းကကြမ်းရတဲ့အထဲ မိုးရွာလိုက်တော့ ခရီးသွားလာသူတွေဒုက္ခရောက်ကြတယ်။ အခုလည်း ကားတွေရာနဲ့ချီရှိနိုင်တယ်။ တန်းစီပြီး သွားနေရတာ။ ဒီကြားထဲ သီပေါ-နမ္မတူလမ်းမှာလည်း မြောင်းကြီးတူးထားလို့ ဘယ်ကားမှသွားမရဘဲ ပိတ်နေတယ်ကြားတယ်" ဟု ၎င်းကပြောသည်။

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးမှာ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဖြတ်သန်းသွားလာခွင့်ပိတ်ထားသည့်အတွက် မြို့ရှောင်လမ်းများမှ သွားလာနေကြရကြောင်း ဒေသခံများထံမှသိရသည်။

သတင်း - ပိုင်လေး/စံတော်ချိန်ဒစ်ဂျစ်တယ်

Post a Comment

Previous Post Next Post