စစ်ရေးအရ နယ်မြေသိမ်းပိုက်မှုဟာ Legitmacy မဖြစ်ပါ

ဒီစစ်ပွဲက သာမန်မဟုတ်တော့ပါဘူး။ တပ်စခန်းစွန့်ခွာတဲ့အခါ လက်နက်/ခဲယမ်းတွေ ရာ၊ ထောင်ချီ ကျန်ခဲ့တယ်။ ထောက်ပို့ကားတွေ အစီးပေါင်းများစွာ ပျက်စီးတယ်။ ရန်သူ့လက်အောက်မှာ ပျက်စီးနေတဲ့ ဟောက်ဝပ်ဇာ တွေ တွေ့ရသလို သုံးလို့ရနိုင်သေးတဲ့ လက်နက်ကြီးတွေလည်း မြင်ရတယ်။


တနေ့က မတ္တရာမှာ ရှမ်းမြောက်မှာ ကျန်ခဲ့တဲ့ လက်နက်(ရာခိုင်နှုန်းအားဖြင့် ဖြစ်ဖို့များတဲ့) တွေကို အညာ PDF တွေဆီ ပို့ပေးတပ်ဆင်ထားတာ တွေ့ရတယ်။ လက်နက်ခဲယမ်းဆိုတာ ပြုပြင်ထိမ်းသိမ်းဖို့ လိုအက်တာမို့ သိပ်စိုးရိမ်မှုတော့မရှိဘူး။ တခါတလေ ကိုယ်တွေတောင် ၂ လက်တလက် ပေါင်းလိုက်ရတာမျိုး ဖြစ်ဖူးတယ်။ ကိုယ်တွေ အဓိက စိုးရိမ်တယ်ဆိုတာက ဒီလက်နက်တွေ ပြန့်ကျဲနေမှုဟာ နောင်မှာ ဘယ်လိုများ ရှင်းလင်းရေး လုပ်နိုင်ပါ့မလဲ ဆိုတဲ့အချက်ပဲ။


လက်ရှိအချိန်အထိတော့ တပ်ဟာ ခံစစ်အသွင်ပဲ။ ဘယ်ချိန်မှာမှ တိုက်စစ်ဖွင့်နိုင်မလဲတော့မသိဘူး။ သေချာတာကတော့ တိုက်စစ်ဟာ ခံစစ်ရဲ့ ၃ ဆပဲ။ ဒီအခြေအနေ ဖြစ်လာဖို့ပဲ စိတ်ရှည်ရှည်နဲ့ စောင့်ရဖို့ရှိမယ်လို့ တွေးမိတယ်။ ခက်တာက ၂၀၀၅ လောက်ကိုင်လိုမျိုး ခံစစ်ကုန်း တခုတည်းကိုပဲ ဦးတည် တိုက်ရတာမျိုး မဟုတ်တော့ဘူး။ မြို့ပြအုပ်ချုပ်ရေးအထိ စိမ့်ဝင်သိမ်းပိုက်ထားတဲ့ နယ်မြေတွေကိုပါ တခါတည်း ရှင်းလင်းရေးလုပ်ရတော့မှာ။


စစ်ရေးဟာ စီးပွားရေးနဲ့ ဆက်စပ်တယ်။ စစ်တိုက်နေပေမယ့် စီးပွားရေး မပြေလည်ရင်လည်း ဒုက္ခ တွေ့နိုင်တယ်။ ရန်သူတွေက မြို့တော့သိမ်းထားနိုင်ပါရဲ့။ မြို့ကို အုပ်ချုပ်မှု ယန္တရား မလည်ပတ်နိုင်သေးရင် မြို့ပျက်တာပဲ အဖက်တင်လိမ့်မယ်။ စစ်ရှောင်တွေ ပိုပြီးများလာလိမ့်မယ်။ ခု ဖြစ်သွားတဲ့ ကျောက်မဲ စစ်ပွဲကြောင့် လားရှိုးဘက်မှာ ကုန်ဈေးနှုန်းတွေ ထပ်ပြီး မြင့်လာလိမ့်မယ်။ တဖြည်းဖြည်း ရန်သူကပါကြပ်တည်းလာရင် ဖြတ်သန်းခွင့်ပေးသလိုလိုနဲ့ ဆက်ကြေးပါ ဆတိုးကောက်လိမ့်မယ်။ ဒါ သူတို့ လိုချင်တဲ့ ဖက်ဒရယ်အခင်းအကျင်းပဲ။ ပြည်သူကတော့ နာပြီးရင်နာပေါ့။


အညာမှာ ပြောနေကြတဲ့ စကားတခွန်းရှိတယ်။ တဖက်ဖက်က အနိုင်တိုက်လိုက်ပါတော့တဲ့။ မဟုတ်ရင် ပြန်စရာလည်း အိမ်မရှိ၊ ဟိုပြေး ဒီပြေး ဘဝကို ရင်နာလာကြတဲ့ သဘော ရှိနေတာ တွေ့ရတယ်။ တကယ်တော့ စစ်ရေးအရ နယ်မြေသိမ်းပိုက်မှုဟာ Legitmacy မဖြစ်ပါဘူး။ နိုင်ငံရေးစကားပြောမှကို တရားဝင်ဖြစ်မှာပါ။ ဒါပေမယ့် နောင်တချိန် နိုင်ငံရေးစကားပြောတဲ့အခါ သိမ်းပိုက်ထားတဲ့နယ်မြေတွေကို ထည့်သွင်းတောင်းဆိုချင်လို့ကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ တွေ့ရတယ်။

စစ်ပွဲဟာ  ခုထက်ပိုပြီး ရှည်ကြာသွားနိုင်ပါတယ်။ ကိုယ်ခံအား ကောင်းမှ ရပါ့မယ်။ ဒီပလိုမက်တစ် အရရော စစ်ရေးအရပါ အတူ ယှဉ်တွဲ သွားနိုင်ဖို့ လိုအပ်ပါတယ်။


(နရီမိုး)

Post a Comment

Previous Post Next Post