ခေတ်စားလာသော Online လိမ်လည်မှုများ


အွန်လိုင်းလိမ်လည်မှုဆိုသည်မှာ အင်တာနက်အွန်လိုင်း ဆက်သွယ်မှုကွန်ရက်ကိုအသုံးချ၍ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများထံမှ ငွေကြေး သို့မဟုတ် အချက်အလက်များ လိမ်လည်လှည့်ဖြား ရယူခြင်းပင်ဖြစ်ပါသည်။ အင်တာနက်အွန်လိုင်း အသုံးပြုကျူးလွန်မှုတွင် သိသာထင်ရှားသော မှုခင်းအမျိုးအစားများမှာ လောင်းကစားမှု၊ လိမ်လည်မှုနှင့် ဆိုက်ဘာမှုခင်းများ ဖြစ်ပါသည်။ ယင်းမှုခင်းများအနက် မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရပြီး နိုင်ငံသားများ၏ ပိုင်ဆိုင်မှု ငွေကြေးနှင့် လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေသောမှုခင်းမှာ အွန်လိုင်းလိမ်လည်မှုပင် ဖြစ်ပါသည်။

နည်းပညာများ လျင်မြန်စွာ  ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ကမ္ဘာ့လူသားများအတွင်း ရုပ်ဝတ္ထုများအပေါ် မှီခိုအားထားမှုများလည်း တစ်နေ့တခြား တိုးတက်လာပါသည်။ ၂၀၁၉ ခုနှစ်တွင် စတင် ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပျံ့နှံ့ခဲ့ပြီး လူသား အားလုံးအပေါ် သက်ရောက်မှု ကြီးစွာဖြစ်ပေါ်လာခဲ့ပါသည်။ နိုင်ငံအလိုက်၊ ဒေသအလိုက် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ပြီးသွားလာမှု ကန့်သတ်ထိန်းချုပ်ခြင်းများကို ဆောင်ရွက်လာခဲ့ရပါသည်။ ကျောင်းများ၊ အလုပ်ရုံများနှင့် စီးပွား ရေးလုပ်ငန်းများ ကာလကြာရှည်ရပ်နားထားရ သဖြင့် နိုင်ငံအလိုက် စီးပွားရေးအပေါ်များစွာထိခိုက် စေခဲ့ပါသည်။

ထိုအခြေအနေများကို ကျော်လွှားနိုင်ရန်အတွက် အွန်လိုင်းအသုံးပြုမှုများသည် ကဏ္ဍစုံတွင် ကျယ်ပြန့်လာခဲ့ပါသည်။ ကျောင်းများ၊ အလုပ်များ ရပ်နားထားရသဖြင့် ဆိုရှယ်မီဒီယာအသုံးပြုသူနှင့် သုံးစွဲမှုများ မြင့်တက်လာခဲ့ပါသည်။ လုပ်ငန်းများကို ကာလကြာရှည်စွာ ရပ်နားထားရန် မဖြစ်နိုင်သည့်အတွက် ကျောင်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများတွင် အွန်လိုင်းအခြေပြု လုပ်ကိုင်သည့်ပုံစံသို့ ပြောင်းလဲကျင့်သုံးလာကြပါသည်။ အွန်လိုင်းမှ စာသင်ကြားခြင်း၊ အိမ်မှအလုပ်လုပ်ခြင်း (Work From Home)၊ အွန်လိုင်းဝန်ဆောင် မှုပေးခြင်းတို့ကို ပြည်သူများအတွင်း ကျယ်ပြန့်စွာ အသုံးပြုလာကြပါသည်။ ဆိုရှယ်မီဒီယာများ၏ ကဏ္ဍစုံအသုံးချနိုင်မှုကလည်း အွန်လိုင်းအသုံးပြုမှုကို မြင့်တက်စေခဲ့ပါသည်။ နယ်စည်းမခြား ကျယ်ကျယ်ပြန့်ပြန် ဆက်သွယ်နိုင်မှုနှင့် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ခြင်းကလည်း အခြေခံစားသောက်ကုန်များ ပို့ဆောင်ခြင်းမှ Online Banking / Online Payment နှင့် Online Trading အထိ အသုံးပြုလာကြပါသည်။

ဒုစရိုက်သမားများအတွက် နယ်မြေသစ်တစ်ခု ဖြစ်လာ

ထိုသို့ နည်းပညာတွင်ကျယ်လာမှုနှင့် ပြည်သူလူထုအတွင်း အွန်လိုင်းအသုံးပြုမှုများ များပြားလာ ခြင်းက ဒုစရိုက်သမားများအတွက် ကျင်လည်ကျက်စားရာ နယ်မြေသစ်တစ်ခု ဖြစ်လာစေခဲ့ပါသည်။ နိုင်ငံအလိုက်အွန်လိုင်းပေါ်တွင် ပြစ်မှုကျူးလွန်မှုများလည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်လာခဲ့ပါသည်။ နိုင်ငံအလိုက် ကျူးလွန်သည့်ပုံစံများ ကွဲပြားနေသော်လည်း အများစုမှာ အွန်လိုင်းလိမ်လည်မှုများ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း အင်တာနက်အွန်လိုင်း ဆက်သွယ်ရေးပေါ် အသုံးချကာ လိမ်လည်သည့် မှုခင်းများ တိုးတက်လာခဲ့ပါသည်။ အွန်လိုင်းလိမ်လည်မှုမှ ရရှိလာသည့် ငွေကြေးများအား အွန်လိုင်း ဘဏ်လုပ်ငန်းစနစ်အပေါ် တလွဲအသုံးပြု၍ ငွေကြေးခဝါချနေခြင်းသည် နိုင်ငံတော်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေပါသည်။

နှစ်စဉ် မြန်မာကျပ်ငွေ ငါးဘီလီယံနှင့်အထက် ဆုံးရှုံးနစ်နာ

အွန်လိုင်းလိမ်လည်မှုနှင့် ပတ်သက်၍ မှုခင်းရဲတပ်ဖွဲ့ထံ နယ်မြေရဲစခန်းများမှ ထင်မြင်ချက် တောင်းခံမှုအရ ၂၀၁၉ ခုနှစ်တွင် ၁၁၆ မှု၊ ၂၀၂၀ ပြည့်နှစ်တွင် ၁၄၂ မှု၊ ၂၀၂၁ ခုနှစ်တွင် ၇၈ မှု၊ ၂၀၂၂ ခုနှစ်တွင် ၁၂၉ မှုနှင့် ၂၀၂၃ ခုနှစ်တွင် ၁၇၆ မှု စုစုပေါင်း ၆၄၃ မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။ အွန်လိုင်းလိမ်လည်မှုများ ပြည်သူလူထုအတွင်း အမှန်တကယ်ဖြစ်ပွားနေမှုများမှာ ယခုထက် ပိုမိုများပြားနေမည် ဖြစ်သော်လည်း လိမ်လည်ခံရသည့် ငွေပမာဏနည်းပါးခြင်း၊ ရဲစခန်းနှင့် တရားရုံးများအတွက် အချိန်မပေးခြင်း၊ ဥပဒေအရ နစ်နာသူမှ တရားလိုပြုလုပ်ရန် လိုအပ်ခြင်း၊ အလိမ်ခံရမှုအပေါ် ရှက်ရွံ့သဖြင့် မတိုင်ကြားလိုခြင်းတို့ကြောင့် အမှုဖွင့်တိုင်ကြားခြင်းမရှိသည့် မှုခင်းများစွာရှိနေနိုင်ပါ သည်။ မြန်မာနိုင်ငံ၌ အွန်လိုင်းလိမ်လည်မှုများကြောင့် ပြည်သူလူထုအတွင်း နှစ်စဉ် မြန်မာကျပ်ငွေ ငါးဘီလီယံနှင့်အထက် ဆုံးရှုံးနစ်နာနေကြောင်း ခန့်မှန်းထားပါသည်။

အွန်လိုင်းလိမ်လည်မှုများအနက် အရိုးရှင်းဆုံးသော လိမ်လည်နည်းမှာ အွန်လိုင်းပေါ်ကြော်ငြာထားသောပစ္စည်းများအား ငွေပေးချေပြီးနောက် ပစ္စည်းပေးပို့သူမှတစ်ဆင့် ဝယ်ယူသူထံ ရောက်ရှိလာချိန်တွင် ကုန်အမှတ်တံဆိပ် မှားယွင်းခြင်း၊ အရည်အသွေး၊ အရွယ်အစား၊ အရောင်နှင့် ပုံသဏ္ဌာန်ကွဲလွဲနေခြင်းတို့သည် အခြေခံအကျဆုံးသောအွန်လိုင်း လိမ်လည်နည်းများ ဖြစ်ကြပါသည်။ လိမ်လည်မှုများသည် အသေးစားလိမ်လည်မှုများဖြစ်သဖြင့် သက်ဆိုင်ရာသို့ တိုင်ကြားခြင်းမရှိသည်ကို နေ့စဉ် နှင့်အမျှ ကြုံတွေ့နေရပါသည်။
Crd#ကိုကိုချွန် (FIU မော်လမြိုင်)

Post a Comment

Previous Post Next Post