မောင်တောမြို့ရှိ WFP ၏ သိုလှောင်ရုံ ဖောက်ထွင်းလုယက်မီးရှို့ခံရ


ရခိုင်ပြည်နယ် မြောက်ပိုင်း၊ မောင်တောမြို့ရှိ ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ WFP ၏ သိုလှောင်ရုံ ဖောက်ထွင်းလုယက်ခြင်းခံရကာ မီးရှို့ခြင်းခံလိုက်ရကြောင်း United Nations Myanmar ကထုတ်ပြန်လာသည်။

ဇွန်လ (၂၂) စနေေနေ့တွင် ဖြစ်ပွားခြင်းဖြစ်ကာ အဆိုပါလုပ်ရပ်အပေါ်လည်း ပြင်းထန်စွာ ရှုတ်ချကြောင်း United Nations Myanmar က ထုတ်ပြန်ချက်တွင် ပြောသည်။

အဆိုပါ လုပ်ရပ်သည် WFP ၏ ကူညီထောက်ပံ့ရေး ကြိုးပမ်းမှုများကို ထိခိုက်ပျက်ယွင်းစေသည့်အတွက် ချက်ချင်းရပ်တန့်ပေးရန်လည်းထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုးမြင့်လာသည့် ပဋိပက္ခများကြောင့် WFP ဝန်ထမ်းများသည် မေလနှောင်းပိုင်းမှစ၍ မောင်တောသိုလှောင်ရုံထံသို့ သွားရောက်နိုင်ခြင်း မရှိသေးကြောင်း၊ သိုလှောင်ရုံတွင် လူဦးရေ ၆၄,၀၀၀ အတွက် တစ်လစာဖူလုံစေမည့် အရေးပေါ်ကယ်ဆယ်ရေးရိက္ခာများ စုစုပေါင်း ၁,၁၇၅ မက်ထရစ်တန်ကို သိုလှောင်ထားခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ အဖြစ်အပျက်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုလည်း WFP က ဆက်လက်စုဆောင်းလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

Post a Comment

Previous Post Next Post