လောက်ကိုင်မှာ ဆန်၊ ဆီ၊ ဓာတ်ဆီတွေ အလုအယက်ဝယ်ယူနေပြီး လျှပ်စစ်မီးလည်း တစ်မြို့လုံးနီးပါး ဖြတ်တောက်ထား


ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ ဆန်၊ ဆီနဲ့ ဓာတ်ဆီအပါအဝင် အလုအယက် ဝယ်ယူနေကြပြီး တစ်မြို့လုံးနီးပါးလည်း လျှပ်စစ်မီးတွေ ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကိုးကန့်တပ် - MNDAA နဲ့ စစ်တပ်တို့ကြား မနေ့က ဇွန်လ ၃ ရက်နေ့ကစလို့ လားရှိုးမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့ပြီးနောက် အခုလို အလုအယက် ဝယ်ယူလာကြတာဖြစ်တယ်လို့ ဒေသခံတစ်ဦး ကပြောပါတယ်။

"လောက်ကိုင်မှာ ကြီးကြီးမားမား ထူးမထူးတော့ မသိဘူး။ မနေ့ကစပြီး ဆန်၊ ဆီ နဲ့ ဓာတ်ဆီတွေ အပြေးအလွှား ဝယ်ထားကြတယ်။ တချို့ပိုက်ဆံတတ်နိုင်သူ တွေက "ဝ" ဘက်ကို ခဏ စစ်ရှောင်သွားကြပြီ"

မနေ့ ဇူလိုင်လ ၃ ရက် ညနေကစပြီး တစ်မြို့လုံးအတိုင်းအတာနဲ့ လျှပ်စစ်မီးတွေလည်း ဖြတ်တောက်ထားတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

"စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကို ကြိုတင်ပြင်ဆင်ပြီး ရှောင်ကြတာပါ။ မီးကတော့ မနေ့က ပျက်တာဟုတ်တယ်။ စာသင်ကျောင်း ဆေးရုံတွေလည်း ယာယီပိတ်ထားကြပါတယ်"

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စတင်ချိန်ကစပြီး ရှမ်းမြောက်က မြို့တွေတော်တော်များများမှာ လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်သွားခဲဲ့ပါတယ်။

ကိုးကန့်ထိန်းချုပ်ထားတဲ့ ကွမ်းလုံ၊ ချင်းရွေဟော်နဲ့ လောက်ကိုင်မြို့ဘက်မှာ ဇူလိုင်ပထမပတ်ထဲကစပြီး စာသင်ကျောင်းနဲ့ ဆေးရုံ၊ ဆေးခန်း အားလုံးကို ရက်အကန့်အသတ်မရှိ ယာယီ ပိတ်ထားဖို့ MNDAA က ညွှန်ကြားထားတယ်လို့ သိရပါတယ်။

လားရှိုးမြို့ပတ်ပတ်လည် မယ်ဟန်၊ မိုင်းတင်၊ မန်အိုင်၊ ရှန်ခိုက်၊ မန်စံရေကျ၊ နမ့်ပေါင်၊ နမ္မကျေးရွာနဲ့ သီပေါ စတဲ့ကျေးရွာဒေသတွေမှာ စစ်တပ်နဲ့ ကိုးကန့်တပ် - MNDAA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးနေတာလည်း ဖြစ်ပါတယ်။

Post a Comment

Previous Post Next Post