မတည်မြဲသော

အခုတလော ကမ္ဘာ့အရေးတွေမှာရော မြန်မာ့အရေးမှာပါ ကြည့်လိုက်ရင် နိုင်ငံရေးသမားတွေရဲ့ အကျ ကြမ်းကြမ်းကို မြင်နေရပါတယ်။ နိုင်ငံရေးဆိုတဲ့အမျိုးက တကယ်ပဲ အခန့်မသင့်ရင် 'အကျကြမ်း' ပါတယ်။ 

နိုင်ငံရေးသမားတစ်ဦး ကျရှုံးသွားတဲ့အခါ အထောက်အပံ့ခံတွေက ဝမ်းနည်းကြပြီး ရန်သူတော်များက လှောင်ရယ်ကြပါတယ်။ အနီးစပ်ဆုံး ပြောရရင် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်စ် ဂျွန်ဆင် ဖြစ်ပါတယ်။ ဘိုဂျိုကြီး ဝန်ကြီးချုပ်မဖြစ်ခင် မြန်မာနိုင်ငံကို လာလည်စဉ်အခါကလည်း ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်မှာ Kipling ရဲ့ ကဗျာကို ရွတ်သွားလို့ဂယက်ထဖူးပါတယ်။ အစဉ်အလာမပျက်တဲ့ အနောက်အုပ်စုရဲ့ စွက်ဖက်မှုကို အသာထား၊ ဘိုဂျိုက နိုင်ငံတစ်ခုရဲ့ သမိုင်းနဲ့ ဂုဏ်သိက္ခာကို မလေးစားတတ်သူတစ်ဦးမှန်း ပေါ်လွင်နေတယ်။ 
သူ့လက်ထက်မှာ ဗြိတိန်လည်း နိုင်ငံရေး အရှုပ်အထွေး၊ အကြပ်အတည်းပေါင်းများစွာ ကြုံခဲ့ရတယ်။ အခုသူပြုတ်သွားတော့... 
ဘိုဂျိုနဲ့ အကြောင်းအပေါင်းသင့်တဲ့ ဘရာဇီးသမ္မတရဲ့ ရန်သူတော်များအတွက် မျှော်လင့်ချက်ရောင်ခြည် သမ်းလာပါပြီ တဲ့။ 

ဘရာဇီးသမ္မတ ဘော်ဆိုနာရိုဆိုတာကလည်း Covid 19 ကပ်ရောဂါကာလအတွင်းမှာ ဘရာဇီးပြည်သူ သိန်းနဲ့ချီ သေဆုံးစေခဲ့တဲ့ထိ စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့တာပါ။ သို့သော်... မည်မျှပင် ညံ့ဖျင်းစေကာမူ အာဏာမြဲနေဆဲဖြစ်ပါတယ်။ 

ဒုတိယတစ်ယောက်ကတော့ ဒီနေ့ရဲ့ ဝမ်းနည်းဖွယ်ရာသတင်းဖြစ်တဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး အသတ်ခံရမှုဖြစ်ပါတယ်။ BBC ဆောင်းပါးတစ်ပုဒ်မှာဖော်ပြချက်အရ သေနတ်ကိုင်ဆောင်ခွင့်ကို ဥပဒေအရ တင်းကြပ်ထားတဲ့ ဂျပန်နိုင်ငံမှာ ဒီနေ့လိုဖြစ်စဉ်က တကယ့်ကို ရှော့ခ်ရစရာ ဖြစ်ပါသတဲ့။ အသက် (၄၁) နှစ်အရွယ်ရှိ လုပ်ကြံသူ အမျိုးသားဟာ လက်လုပ်(အိမ်တွင်းလုပ်) သေနတ်တစ်မျိုးကိုသုံးပြီး လုပ်ကြံခဲ့တယ်လို့ဆိုတယ်။ လုပ်ကြံသူမှာ ဂျိုမပါပါဘူး။ 

ဆက်စပ်စဉ်းစားရရင် ဒါကြောင့်ပဲ ဒေါ်စုကြည်ရဲ့ လုံခြုံရေးဟာ တကယ်ကို ထိပ်တန်းဦးစားပေး ဖြစ်နေတော့တာပါ။ ဒီအချိန်မှာ ဒေါ်စုကြည်သည် အိုပါပြီ။ နိုင်ငံရေးအရ အသုံးချတန်ဖိုးမရှိတော့ပါဘူး။ သို့သော် လရှီလ ကတော့ ဒေါ်စုကြည်ဟာ ‌"နွေဦးတော်လှန်ရေးရဲ့ ခေါင်းဆောင်ဖြစ်တယ်" လို့ ဆိုပါတယ်။ ဒီအချိန်မှာ တစ်ခုခုဖြစ်ရင် သေချာပေါက် အာဇာနည်ဖြစ်ပါပြီ။ 

နောက်တစ်ချက်က ဒေါ်စုကြည်ဟာ တော်လှန်ရေးသမားတွေအတွက်ရော၊ အစိုးရအတွက်ပါ ယုံလို့မရတဲ့လူ လာဖြစ်နေတယ်။ ဆိုပါစို့ - နစက က ဒေါ်စုကြည်ကို လွှတ်ပေးတော့မယောင် သတင်းတွေထွက်လာတယ်။ တော်လှန်ရေးသမားတွေဘက်ကနေ ‌အမေစု အစား နာမည်ရင်း ထုတ်ရေးလာကြတယ်။ ဒါ ဒေါ်စုကြည်ကို သူတို့ မယုံကြောင်း ပြတာပဲ။ စုရွေးလွှတ် နဲ့ လူတွေကို လမ်းပေါ်တင်ခဲ့တဲ့ တော်လှန်ရေးဟာ အခုတော့ "စားဝတ်နေရေး" ဖြစ်လာတယ်။ ဒေါ်စုကြည်နဲ့ အစိုးရ ပြေလည်သွားတာက သူတို့ကို ဖြတ်ရိုက်လိုက်သလို ဖြစ်လိမ့်မယ်။ 

တတိယတစ်ချက်က ဒေါ်စုကြည်သည် အစိုးရ (တစ်နည်း) စစ်တပ်အတွက်လည်း မယုံရတဲ့လူဖြစ်တယ်။ သူက စစ်တပ်ကို သူ့အဖေ တည်ထောင်တဲ့ စစ်တပ်လို့ တစ်ချိန်လုံးယူဆထားခဲ့တယ်။ စစ်တပ်အပေါ် အထက်စီးဆန်တယ်။ မထီလေးစားလုပ်တယ်။ ဒါက သေရာပါမယ့်အရာပဲ။ ဒီတော့ ဒေါ်စုကြည်ကို လွှတ်ပေးလိုက်ပြီး ဒေါ်စုကြည်ဘက်က ပြောလာမယ့် မှတ်ချက်စကားကို စစ်တပ်ရော အကြမ်းဖက်တွေကပါ မယုံကြဘူး။

ဒီတော့ မြန်မာ့နိုင်ငံရေးဟာ ဒေါ်စုကြည်တစ်ယောက် နိုင်ငံရေးသေတာကလွဲရင် ရှေ့မတိုးသာ နောက်မဆုတ်သာနဲ့ တစ်ယောက်အမှား တစ်ယောက် စောင့်နေကြတယ်။ Shinzo Abe နေရာမှာ ဒေါ်စုကြည်သာဖြစ်ခဲ့ရင် စစ်တပ်က အလိုလို တရားခံဖြစ်မှာမို့ ဒေါ်စုကြည်ကို အတတ်နိုင်ဆုံး ရှင်အောင်မွေးထားပေးရတာလည်း သဘာဝကျပါတယ်။ 

မြန်မာ့နိုင်ငံရေးမှာ အကြမ်းဖက်တွေရဲ့ စစ်မြှူမှုတွေ တစ်ခုပြီးတစ်ခု ကျရှုံးသွားခဲ့ရင်တောင် လောလောဆယ်အထိ Facebook ပေါ်မှာတင် သတင်းပေ့ဂ်ျ အမည်ခံပြီး လူပြိန်းကြိုက်ဖွနေကြတာတွေနဲ့ ပြည့်နေတုန်းပဲ။ လူတွေကလည်း အဲဒါတွေကို အမှန်လိုခံစားနေကြတုန်းပဲ။ အသိဉာဏ်တုနဲ့ ထိန်းချုပ်ထားတဲ့ Algorithm ကြောင့်လည်း ကိုယ် စိတ်ဝင်စားရာတွေကိုချည်းမြင်နေရတဲ့ လူတွေဟာ မှိုင်းပိုမိလာကြတော့တာပါ။ 

ဒီတော့ ကျွန်တော်ပြောချင်တာက - 

- ဘိုဂျိုဆိုတာ အတော်ညံ့ဖျင်းတဲ့ ဝန်ကြီးချုပ်ပါ။ သူ ပြုတ်သွားပါတယ်။ သူ့လိုညံ့တဲ့ သူ့ထက်ညံ့တဲ့ ဘော်ဆိုနာရိုနဲ့ ဇလန်စကီးကတော့ မပြုတ်ပါဘူး။ အကြောင်းက အနောက်အုပ်စုနဲ့ အကြောင်းအပေါင်း သင့်နေတဲ့အတွက်ပါ။ 

- အနောက်အုပ်စုက ဒီလောက် အထောက်အပံ့ကောင်းတာတောင် တက်မလာတဲ့ နုဂျီဆိုရင်တော့ ကိုယ့်အရည်အချင်းကိုယ် သိသင့်တာပေါ့။ 

- ဘယ်လိုမှ ထင်မှတ်မထားတဲ့ အနေအထားမှာ ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe လုပ်ကြံခံလိုက်ရပါတယ်။ ကျွန်တော်တို့နိုင်ငံက လေဒီကြီးသာဆိုရင် ဧရာမ နိုင်ငံရေး အရှုပ်အထွေးကြီး ပေါ်လာမှာမို့ လေဒီကြီးကို ရှင်အောင်ထားရတာပါ။ 

- အခုတော့ လေဒီကြီးကို သူ့ကိုဗန်းပြနေတဲ့ အကြမ်းဖက်တွေကတောင် မယုံတော့ဘူး။ ထို့အတူ စစ်တပ်ကလည်း (တန်ဖိုးကြီး ကတ်တစ်ခုလို ထုတ်သုံးချင်ရင်တောင်) ချိန်ဆနေပုံတော့ ရပါတယ်။ လေဒီကြီးရဲ့စကားတစ်ခွန်းက အကြမ်းဖက်အုပ်စုကို ဖြတ်ရိုက်လိုက်သလိုဖြစ်နိုင်ပါတယ်။ သို့သော်... ဒေါ်စုကြည်ကို နိုင်ငံရေးထဲပြန်သွင်းခဲ့တဲ့ ဘစိန်လို ဧရာမ သတ်ကွင်းကြီးထဲ ကားခနဲကျသွားတာလည်း ဖြစ်နိုင်တယ်။ သင်ခန်းစာက လတ်လတ်ဆတ်ဆတ်ပဲ ရှိသေးတယ်။ 

ဒါကြောင့်....

နစက အနေနဲ့လည်း နိုင်ငံရေးအပြောင်းအလဲတစ်ခုသာမက ပြည်သူတွေရဲ့ ယုံကြည်မှုကိုပါ တစ်ခါတည်း ယူချင်တယ်ဆိုရင်....

တချို့ဖဲချပ်တွေကို ဝှက်လက်စနဲ့ ဝှက်ထားလိုက်တာက ပိုကောင်းပါတယ်။ ဘစိန်ကို ကြည့်ပါ။ ကျရှုံးပြီးသားလူတွေကို ကျရှုံးလျက်ပဲ နေပါစေတော့။ နိုင်ငံရေးမှာ ဘယ်အရာမှ မမြဲဘူးလေ။ 

သန့်နေစိုး (8. July. 2022)
*
*
*

Post a Comment

Previous Post Next Post