♦၅/-(.နိုင်)..စစ်ကိုင်းတိုင်းသွား.... တောလား


အိမ်မပြန်ဖြစ်တာ  ၃/၄ လကြာပြီမို့ 
အရဲစွန့်ပြန်မိတယ်။
စစ်ကိုင်းမြို့ အထွက်ထဲက 
ကား လမ်းမပေါ်မှာ 
အသွားအလာ မရှ်ိသလောက်ရှင်းတယ် 
အရင်ကဆို
မန်းလေး မုံရွာ  လမ်းဟာ
၂၄ နာရီမဟုတ်တောင်
၁၂ နာရီ လောက်တော့
ကားတွေ ဥဒဟို ကူးနေကျလမ်းလေ။

လမ်းဘေး ဝဲယာ က
လမ်းပခုံးသားတွေ ကြည့်မိတော့
မိုင်းဒဏ်ရာ တွေ ဗလပွနဲ့ပဲ။

တချို့က အဟောင်း
တချို့ကျ အသစ်
တချို့နေရာကျ 
ယမ်း နံ့ပင် မပျယ်ချင်သေး။

မှန်တွေအကုန်ချ 
ရသမျှ ဘုရားစာ ရွတ်
နေပူပူ လေပူပူ ထဲ
အရဲစွန့်မောင်းရင်း
ဟိုးတုန်းက
သီချင်း စာသား တပိုင်းတစကို
သတိရမိသည်

"ယမ်းငွေ့ဟာ ပန်းမွေ့ရာ ဖြစ်မလာနိုင်ဘူး 
ယမ်းငွေ့ဟာ ပန်းမွေ့ရာ ဖြစ်မလာနိုင်ဘူး တဲ့"

ဆင်ဖြူရှင် တံတား ကျော်
အောင်မိုး လမ်းခွဲမှာ 
ကားခဏ ရပ်တော့
ထန်းသီးမုန့်သည်တွေ အပြေးအလွှား ရောက်လာသည်။
ခရီးသည်တွေ မသွားသလောက်နည်းလာလို့
ဈေးကွက်ပြိုင်ဆိုင်မှု ပြင်းထန်လာသည်တဲ့။
ထန်းသီးမုန့်ဗူးတွေ တဝက် ဈေးနှင့်
အတင်းထည့်ပေးရင်း
တဖက်က အသနားခံကြလေသည်။

ပျက်စီးနေသည့် ပိုင်ရှင်မဲ့ ကားတစီး
ရက်ရှည် လများ အသွားအလာနည်းပါးရ်ျ
လမ်းပေါ် ထိုးထွက်နေကြသည့်
လမ်းဘေးဝဲယာ က ကန္တာရပင်တွေကြည့်ရင်း
ခံစားရတာက PUBG ဂိမ်းကို
5D တွေ 7D တွေဖြင့် ဆော့နေရသလိုလို။

အနောက် ရေနံမှော်ကို မီးရှို့လာတဲ့
စစ်ကြောင်းက ဒီဘက် လာပေါင်းမှာတဲ့ဟေ့။

အင်တာနက်လိုင်း နတ္ထိ
ဖုန်းလိုင်း မမိတမိ ဘဝတွေမှာ
တဆင့်စကား တဆင့်နားနှင့်ပင်
သတင်းတွေ ဖြန့်ကြရသည်။

တချို့လည်း အမှန်အကန်
တချို့လည်း အကြံအဖန်
တချို့က ကောလာဟလ
တချို့က အတိအကျ။

စစ်ကြောင်း သတင်းကြောင့်
ပြေးကြလွှားကြရသည့်
အမျိုးတွေ ကြည့်ရင်း
စိတ်ထဲ မကောင်းလှ။

ထွန် ထွန် 
ပေါင်းနှုတ် နှုတ်
တောသွားဖို့ကို 
နားစွင့်နေရတာပဲ
သူတို့ Pdf နဲ့ တိုးရင်
တွေ့သမျှအကုန်ဖမ်းခေါ်တာတဲ့
သေတာ ရှင်တာတော့ ကံပေါ့တဲ့။

ကျောင်းနေဘက် သူငယ်ချင်းတချို့
ရရာလက်နက်ဆွဲ တိုက်ပွဲဝင်နေပြီး
Pdf သူငယ်ချင်း တချို့ တော့
အသက်ပါပေးသွားကြပြီတဲ့

မီးရှို့ပြီးသား ရွာကို
ထပ်ဝင်ပြီး ယာယီတဲတွေပါ 
ပြန်မီးရှို့သွားသတဲ့။
..Pdf. . အကြမ်းဖက်ကောင် တွေ လာရင်
ပြေးတာပြေးတဲ့
ဘုန်းကြီးတောင် ညှာမှာမဟုတ်တဲ့
ကြားရတာတွေတော့ စုံနေတာပဲ ။

တိုက်ပွဲဖြစ်လို့
ရှိတာ ထား ပြီး
အသက်လုပြေးရချိန်
အချင်းချင်းက ပြန်ခိုး..ကြတာတွေလည်းရှိသတဲ့
ထင်တောင် မထားရတဲ့ သူဌေးတွေ ကပါ ပါသေးသတဲ့။
ကြောက်စရာ လန့်စရာ လူ့စိတ်တွေကိုး။

သစ်မထုတ်
ဘိန်းမစိုက်
ရွှေမထွက် ကျောက်မထွက်
မှောင်ခိုမလုပ်သည့်
ဒေသမို့
ကျွန်တော်တို့ အရပ်ဟာ
ခေတ်အဆက်ဆက်ရှားပါးခဲ့သည်။
အများစုဟာ
တနှစ်စာ တောင်ယာကထွက်သည့်
၄/၅ ဆယ်သိန်းနှင့် 
စား ဝတ် နေ ရေး 
ပညာရေးကို 
လူတန်းစေ့အောင် 
ခြစ်ခြစ်ကုတ်ကုတ် အားထုတ်ကြရသည်။
ခုတော့ ပ်ိုဆိုးတော့မည် ထင်သည်။

Pdf တွေက ..လာ တား လို့တဲ့
စာသင်နေတဲ့ကလေးတွေ ပြန်လွှတ်လိုက်ပြီ။

ရရာနေရာမှာ 
ရှိတဲ့ ဆရာနဲ့
ဖြစ်သလိုဖွင့်ထားသော 
စာသင်ခန်းထဲက ကလေးတွေ
အနာဂတ်အတွက် မတွေးအား
Pdf တွေ...လာရင် ပြေးကြလွှားကြရသည်။

Pdf အကြမ်းဖက်သမား တွေက...
သူတို့...နယ်မြေကို...
စစ်ကြောင်း ထိုးပြီး ပြန်သွားရင်
အနီးအပါးက ရွာ အငြိုးတကြီးနဲ့
မီးရှို့တော့တာပဲ။
ခုတော့ ကိုယ့်ရပ် ကိုယ့်ရွာဘေး
Pdf. ..အဖွဲ့က မိုင်းလာမဆွဲဖို့ပဲ
ဂရုစိုက်နေရတယ်။

လုပ်တော့ ငါတို့က လုပ်ရတာ
သူတို့က Video ကောင်းကောင်း ရိုက်
Report ကောင်းကောင်းလုပ်တတ်တော့
ထောက်ပံ့သမျှက သူတို့ပဲ ရ
သူတို့ပဲ လက်ဝါးကြီးအုပ်သွားတယ်။
ဖြစ်သလိုဖွဲ့စည်းထားကြသည့်
အဖွဲ့ပေါင်းစုံ၏
သတင်း တွေကလည်း
ကြားရသည်။

ပြည်သူကတော့
နင်းပြားက နင်းပြားပါပဲ
စိတ်တွေလည်း ညစ်ပါတယ်
နေ့နေ့ညည စိတ်ဖြောင့်ဖြောင့်
အိပ်မရ အလုပ်လုပ်မရနဲ့
ဒီဟာကြီးက ဘယ်တော့ပြီးမှာလည်း ဆိုတော့
ကျွန်တော့မှာလည်း အဖြေမရှိ။

အင်တာနက်ရရင်တော့
မြို့ပေါ်မှာ
ဒီဟာကြီး ပြီး လို့
ပျော်ပါးနေကြပြီ ဖြစ်ကြောင်း
ပြမိကောင်း ပြမိမည်ထင်သည်။

တခါက ဂျပန်စစ်သားတစုဟာ
နိုင်ငံတနိုင်ငံက တောထဲမှာ
နှစ်အတန်ကြာထိ 
ဒုတိယကမ္ဘာစစ်ကြီး မပြီးသေးဘူးထင်ပြီး
တိုက်ခိုက်နေကြဆဲဆိုသည့်
သတင်းတပုဒ်ကို ဖတ်ဖူးသည်။

အညာက လူတွေကိုရော 
မြို့အရပ်က လူတွေက 
ဂျပန်စစ်သား တစုလိုမြင်နေပြီလား?

ခုဆို KTV Bar Club မှာ 
ဘီယာ အရက် ကို
ဘူဒါး (အသက်ကြီးအဖိုးကြီး) တွေပဲ 
သောက်ကြတော့တာ။
အများစုက K ရှူပြီး E ကိုက်နေပြီ။
ဉာဏ်သိပ်မမှီသော အသုံးအနှုန်းတွေနှင့်
မျှဝေ လာတော့ ခက်ဆစ်တွေ မေးရသေးသည်။

မြို့သားတွေ သာယာနေတာကို
အပြစ်မမြင်ပါ
လူ့ ဘဝ တိုတို လေးမှာ
ကိုယ့် ရွေးချယ်ခွင့် နှင့်ကို
ကိုယ်လုပ်ချင်တာ လုပ်ကြတာကို
အပြစ်မြင်စရာမရှိ။

ဒါဆို 
တောသားတွေ လယ်မလုပ် 
ယာမလုပ် ပညာမသင်နိုင်တာကျတော့ရောဟု
မေးလာလျှင်တော့ 
ဖားတပိုင်း ငါး တပိုင်းကိုယ့်မှာ
မဖြေတတ်တော့။

Marvel ဇာတ်ကားတွေထဲကလို
Universe မတူလို့နေမယ်လို့
ဖြေကြည့်လျှင် ကောင်းလေမလား

မန်းလေး ဘက် 
အပြန်လမ်းမှာတော့
Pdf အကြမ်းဖက်...တွေရှောင်
စစ်ဆေးရေးဂိတ်တွေ ရှောင်
မိုင်းကွင်းတွေ... ဘုရားတ ဖြတ်ပြီး
ပြန်လာရင်း
ရတနာပုံ တံတားထိပ်က
နှာပေါက် ကို ရောက်မှ
အသက် ဝ ဝ ရှူနိုင်တော့သည်။

ဒါ့ကြောင့်လည်း
နှာပေါက် ရယ်လို့ အမည်တွင် တာ
ဖြစ်လေမလား။


၅မျဉ်းစောင်း
၅ မျဉ်းစောင်း ရယ်လို့
ခုချိန်မှာ
လွတ်ရာ ကျွတ်ရာကနေ တော်လှန်ရေး 
အာသာဖြေသူတချို့
လိုင်းပေါ်ကနေ 
အားပေး နေပေမယ့်
အချိန်ကြာလာ ရင်တော့ 
CDM တွေလို အမေ့လျော့ခံဖြစ်သွားမှာပါပဲ။

ဒါပေမယ့်
ဒီကာလတွေမှာ 
၅/ သားမှန်ရင်
ရခဲ့တဲ့ ဒဏ်ရာတွေက
ရင်ဘတ်ထဲက နှလုံးသားမပြောနဲ့
လမ်း ပခုံးသား မှာတောင်.. မိုင်း ရာ..ဗရပွ ပါပဲ။

Credit. ...စားရေးသူကိုယ်တွေ့ခရီးစဥ်

Post a Comment

Previous Post Next Post