နန်စီပီလိုစီ၏ တိုင်ပေခရီးစဉ်


ဒီရက်ပိုင်းအတွင်း တစ်ကမ္ဘာလုံး အုံးအုံးကျက်ကျက် စိတ်ဝင်စားခဲ့ကြတာကတော့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီရဲ့ တိုင်ဝမ်မြို့တော် တိုင်ပေ ခရီးစဉ်ပဲဖြစ်ပါတယ်။

 တရုတ်ဘက်က အမေရိကန်ရဲ့ တတိယ ရာထူးအကြီးဆုံးနိုင်ငံရေးသမားဖြစ်တဲ့ နန်စီပီလိုစီ တိုင်ဝမ်ကို တရားဝင်ခရီးစဉ်အဖြစ်သွားရောက်တာဟာ တရုတ်နဲ့ အမေရိကန်အကြား သဘောတူထားတဲ့ တရုတ်တစ်နိုင်ငံတည်း မူဝါဒ One China Policy ကို အတိအလင်းဖောက်ဖျက်ရာကျတယ်ဆိုပြီး အပြင်းအထန်ကန့်ကွက်ခဲ့ပါတယ်။

 တရုတ်ပြည်သူ့တပ်မတော်ကလည်း လာရဲလာကြည့် ဒီတိုင်း ထိုင်ကြည့်နေမှာမဟုတ်ဘူး လို့ ကြိမ်းဝါးပြီး စစ်ပြင်တာတွေလုပ်ပြခဲ့ပါတယ်။ 

နန်စီကတော့ မူလ ခရီးစဉ်ထဲမှာ ထည့်မထားပေမဲ့  ဩဂုတ်လ ၂ရက်နေ့ မလေးရှားခရီးစဉ်အပြီး နေ့ခင်းပိုင်းမှာ တောင်တရုတ်ပင်လယ်ကိုရှောင်ဖို့ ဖိလစ်ပိုင်ကျွန်းကိုပတ်ပြီး မြောက်ဘက်လှည့်ကာ တိုင်ဝမ်ကို ပြန်ကွေ့ဝင်လာခဲ့ပါတယ်။

 ဒေသစံတော်ချိန် ည ၁၀နာရီခွဲလောက်မှာတော့ တိုင်ပေလေဆိပ်မှာ နန်စီပီလိုစီရဲ့လေယာဉ် ဆိုက်ရောက်ခဲ့ပါတယ်။ 

တရုတ်ဘက်ကတော့ နန်စီရဲ့လေယာဉ် တိုင်ပေမြို့ပေါ်ရောက်ချိန်မှာ တရုတ်လေတပ်ရဲ့ SU35 တိုက်လေယာဉ်တွေ တိုင်ဝမ် ရေလက်ကြားကို ဖြတ်ကျော်သွားပြီလို့ သတင်းထုတ်ပြန်ခဲ့တာကလွဲလို့ ဘာမှ သိပ်ထူးခြားတဲ့တုန့်ပြန်မှု မတွေ့ခဲ့ရပါဘူး။

 တိုင်ဝမ်နဲ့ မျက်နှာချင်းဆိုင် ဖူကျန့်ပြည်နယ်မှာတော့ လေကြောင်းရန်အချက်ပေး ဥဩတွေ ဆွဲခဲ့တယ်လို့သိရပြီး တရုပ် အရပ်ဘက်လေယာဉ်တွေ မပျံသန်းဖို့ အမိန့်ထုတ်ထားတယ်လို့ ဆိုပါတယ်။ 

ဒီမတိုင်ခင် တရုတ်သမ္မတရှီနဲ့ အမေရိကန်သမ္မတ ဘိုင်ဒင်တို့ ဖုန်းပြောခဲ့ကြတုန်းက မီးနဲ့ကစားရင် မီးလောင်ခံရလိမ့်မယ်ဆိုပြီး ရှီက ကြိမ်းဝါးခဲ့တာနဲ့ တရုတ် ကြည်းရေလေတပ်တွေ အကုန် တပ်လှန့် အသင့်နေရာယူတာတွေကြောင့် ဒေါ်နန်စီရဲ့လေယာဉ်ကိုများ ကြားဖြတ်ဟန့်တားလေမလား၊ 

အဲဒီကမှ အပြန်အလှန်ပစ်ခတ်ကြပြီး တတိယကမ္ဘာစစ်များစတင်လေမလား။ 

ဒေါ်နန်စီဟာ ပထမကမ္ဘာစစ်ဖြစ်အောင် စပြီးမီးမွေးခဲ့တဲ့ ဩစတြီးယား အိမ်ရှေ့မင်းသား ဖာဒီနန် ဆားဘီးယား ကို ခြေစကြာဖြန့်တုန်း လုပ်ကြံခံရသလိုများ ဖြစ်သွားလေမလားလို့ ကမ္ဘာတဝန်းလုံးက မနေနိုင်မထိုင်နိုင် ရင်တထိတ်ထိတ် စပ်စုနေကြသူတွေအတွက်ကတော့ လေယာဉ်ဆင်းပြီးတဲ့အထိ ဘာမှမဘာ သွားလို့ မခြင့်မရဲဖြစ်ကုန်ကြဖွယ်ရှိ်ပါတယ်။ 

ရေတိုအားဖြင့်တော့ ဒေါ်နန်စီဘက်က သမ္မတ ရှီကို မျက်စချီပြီး ကဲ ဘယ့်နှယ်ရှိစ၊

 ဘာရမလဲ ကိုသာဝ လို့ ခနဲ့တဲ့တဲ့ပြောနိုင်တဲ့ အနေအထား ရသွားတာ အမှန်ပါပဲ။

 တရုတ်ပြည်သူတွေကိုရော ကမ္ဘာကြီးကိုပါ တရုတ်ဆိုတာ ပြောရင် ပြောတဲ့အတိုင်းလုပ်တယ်လို့ လေသံခပ်ကြွားကြွားနဲ့ ပြောထားခဲ့တဲ့ ဆရာရှီ တို့ဘက်ကတော့ နောက်ပိုင်းမှာ ဘယ်လိုတုန့်ပြန်လာမလဲ စောင့်ကြည့်ရဦးမှာပါ။ 

သတင်းတစ်ရပ်အရတော့ ဒေါ်နန်စီ ပြန်သွားပြီး နောက်တစ်နေ့ ဩဂုတ်လ ၄ရက်နေ့ကနေ ၇ရက်နေ့အထိ တိုင်ဝမ်ကျွန်းကို ပတ်ဝိုင်းပြီး စစ်ရေးလေ့ကျင့်မှု အကြီးစားပြုလုပ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ 

ရုရှားက ယူကရိန်းကို တကယ်ဝင်မတိုက်ခင် စစ်ရေးလေ့ကျင့်တယ်ဆိုပြီး အကြီးအကျယ် စစ်ပြင်ခဲ့တာမျိုးများ ဖြစ်လေမလားလို့ လည်း စဉ်စားစရာပါ။

 တရုတ်နိုင်ငံခြားရေးဌာနကလည်း အကြီးအကျယ်ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်တာတွေ့ပါတယ်။ 

တစ်ဘက်မှာလည်း ဒီကာလမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးရှိနေပြီး တရုတ်ရော အမေရိကန်ပါ နိုင်ငံခြားရေး ဝန်ကြီးတွေတက်ဖို့ရှိတော့ နိုင်ငံတကာ လူပုံအလည်မှာ အနေမကြပ်ရအောင် ခဏ ထိန်းထားလေမလားလို့လည်း စဉ်းစားရပါတယ်။ 

ဒါပေမဲ့ တရုတ်ဘက်က မှတ်လောက်သားလောက် တစ်ခုခုမှ မတုန့်ပြန်ရင်လည်း ကမ္ဘာမှာ တရုတ်က ဇမရှိဘူးလို့ ပြောစရာဖြစ်သွားနိုင်သလို တရုတ်ပြည်တွင်းမှာလည်း တိုင်ဝမ်ပေါင်းစည်းရေး အရှိန်မြှင့်မယ်လို့ မကြာခဏ ပြောလေ့ရှိ်တဲ့ သမ္မတ ရှီအတွက် နိုင်ငံရေးသိက္ခါ ထိခိုက်လာနိုင်ဖွယ်ရှိပါတယ်။ 

ဒါကြောင့် ၁၉၉၆ခုနှစ် တရုတ်တိုင်ဝမ် တင်းမာမှု အရေးအခင်းတုန်းကလို တိုင်ဝမ်ကျွန်းကို ကျော်ပြီး တာဝေးပစ်ဒုံးပျံတွေပစ်ပြတာမျိုး၊ တစ်ခြား ကန့်သတ်ပစ်မှတ်တွေကို ပစ်ခတ်တာမျိုးစတဲ့ စစ်အင်အားပြမှု Show of force နဲ့ အကြောင်းပြချက်ကောင်း ရှိလာရင် ဗုံးကြဲတိုက်ခိုက်မှု Bomberdment အဆင့်တွေအထိ လုပ်ကောင်း လုပ်လာနိုင်ဖွယ်ရှိမယ်လို့ မှန်းဆရပါတယ်။

 ဒါ့အပြင် တရုတ်ဘက်က သံတမန်ရေးအရ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကိုပြန်ခေါ်တာမျိုး၊ အမေရိကန်သံအမတ်ကို နှင်ထုတ်တာမျိုး လုပ်လာနိုင်တယ်လို့ စဉ်းစားနိုင်ပါတယ်။ 

သူ့ထက်ပိုမြင့်တဲ့ စစ်ဆင်နွှဲမှုအဆင့်မတိုင်မီ စစ်အင်အားသုံးစွဲမှု Use of force short of war၊ နဲ့ ကန့်သတ်စစ်ပွဲ Limited war အဆင့် တွေကတော့ ဖြစ်ပေါ်လာမယ့် အခြေအနေတွေအပေါ်မှာ မူတည်မှာဖြစ်ပါတယ်။

 ဒီကိစ္စ အကြောင်းပြပြီး တိုင်ဝမ်ကို ဝင်သိမ်းဖို့ကတော့ နည်းနည်း အလှမ်းဝေးသေးတယ်လို့ ထင်မိပါတယ်။
 

ဘာဖြစ်ဖြစ် ဒီပွဲမှာ အမေရိကန်ဘက်က နိုင်ငံရေးအရ အသာစီးရသွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

 အဓိက အောင်မြင်မှုကတော့ နန်စီပီလိုစီရဲ့ ဒီမိုကရက်ပါတီပါ။

 လာမယ့် နိုဝင်ဘာ သက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေ လူကြိုက်နည်းနေပြီး ဒီအတိုင်းသွားရင် နန်စီရဲ့အောက်လွှတ်တော်မှာ ဒီမိုကရက်တွေ ရှုံးဖို့များနေတာပါ။

 အဲလိုရှုံးရင် လွှတ်တော်နှစ်ရပ်စလုံးမှာ ရီပတ်ဘလစ်ကန်တွေ အုပ်စီးသွားမှာဖြစ်ပြီး ဒေါ်နန်စီလည်း အောက်လွှတ်တော်ဥက္ကဋ္ဌ ရာထူး စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။

 အဖိုးကြီးသမ္မတ ဘိုင်ဒင်လည်း နောက်သက်တမ်းမှာ ပြန်ရဖို့ မသေမချာ ဖြစ်သွားမှာကို ရီပတ်ဘလစ်ကန်ဘက်က ထရမ့်က ပြုံးပြုံးကြီး ထိုင်ကြည့်နေမှာ သေချာပါတယ်။ 

တရုတ်အနေနဲ့လည်း ဘိုင်ဒင်ကို ပုဂ္ဂိုလ်ရေးအရ ထရမ့်ထက် ပိုအဆင်ပြေလေတော့ တရုတ်မုန်းဝါဒီ ထရမ့်ပြန်လာမှာကို လိုချင်မှာမဟုတ်ပါဘူး။ 

ဒါကြောင့်များ နောက်ကွယ်မှာ ကြိတ်ညှိလိုက်တာလေလားလို့လည်း တွေးနေကြသူတွေရှိပါတယ်။
 

နောက်တစ်ခုသေချာတာကတော့ တရုတ်-အမေရိကန် ဆက်ဆံရေးဟာ အဆင့်အမြင့်ဆုံးတင်းမာသွားမှာဖြစ်ပြီး အာရှပဆိဖိတ်ဒေသတွင်းမတည်ငြိမ်မှုတွေက အထူးမြင့်မားလာပါလိမ့်မယ်။

 နှစ်ဘက်ကြားညပ်မယ့် သူတွေကတော့ အာဆီယံနိုင်ငံတွေဖြစ်ပြီး တစ်ဘက်ဘက်ကို လိုက်ဖို့ ဖိအားပေးတာကို ပိုပြီးခံလာရဖွယ်ရှိပါတယ်။  

ဒေသတွင်းနိုင်ငံတွေမှာ ဒီဖိအားရဲ့ နည်းနာနိဿယလက်နက်တွေဖြစ်တဲ့ နိုင်ငံရေးစစ်ဆင်မှု၊ စီးပွားရေးစစ်ဆင်မှု၊  လျှို့ဝှက်စစ်ဆင်မှု၊ ကိုယ်စားစစ်ပွဲ၊ အဖျက်အမှောက်လုပ်ငန်း၊

 မီဒီယာစစ်ဆင်မှု စတဲ့ နိုင်ငံကြီးတွေရဲ့ဘက်စုံစစ်ပွဲအသွင် ထိုးနှက်စစ်ဆင်မှုတွေနဲ့ ပိုမိုရင်ဆိုင်လာရဖွယ်ရှိဖွယ်ရှိသလို လင်းယုန်နဲ့နဂါး အချင်းများကြတဲ့ စစ်ရေးပဋိပက္ခ ကြီးထွားလာရင်လည်း တောင်ပြိုရာ မြက်ပြတ် ဆိုသလို ကိုယ်စီဒုက္ခတွေအပြင် ဒေသ မတည်ငြိမ် မလုံခြုံမှုက ဗူးလေးရာ ဖရုံဆင့် ဖြစ်လာနိုင်ကြောင်း သုံးသပ်ရပါတယ်။


ဦကိုကိုလှိုင်၏ဆောင်းပါး

Post a Comment

Previous Post Next Post