နဂါးလား....တီကောင်လား ....?


နန်စီပလိုစီရဲ့ ထိုင်ဝမ်ကို သွားတဲ့ ခရီးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်ကြောင်းကြေငြာချက်ထုတ်တယ်။ 


တဆက်တည်း တရုတ်နိုင်ငံရဲ့ One China ပေါ်လစီကိုပါထောက်ခံကြောင်းနဲ့ ထိုင်ဝမ် (တရုတ်-တိုင်ပေ) ကို တရုတ်ရဲ့ ခွဲထွက်မရသောအစိတ်အပိုင်းတစ်ခုအဖြစ် လက်ခံသဘောတူကြောင်း ထုတ်ပြန်ခဲ့တာတွေ့ရတယ်။ ဒီအချက်က မြန်မာအတွက် အရေးကြီးတယ်။ တချို့တွေကတော့ ပြည်သူ့ဆန္ဒက အရေးကြီးတယ်။ ပြည်သူက လက်မခံရင် တရုတ်အနေနဲ့ခွဲထွက်ခွင့်ပြုသင့်ဆိုတဲ့သူတွေအနေနဲ့ အိန္ဒိယနဲ့ ပါကစ္စတန်ဖြစ်တဲ့ ကက်မီးယားအရေးကိစ္စတွေ၊ မြန်မာမှာနောင်တချိန်ဖြစ်လာနိုင်တဲ့ "ဝ"ဒေသကိစ္စမျိုးတွေကို မဖြစ်မနေ ထည့်တွက်စဉ်းစားသင့်တယ်။ 
----------------------
ထိုင်ဝမ်ဟာ တရုတ်အတွက် ပထဝီနိုင်ငံရေးအရ ဘယ်လောက်အရေးပါသလဲဆိုတာ မြေပုံကြည့်တတ်တဲ့သူတိုင်းအတွက် မြင်သာထင်သာရှိတယ်။ 

တရုတ်ရဲ့ ဖူချန်ပြည်နယ်အစပ်နဲ့ ထိုင်ဝမ်ကျွန်းဟာ ရေမိုင်အားဖြင့် ဘယ်လောက်မှ မရှိတဲ့ အကွာအဝေး။ ဒီမိုကရေစီအကြောင်းပြပြီး ထိုင်ဝမ်ကသာ တရုတ်လက်အောက်ကခွဲထွက်နိုင်ခဲ့ရင်၊  ဒီကျွန်းပေါ်မှာ US စစ်အခြေစိုက်စခန်းက နောင်တချိန် ယူကရိန်းလိုသာ အလားတူဖြစ်ခဲ့ရင် တရုတ်အတွက် ပင်လယ်ထွက်ပေါက်ပိတ်လုနီးပါးအခြေအနေအထိ အချုပ်အခြာကို ထိပါးခံရမယ့် အရေးကိစ္စဖြစ်တယ်။ ဒါ့ကြောင့်လည်း တရုတ်က အစဉ်တစိုက် ကန့်ကွက်နေတာလည်းဖြစ်တယ်။ 
----------------
နန်စီရဲ့ ထိုင်ဝမ်ကိုလာတဲ့ကိစ္စနဲ့ပတ်သက်ပြီး တရုတ်ရဲ့ လက်တုန့်ပြန်မှုအပေါ် အားမရတဲ့သူတွေရှိကြတယ်။ တချို့ကလည်း နဂါးကနေ တီကောင်ဆိုပြီး လှောင်ကြတာ ရှိတယ်။ အမြဲပြောနေကြ စကားလိုပဲ။ တရုတ်က US ကို စိန်ခေါ်ပြီး တတိယကမ္ဘာစစ်ဆီသွားချင်တာမျိုးမဟုတ်ဘူး။ 

သူပိုင်ဆိုင်တဲ့ ကျွန်းကို ပြန်ရရှိရေးဆိုတဲ့ အကျိုးစီးပွားတစ်ခုကိုသာ ရည်ရွယ်နေခြင်းသာဖြစ်တယ်။ အကျိုးစီးပွားကို ခါးဝတ်ပုဆိုးလို မြဲတဲ့ တရုတ်အတွက် အကျိုးမရှိရင် ဘာတစ်ခုမှလုပ်မှာမဟုတ်ဘူးဆိုတာသေချာတယ်။ သေချာတယ်လို့ ဘာကြောင့်ပြောနိုင်ရသလဲဆိုတော့ ....


တရုတ်တောင်ဘက်က ထိုင်းနိုင်ငံ၊ ဂူအမ်၊ ဖိလစ်ပိုင်နဲ့ ဩစတေးလျာ၊  အရှေ့ဘက်မှာ ဂျပန်နဲ့တောင်ကိုရီယားတွေမှာ US ရဲ့ ကြည်း/ရေ/လေ/မရိန်းတပ် အပါအဝင် စစ်အခြေစိုက်စခန်းက တိုက်ပွဲဝင်နိုင်တဲ့အထိ အသင့်အနေအထားရှိတယ်။ ဆိုတော့ ထိပ်တိုက်တွေ့မယ့်လမ်းကြောင်းကိုတော့ တရုတ်လည်းရွေးမှာမဟုတ်ဘူး။
------------------
ထိုင်ဝမ်မှာ ဘာကုန်ပစ္စည်း အဓိက ထွက်သလဲလို့မေးရင် အဆင့်မြှင့်နည်းပညာလို့ ပဲ လက်ညိုးထိုးကြမှာမလွဲဘူး။ ထိုင်ဝမ်ကနေ အမေရိကန်အပါအဝင် အနောက်ဥရောပနိုင်ငံတွေဆီကို   အဓိက သွင်းနေတဲ့ Chips ပြားတွေက ရုရှားက လောင်စာဓာတ်ငွေ့လိုပဲ သိပ်အရေးကြီးတယ်။ တိုက်လေယာဉ်တွေကအစ ကွန်ပျူတာတွေကအလယ် စက်ပစ္စည်းမှန်သမျှအတွက် ဒီ Chips ပြားတွေက
ထိုင်ဝမ် မြောက်ဘက်ကမ်းရိုးတန်းနားက စက်ရုံစုလေးတွေဆီကနေ လာတာ။ ဆိုတော့ ထိုင်ဝမ်ဟာ အသက်တမျှ အရေးကြီးတယ်။ ဒါပေမယ့် ထိုင်ဝမ်ကို Anti ကန်နိုင်ဖို့ရာအတွက် ပြီးခဲ့ တဲ့ရက်ပိုင်းလောက်က Chips စက်ရုံတည်ထောင်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ ဘတ်ဂျတ် ၅၂ ဘီလီယံ ကို လွှတ်တော်မှာအတည်ပြုပြီးသား။ သေချာတာကတော့  နောင်တချိန်မှာ ထိုင်ဝမ်ကို စွန့်ခွာဖို့အတွက်လည်း ယန်ကီးတွေက ကြိုပြင်ထားပြီလို့တွက်ဆလို့ရတယ်။ ဒါ့ကြောင့်လည်း နန်စီ မပြန်ခင်မှာတင် အိမ်ဖြူတော်ဆီကနေ တရုတ်ရဲ့ One China ပေါ်လစီအပေါ်မှာ ကန့်ကွက်စရာမရှိပါဘူးလို့ လေချိုသွေးပြခဲ့တာပေါ့။ 
--------------
ချုပ်ရရင်  လူဦးရေ(၂၃)သန်းပဲရှိတဲ့ လူမျိုးတူ ကျွန်းနိုင်ငံတခုကို တက်သိမ်းဖို့ အတွက် တရုတ်အတွက် မခက်ဘူး။ နောက်ဆက်တွဲပြသနာက ဘာဆက်ဖြစ်နိုင်သလဲဆိုတာကိုပါထည့်တွက်ပြီးမှ ဒီစစ်ပွဲက တိုက်လို့အဆင်ပြေမယ့် ကိစ္စတစ်ခု။ ကိုယ်အမြင်ကတော့ ထိုင်ဝမ်-တရုတ်ကို အိမ်ကြက်ခြင်းခွပ် ခိုင်းထားလိုက်တယ်ဆိုတဲ့အမြင်တစ်ခုထက်မပိုပါဘူး။ နာစရာရှိလည်း မင်းတို့ အချင်းချင်းနာကြပေါ့။ နိုင်ငံတွေ အချင်းချင်း စစ်တိုက်ပြီး အင်အားကြီးမလာအောင်လုပ်တဲ့  ယန်ကီးတို့ရဲ့ ဒီလို နှစ်ဖက်ချွန် မူဝါဒက ဒီနေ့ထိတိုင် အလုပ်ဖြစ်နေသေးတာတော့ တကယ်ကို အံ့အားသင့်စရာပါပဲ။ ဒီဘက်ခေတ်မှာ အကျိုးစီးပွားမပါရင် ဘယ်သူမှ စစ်တိုက်ဖို့ အားမထုတ်ကြတော့ပါဘူး။ ပထဝီနိုင်ငံရေးအတွက်ကတော့ ချွင်းချက်ပေါ့။ 


ဖိုးစီ

Post a Comment

Previous Post Next Post