အမျိုးသားနေ့မှာ ဘွဲ့ထူးဂုဏ်ထူးများဘာကြောင့် အများအပြားချီးမြှင့်နေတာလဲ…?


၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်သော အမျိုးသားအောင်ပွဲနေ့တွင် နစက အစိုးရမှ (၇၅) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် နိုင်ငံအတွက် ကဏ္ဍအရပ်ရပ်မှ အကျိုးပြုခဲ့သောပုဂ္ဂိုလ်များအား ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ပေးခဲ့တာ ရှိပါတယ်။

ပေးအပ်ခဲ့သည့် ဘွဲ့ထူးဂုဏ်ထူးများကတော့ မဟာသရေစည်သူဘွဲ့တစ်ဦး၊ သီရိပျံချီဘွဲ့ ၄၅ ဦး၊ စည်သူဘွဲ့ ၄၁ ဦးနှင့် ဇေယျကျော်ထင်ဘွဲ့ ၁၉ ဦးတို့ ဖြစ်ပါသည်။ ဘွဲ့ထူး ဂုဏ်ထူး အများအပြား ချီးမြှင့်ရသည့်သဘောက (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ ကိုကြိုဆိုသောအားဖြင့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးတွေမှာသာမက အနုပညာအစွမ်းနဲ့ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ဘာသာ၊ သာသနာအကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့်သူများကို နိုင်ငံတော်အနေဖြင့် အသိအမှတ်ပြုကာ ဂုဏ်ပြု ချီးမြှင့်ခဲ့ခြင်းဖြစ်ပါသည်။

ယခုလို ဘွဲ့ထူးဂုဏ်ထူးများ ပေးအပ်ခြင်းသည် နှစ်စဉ်နှစ်တိုင်း ပေးအပ်နေသည့် ဆုများနှင့်မတူဘဲ စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ရှားရှားပါးပါး ပေးအပ်ခြင်းဖြစ်ပါသည်။

ယခုလို ဘွဲ့ထူးဂုဏ်ထူးများ ပေးအပ်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမှ နိုင်ငံတော်အတွက် ကြိုးစားဆောင်ရွက်ပေးခဲ့သော ပုဂ္ဂိုလ်များကို (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဂုဏ်ပြုဆုများ၊ ဘွဲ့ထူးဂုဏ်ထူးများ ပေးအပ်သင့်ကြောင်း စဉ်းစားတွေးခေါ်ပြီးမှ ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းဖြစ်ပါသည်။

မည်သူများအား မည်သည့်ဘွဲ့ထူးများ ပေးအပ်ရမည်ဆိုသည်အား သက်ဆိုင်ရာဝန်ကြီးဌာန များမှ စုပေါင်းတင်ပြခဲ့ကြပါသည်။ နိုင်ငံတော်ရဲ့ မော်ကွန်းတိုက်က မှတ်တမ်းများကို တိုက်ဆိုင်စစ်ဆေး အတည်ပြုပြီးမှ ယခုလို ဘွဲ့ထူးဂုဏ်ထူးများ ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။

ယခုလို ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ပေးခြင်းနှင့်ပတ်သက်ပြီး အတွေးတိမ်တဲ့သူများက ဘွဲ့ထူးဂုဏ်ထူးများကို အများအပြား ပစ်စလက်ခတ် ပေးတယ်ဆိုပြီးတော့ ဝေဖန်ပြောဆို နေကြတာတွေ ရှိပါသည်။

မည်သို့ပင် ပြစ်တင်ပြောဆိုနေကြပါစေ၊ ဝေဖန်ရေးသားနေကြပါစေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ယခုလို ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ရခြင်း၏ ရည်ရွယ်ချက်ထဲတွင် မွန်မြတ်သောစေတနာနှင့် နက်ရှိုင်းသည့် အဓိပ္ပာယ်တွေ အများကြီးပါဝင်နေတယ်ဆို တဲ့ပြောဆို ရေးသားနေကြသူများကို သိစေချင်ပါသည်။
#မြင့်မောင်

Post a Comment

Previous Post Next Post