"“အဂတိ လိုက်စားမှုများလေလေ ဆင်းရဲနွမ်းပါးမှုများလေ၊ ဆင်းရဲနွမ်းပါးမှုများလေလေ အဂတိလိုက်စားမှုများလေ”


အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၁ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ထိုသို့ အမှာစကားပြောကြားရာ၌ “အဂတိ လိုက်စားမှုများလေလေ ဆင်းရဲနွမ်းပါးမှုများလေ၊ ဆင်းရဲနွမ်းပါးမှုများလေလေ အဂတိလိုက်စားမှုများလေ” ဖြစ်သည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅)ကိုရေးဆွဲချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါအဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်တွင် တားဆီးကာကွယ်ခြင်း၊ အသိပညာပေးခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းဆိုသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်သုံးရပ်ကို ဟန်ချက်ညီညီ ပေါင်းစပ်လုပ်ဆောင်ကြစေရန်ရေးဆွဲထားကြောင်း နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍လည်း နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားရေးမျှော်မှန်းချက်သည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးဖြစ်ပါကြောင်း၊ ဆက်စပ်ပြီး ပြည်တွင်းစီးပွားရေးမြှင့်တင်ခြင်း ဖြင့် ပြည်သူတို့၏ဘဝ ဖွံ့ဖြိုးတိုးတက်ရန်ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးခြင်းဖြစ်ပါကြောင်း၊ ပြည်တွင်းစီးပွားရေးတိုးတက်လာပါက ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆက်စပ်နေသည့်လုပ်ငန်းများအားလုံးအောင်မြင်ရန် မိမိတို့ ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ပါကြောင်းဖြင့်လည်း ပြောကြားသည်။

အလားတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်နှင့်အညီ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၏ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU)များ တိုးချဲ့ဖွဲ့စည်းထားပြီးဖြစ်သည့် အတွက် သက်ဆိုင်ရာအောက်ခြေအဆင့်များကစပြီး ထိန်းသိမ်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ထို့ပြင် အသေးစားအဂတိလိုက်စားမှုများကို ထိရောက်စွာ ဟန့်တားနိုင်ရန်အတွက် “အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP)” ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဓိကအားဖြင့် မိမိကိုယ်တိုင်က အဂတိလိုက်စားမှုကို သတိထားရှောင်ရှားပြီး ပတ်ဝန်းကျင်၏ ပြောဆိုဝေဖန်မှုများကို ဂရုစိုက်သတိထားလုပ်ဆောင်သွားခြင်းဖြင့် အဂတိလိုက်စားမှု လျော့နည်းရာမှ လုံးဝကင်းစင်ပပျောက်သည့် လူ့ပတ်ဝန်းကျင်ကို ဖော်ဆောင်ကြရန်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။

#mhtnews

Post a Comment

Previous Post Next Post