အထူးတန်းဝင် မြန်မာ့ကော်ဖီဖြင့် ကမ္ဘာ့ဈေးကွက်သို့ တိုးချဲ့ဝင်ရောက်


ကမ္ဘာပေါ်တွင် နှစ်စဉ်ကော်ဖီကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံကျော်ရှိပြီး ရေနံပြီးလျှင် ဒုတိယအများဆုံး ကုန်သွယ်မှုပြုသည့် ကုန်စည်ဖြစ်သည်။ ကမ္ဘာ့ကော်ဖီဈေးကွက်တွင် ဝယ်လိုအားရှိကာဈေးကောင်းရနေသည့် ကုန်စည်လည်း ဖြစ်နေသည်။ မြန်မာနိုင်ငံတွင် ကိုလိုနီခေတ်ဦးကတည်းက ကော်ဖီကိုစိုက်ပျိုးလာခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်းတစ်ရာကျော်ပြီဖြစ်သည်။
မိရိုးဖလာနည်းဖြင့်သာ စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး၂၀၁၄ ခုနှစ်ကမှစတင်ကာ ခေတ်မီနည်းပညာ၊ စက်ကိရိယာများ၊ စိုက်ပျိုးနည်းစနစ်များ၊ ကော်ဖီအရည်အသွေး ထိန်းသိမ်းမှုနည်းစနစ်များနှင့် စတင်ထိတွေ့ လာခြင်းဖြစ်သည်။
ကော်ဖီသည် ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအားရှိ၍နိုင်ငံများက ကြိုးပမ်းလျက်ရှိသည်။ မြန်မာ့ကော်ဖီ ကမ္ဘာ့ဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် အစိုးရအဆက်ဆက်တို့က တွန်းအားပေးဆောင်ရွက်ခဲ့ရာတွင် ကော်ဖီစိုက်ဧက နှစ်သိန်းကျော် အကောင်အထည်ဖော်စိုက်ပျိုးခဲ့သည်ဟု သိရှိရပြီး အမှန်တကယ် အောင်မြင်ဖြစ်ထွန်းမှုမှာ ဧက ၅၀၀၀၀ ခန့်သာရှိ၍ တစ်နှစ်လျှင် တန်ချိန် ၉၀၀၀ ကျော်သာ ထွက်သည်ကို တွေ့ရသည်။

နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာ ၂ ရက်က ပြင်ဦးလွင်ရှိ ကော်ဖီလုပ်ငန်းရှင်များအားတွေ့ဆုံ၍”မိမိတို့နိုင်ငံမှ ထွက်ရှိသည့် စိုက်ပျိုးရေးထုတ်ကုန်များကို ပြည်တွင်း၌ပင် တန်ဖိုးမြင့်ကုန်ချောအဖြစ် ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ပါက ယခုထက်ပိုမို အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မြန်မာ့ကော်ဖီဈေးကွက်ရရှိရေး မိမိအနေဖြင့် စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိမိတို့၏ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိရေးအတွက် ကြော်ငြာခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်လိုကြောင်း၊ ဈေးကွက်လိုအပ်ချက်ကို ပြည့်မီနိုင်ရေးအတွက်လည်း ထုတ်လုပ်မှုများကို အရည်အသွေးပြည့်မီစွာဖြင့် ထုတ်လုပ်နိုင်ရန်လိုကြောင်း” ပြောကြားခဲ့သည်။

Post a Comment

Previous Post Next Post