တရုတ်နယ်စပ်ဂိတ်အားလုံး ဇန်နဝါရီလအတွင်းပြန်ဖွင့်မည်ဟု ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်းမကြာမီ တရုတ်ဘက်မှ ပြန်ဖွင့်ပေးနိုင်ဖွယ်ရှိနေ

တရုတ်နိုင်ငံဘက်ခြမ်းတွင်ဖြစ်ပွားနေသည့် ကိုဗစ်ရောဂါအခြေအနေများကြောင့် ပိတ်ထားသည့် တရုတ်နယ်စပ်ဂိတ်အားလုံး လာမည့် ဇန်နဝါရီလအတွင်း ပြန်ဖွင့်မည်ဆိုသည့်ညွှန်ကြားချက် တိတိကျကျ ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း ကုန်သွယ်ရေးဆောင်ရွက်နေသည့် နယ်စပ်ဂိတ်အားလုံးကို တရုတ်ဘက်မှ မကြာမီ ပြန်ဖွင့်ပေးနိုင်ကြောင်း မူဆယ်ကုန်စည်ဒိုင်အတွင်းရေးမှူးက MT News သို့ ပြောသည်။

“ဒီနေ့ထိတော့ အဲဒီစာက မထုတ်သေးဘူး။ လူတွေခန့်မှန်းနေတာကတော့ ဇန်နဝါရီ ၁၃ လောက်ကို ဂိတ်တွေပြန်ဖွင့်မယ်လို့ ကြားတယ်။ လောလောဆယ်ကတော့ မူဆယ်မြို့ထဲမှာ ကျိန်စန်းကျော့(ကျင်စန်းကျော့) တစ်ခုပဲဖွင့်ထားတယ်” ဟု မူဆယ်ကုန်စည်ဒိုင်အတွင်းရေးမှူး ဦးမင်းသိန်းက ပြောသည်။

လက်ရှိတွင် မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ကုန်သွယ်မှုဆောင်ရွက်နေသည့် နယ်စပ်ဂိတ်ငါးခုရှိပြီး တရုတ်နိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါများ ပြန်လည်ဖြစ်ပွားမှုများကြောင့် တရုတ်နိုင်ငံဘက်မှ နယ်စပ်ဂိတ်များကို ပိတ်ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကျိန်စန်းကျော့(ကျင်စန်းကျော့)တစ်ခုတည်းသာ ဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ကျန်တဲ့ဂိတ်တွေကတော့ အားလုံးမှန်းကြတာတော့ ဇန်နဝါရီ ၁၃ ရက် မှန်းသလို၊ တရုတ်နှစ်ကူးကိုလည်းမှန်းတယ်။ ဇန်နဝါရီ ၂၀ ရက်နေ့မှ တရုတ်နှစ်သစ်ကူးလေ။ တရုတ်နှစ်သစ်ကူးပြီးမှ ဖွင့်မယ်လို့လည်း ပြောသံကြားတယ်။ အတိအကျ မပြောနိုင်သေးဘူး။ ဒါက တရုတ်ဘက်ကဖွင့်မှရမှာလေ။ Lockdown တွေတော့ တော်တော်လျှော့လိုက်ပြီး အလားလာကတော့ တော်တော်နီးစပ်လာပါပြီ” ဟု ၎င်းက ပြောကြားသည်။

တရုတ်နယ်စပ်ဂိတ်များ လာမည့် ဇန်နဝါရီလဆန်းတွင် အကုန်ပြန်ဖွင့်မည်ဖြစ်ကြေင်း တရုတ်ဘက်မှ စာထုတ်ပြန်ထားကြောင်း မြန်မာ-တရုတ်နယ်စပ် အသိုင်းအဝန်းတွင် ပြောဆိုမှုများရှိနေပြီး တရုတ်ပြည်အတွင်း ရောက်လာသူများကို တရုတ်နိုင်ငံက သတ်မှတ်ထားသည့် နေရာများတွင် ၇ ရက်ကြာ စောင့်ကြည့်ပြီး ဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ်ကြောင်းလည်း ကြားသိရသည်။

ပုံစာ။ မြန်မာ-တရုတ် နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို တွေ့ရစဥ်

#china #border #lockdown. #muse #mtnews
#myanmar_transparency_news

Post a Comment

Previous Post Next Post