သတိရမိတယ် ဆရာစံ

ဒီနေ့ တောင်သူလယ်သမားနေ့
ဆိုတော့လဲ ဆရာစံကို
သတိရမိတယ်

၁၉၃၁ ခုနှစ် သာယာဝတီထောင်ဝမှာ အစောင့်အကြပ် ထူထပ်စွာနဲ့ တွေ့ရတဲ့
ဆရာစံရဲ့ ပုံပါ။

ဆရာစံဟာ အင်္ဂလိပ်နယ်ချဲ့တွေကို လက်နက်အင်အားချင်း မြင်းမိုရ်တောင်နဲ့ နှမ်းစေ့လောက် ကွာပေမယ့် ဆင်းဆင်းရဲရဲ သူ့ကျွန်ဘဝ နေ နေရတာထက် သေရတာက ပိုကောင်းတယ် ဆိုပြီး ကိုယ့်ဘာကိုယ်လုပ်တဲ့ သေနတ် ၃၀ လောက်နဲ့ အင်္ဂလိပ်တွေကို ခုခံတော်လှန်ခဲ့သူ ဖြစ်ပါတယ်။

၁၉၃၀ ခုနှစ် တောင်သူလယ်သမား တော်လှန်ရေးကို ခေါင်းဆောင်ခဲ့ပြီး အင်္ဂလိပ် နယ်ချဲ့အစိုးရကို ရရာလက်နက်နဲ့ တော်လှန်ခဲ့သူ ဖြစ်ပါတယ်။

ဆရာစံတို့အဖွဲ့ကို အင်္ဂလိပ်တွေက အိန္ဒိယမှ ပန်ချာပီ စစ်တပ်တွေ၊ ခေတ်မီလက်နက်တွေ သုံးပြီး အင်အား အလုံးအရင်းနဲ့
နှိမ်နှင်းခဲ့ရတယ်လို့
သိရပါတယ်။

ဆရာစံကိုလည်း
ဆုကြေးငွေထုတ်ပြီးဖမ်းဆီးဖို့
ကြိုးစားရပါတယ်။

၁၉၃၁ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ ရှမ်းပြည်နယ် နောင်ချိုမြို့အနီးမှာ ဆရာစံကို ဖမ်းမိခဲ့ပါတယ်။

၁၉၃၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက် စနေနေ့ မနက် ၅ နာရီ ၄၅ မိနစ်ခန့်မှာ သာဝတီထောင်မှာ ဆရာစံ အား ကြိုးပေးကွပ်မျက်လိုက်ပါတယ်။

ဆရာစံ ကြိုးပေးတဲ့ မြင်ကွင်းကို ကိုယ်တိုင် မြင်တွေ့ခဲ့သူတစ်ယောက်က အခုလို ပြောပါတယ်။

"မနက်ဘက် သတ်ခံရတော့မယ်ဆိုတော့ အခုလိုညမှာ ဆရာစံကို ကြိုးစင်နဲ့ နီးတဲ့ ကြိုးတိုက်ကို ပြောင်းထားပါတယ်။ အဲ့ညမှာ ဆရာစံက ကောင်းကောင်းအိပ်ပါတယ်။ ဆရာစံကို ကြိုးပေးတော့ ကျနော် အနားမှာ ရှိပါတယ်။ ကျနော်နဲ့ဆိုရင် နှစ်တောင်လောက်ပဲ ဝေးပါတယ်။ ကြိုးပေးတဲ့နေ့က ဒုတိယ အရေးပိုင် အပါအဝင်၊ အထူး အာဏာရ တရားသူကြီးတွေ၊ ရွာသူကြီးတွေ၊ ထင်ရှားတဲ့သူ အယောက် ၂၀ လောက် လာပါတယ်

မနက် ၅ နာရီ ၄၅ မိနစ်လောက်မှာ အကျဥ်းသားနှစ်ယောက်က ကြိုးတိုက်က ဆရာစံကို ထုတ်ရပါတယ်။ တစ်ယောက်က ကြိုးတုတ်အင်္ကျီ (တိုက်ထုတ် အင်္ကျီ) ကို ဝတ်ပေးပြီး လက်ထိပ်ကို နောက်ပြန်ခတ် တံတောင်ဆစ်ကွေးကနေပြီး နောက်ပြန်ကြိုး ထပ်ချည်လိုက်ပါတယ်။

ကြိုးစင်ရှိရာကို တက်တော့ "အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ကြီးပွားရာ ကြီးပွားကြောင်း ဆောင်ရွက်လို့ အခုလို ကြုံတွေ့ရတာ သုခ လို့ပဲ မှတ်ပါတယ်။ ဖယ်ပေးကြ၊ ငါ့ဟာငါ တက်မယ်" ဆိုပြီး ဘေးကတွဲထားတဲ့ သူတွေကို တွန်းပစ်ပြီး ကြိုးစင်ကို တက်သွားပါတယ်။

ကြိုးစင်ပေါ် ရောက်တော့ တစ်ခါ အသိမိတ်ဆွေတွေကို နှုတ်ဆက်တယ်။ "သွားပြီ" တဲ့။ "ဖြစ်လေရာ ဘဝမှာ အင်္ဂလိပ်ကို အနိုင်ရတဲ့ကိုယ် ဖြစ်ပါစေ" လို့ ဆုတောင်းတယ်။

ဆုတောင်းလည်းပြီးရော ခေါင်းစွပ်အိတ်ကြီး စွပ်ပေးပြီး လည်ပင်းကြိုးတပ် ဒေါက်ဖြုတ်ချလိုက်တော့တာပဲ"

ဆရာစံ ကွယ်လွန်ချိန်မှာ အသက် ၅၅ နှစ်သာ ရှိပါသေးတယ်။

crd မိုးဟိန်း

Post a Comment

Previous Post Next Post