တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်း တပ်မတော်သားများသည် ပြည်သူများ၏အစိတ်အပိုင်း

ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့၏ ဦးဆောင်မှုဖြင့် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် စတင်ဖွဲ့စည်းခဲ့သည်မှစ၍ ပြန်လည်ရေတွက်လျှင် မြန်မာ့တပ်မတော်၏သက်တမ်းမှာ နှစ်ပေါင်း ၈၀ ကျော်ခဲ့ပြီဖြစ်သည်။ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးကြိုးပမ်းမှုတွင် သန္ဓေတည်ပေါက်ဖွားလာခဲ့သည့် မြန်မာ့တပ်မတော်သည် နိုင်ငံလွတ်လပ်ရေးရပြီးနောက် ခေတ်အဆက်ဆက်တွင် လွတ်လပ်ရေးထိန်းသိမ်း စောင့်ရှောက်မှုအတွက် ပြည်တွင်းပြည်ပ ရန်အသွယ်သွယ်တို့ကို လည်း ကာကွယ်ခဲ့ရသည်။ မျက်မှောက်ကာလတွင် တပ်မတော် သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်အရ အမျိုးသားနိုင်ငံ ရေး ဦးဆောင်မှုကဏ္ဍတွင် ပါဝင်၍ နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားအတွက် ထမ်းရွက်လျက်ရှိသည်။

“တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်အရ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင်ပါဝင်ပြီး တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်း၊ တပ်မတော်သားများသည် ပြည်သူများ၏အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နိုင်ငံတော်ကိုကာကွယ်ပေးနေသည့် အဖွဲ့အစည်းတစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံလွတ်လပ်ရေးရခဲ့သည်မှ ယနေ့အချိန်အထိ တပ်မတော်ကနိုင်ငံတော်ကို လွတ်လပ်ရေးရရှိအောင်နှင့် တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ခဲ့ရသဖြင့် နိုင်ငံတော်၏သမိုင်းနှင့် တပ်မတော်၏သမိုင်းကို ခွဲခြား၍မရကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပေးအပ်ထားသော အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍသည် နိုင်ငံတော်က ပေးအပ်ထားသော နိုင်ငံရေး အမွေပင်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများအား ၁၀-၄-၂၀၂၁ ရက်နေ့က တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

မိမိတို့နိုင်ငံကို ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးသည့်နိုင်ငံအဖြစ် လျှောက်လှမ်းနေပြီဖြစ်သည့် ခေတ်အခါတွင်တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ဆက်လက်ထိန်းသိမ်းကာ ဖွဲ့စည်းပုံအခြေခံဥပဒေပါအခြေခံမူများနှင့်အညီ ဒီမိုကရေစီလမ်းကြောင်းမှ သွေဖည်မသွားရေးအတွက် ပြည်သူလူထုနှင့်အတူ တပ်မတော်ကကာကွယ်ထိန်းသိမ်း ပေးလျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သောမဲမသမာမှုနှင့် နောက်ဆက်တွဲဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များက မြန်မာ့ဒီမိုကရေစီစနစ်တွင် မရိုးဖြောင့်မှု၊ ဥပဒေမဲ့ပြုမူမှုနှင့် အင်အားအသုံးပြု ထင်ရာစိုင်း သည့် အလေ့များကို အစပျိုးပေးသည့်သဖွယ် ဖြစ်ခဲ့သည်။ ဒီမိုကရေစီသက်တမ်း နုနယ်သေးသည့် မိမိတို့နိုင်ငံတွင်နိုင်ငံကိုဦးဆောင်ဦးရွက် ပြုကြရမည့်သူများအနေဖြင့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို စံနမူနာပြလိုက်နာကြရန်လိုအပ်ပြီး နိုင်ငံတော်နှင့် ပြည်သူလူထု၏အကျိုးစီးပွားကို စိတ်ရင်းစေတနာမှန်ကန်စွာနှင့် အရည်အချင်းပြည့်ဝစွာ ထမ်းဆောင်နိုင်ကြရန်လည်း လိုအပ်သည်။ ဥပဒေချိုးဖောက်မှု၊ တရားမဲ့ပြုကျင့်မှုတို့ကြောင့် ဒီမိုကရေစီလမ်းလွဲသည့်အခါ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှနေ၍ တပ်မတော်ကနိုင်ငံတော်၏အာဏာကို ဝင်ရောက်ထိန်းသိမ်းကာ နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းမှန်မှ သွေဖည်မသွားစေရေးအတွက် တည့်မတ်ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

တပ်မတော်နှင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းလက်တွဲ၍ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် စတင်ဆင်နွှဲခဲ့သည့် သမိုင်းဝင်ဖက်ဆစ်တော်လှန်ရေးကြီးသည် ယခုနှစ်တွင် (၇၈) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ရာ တပ်မတော်နေ့သည် မြန်မာ့တပ်မတော်နှင့် ပြည်သူလူထု ပူးပေါင်းလက်တွဲမှု၊ ဖက်ဆစ်စနစ်ဆိုးနှင့် ပြည်ပရန်ကို အသက်သွေးချွေးတို့ ရင်းနှီးပေးဆပ်၍ အတူတကွတွန်းလှန်ခဲ့မှုတို့ကို အစဉ်ထာဝရ သတိတရရှိနေစေမည့် သမိုင်းမော်ကွန်းမှတ်တိုင်ကြီးအဖြစ် ဂုဏ်ပြုကြရန်ဖြစ်ပြီး မျက်မှောက်ကာလ နိုင်ငံ့အရေးတို့တွင်လည်း ပူးပေါင်းလက်တွဲဆောင်ရွက်ကြရမည် ဖြစ်ကြောင်းနှင့် ပြည်တွင်းပြည်ပအန္တရာယ်တို့ကိုလည်း အတူတကွကာကွယ်ကြရမည် ဖြစ်ပါကြောင်း။ ။

https://t.me/myanmarnewspaper/73074

Post a Comment

Previous Post Next Post