အမျိုးသားနိုင်ငံရေးဦးဆောင်မှုတွင် ကျေပွန်စွာထမ်းရွက်နေသည့်တပ်မတော်

မြန်မာ့တပ်မတော်သည် ရှေးအစဉ်အဆက် သမိုင်းကြောင်းအစဉ်အလာ ထူးကဲကောင်းမွန်ခဲ့သည့်တပ်မတော်ဖြစ်သည်။ တပ်မတော်သည် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးတွင် ပြည်သူတို့နှင့်လက်တွဲကာ လွတ်လပ်ရေးကိုရယူပေးခဲ့သည်။ လွတ်လပ်ရေးရပြီးသောအခါတွင်လည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးလျက်ရှိသည်။

တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးအား အစဉ်ဦးထိပ်ထားကာ မျက်မှောက်ကာလအထိ ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သည်။ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် နိုင်ငံရေးအရ သဘောကွဲလွဲမှုများ၊ အယူဝါဒရေးအရ သဘောကွဲလွဲမှုများကြောင့် ဖြစ်ပေါ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများနှင့်ပတ်သက်၍ အားလုံးသည် ပြည်ထောင်စုဖွားတိုင်းရင်းသားပြည်သူများ ဖြစ်သည်ဟူသည့်ခံယူချက်ဖြင့် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းဖြေရှင်းဆောင်ရွက်ပေးနေသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာဝပြောရေးအတွက် ထာဝရငြိမ်းချမ်းရေးကို ဦးတည်တက်လှမ်းဆောင်ရွက်လျက်ရှိသည်။

မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတစ်လျှောက်တွင် ပြည်တွင်း/ပြည်ပအန္တရာယ်များကို တွန်းလှန်ကာကွယ်ပေးနိုင်ခဲ့သလို နိုင်ငံရေးအယူအဆကွဲလွဲမှုများကြောင့် ပြည်ထောင်စုပြိုကွဲနိုင်သည့်အန္တရာယ်များနှင့် ကြုံတွေ့ရသည့်အခါတိုင်း နိုင်ငံတော်၏တာဝန်ကိုရယူပြီး ပြည်ထောင်စုကို ကာကွယ်စောင့်ရှောက်ပေးခဲ့ သည်။ ပြည်တွင်း/ပြည်ပအန္တရာယ်များနှင့် သဘာဝဘေးအန္တရာယ်များကျရောက် လာချိန်တွင်လည်း တပ်မတော်သည် ရှေ့တန်းမှမားမားမတ်မတ်ရပ်တည်၍ ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။ တပ်မတော်သည် ပြည်သူများ၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးနိုင်ရေးကို လမ်းခင်းပုံဖော်ပေးခဲ့သည်။ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ရာတွင်လည်း ပြည်သူများအတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် ပြည်သူများ၏ဆန္ဒဖြစ်သည့် ဒီမိုကရေစီစနစ် တည့်မတ်ခိုင်မာရေးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံ၌ ပါတီစုံဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးရာတွင် ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလ၌ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွင် တိုးတက်မှုများ ရှိခဲ့သော်လည်း ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းကာလ၌ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ အားနည်းချက်များရှိခဲ့သောကြောင့် ရွေးကောက်ခံအစိုးရအပေါ် ပြည်သူတို့၏ အားထားယုံကြည်မှု လျော့နည်းကျဆင်းခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည်ကို ဖြေရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း ဖြေရှင်းပေးခြင်းမရှိသည့်အပြင် နိုင်ငံတော်အာဏာကို အဓမ္မရယူရန်ကြိုးပမ်းခဲ့သဖြင့် နိုင်ငံတော်အား နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး တပ်မတော်ကနိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရသည်။

တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန်ဖြစ်သော်လည်း နိုင်ငံတော်တွင်ပေါ်ပေါက်လာသည့် နိုင်ငံရေးအခြေအနေများအရ နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားများအား ပျက်ပြားထိခိုက်မှုများရှိလာနိုင်ပါက မျက်ကွယ်ပြုခြင်းမရှိဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည်။ တပ်မတော်သည် နိုင်ငံတော်အား ကာကွယ်စောင့်ရှောက်ရာ၌ ရေပြင်၊ မြေပြင်၊ ဝေဟင်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာထမ်းရွက်နိုင်ရန်အတွက် အင်အားတောင့်တင်းခိုင်မာပြီး စွမ်းရည်ရှိသော ခေတ်မီတပ်မတော်အဖြစ် အစဉ်ကြိုးပမ်း တည်ဆောက်လျက်ရှိသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင်လည်း ပါဝင်တည်ဆောက်ပေးလျက်ရှိသည်။ ထိုသို့တည်ဆောက်ထားနိုင်ခြင်းတို့ကြောင့်သာ နိုင်ငံတော်၏လွတ်လပ်ရေးနှင့်အချုပ် အခြာအာဏာ အဓွန့်ရှည်ကြာတည်တံ့ခိုင်မြဲနေခြင်းဖြစ်သည်။ ပြည်ထောင်စုကြီး မပြိုကွဲ၊ မယိုင်မလဲရှိနေခြင်းဖြစ်သည်။

သို့ဖြစ်ရာ အစဉ်အလာကြီးမားသော မြန်မာ့တပ်မတော်သည် ပြည်သူများနှင့် လက်တွဲပူးပေါင်း၍ လွတ်လပ်ရေးကို အရယူပေးခဲ့သလို ရရှိပြီးသောလွတ်လပ်ရေး တည်တံ့ခိုင်မြဲစေရန်လည်း ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံတော်၏ သမိုင်းကြောင်းအခြေအနေနှင့် နိုင်ငံရေးအခြေအနေများအရ ဖြစ်ပေါ်လာသည့် ပြဿနာများနှင့်လိုအပ်ချက်များကို ပါဝင်ဖြေရှင်းဆောင်ရွက်ပေးနေခြင်းသည် နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများ အကျိုးစီးပွားကိုဦးထိပ်ပန်ဆင်၍ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ကြိုးပမ်းထမ်းဆောင်နေခြင်းဖြစ်ပါ ကြောင်း။          ။

https://t.me/myanmarnewspaper/73076

Post a Comment

Previous Post Next Post