ရာဇဝင်ထဲက မိန်းမသား


ဒေါက်တာမတင်ဝင်းရဲ့ စာအုပ်ခေါင်းစဉ်ကို ခပ်တည်တည်နဲ့ ယူသုံးထားပေမယ့် သူ့အကြောင်းကို ရေးပြဖို့မရည်ရွယ်။

ကွီးဖြိုးခေါ် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဖြိုးမင်းတသိန်းနဲ့ "ရွှီး"ခေါ် NLDအမတ်မ စန္ဒာမင်းတို့ကို ပါတီက ထုတ်ပစ်တယ်ဆိုတဲ့ သတင်းကို တွေ့လို့။ NLD ဟာ အတော်လေးဇာတ်လမ်းရှုပ်တဲ့ ပါတီ။ သူ့သက်တမ်းတလျှောက် ထုတ်တာတွေ၊ ထွက်တာတွေ၊ ဝင်တာတွေ ရှုပ်ရှက်ခတ်နေသည်။

ကွီးဖြိုးအကြောင်းက စပြောကြစို့။ သုံးကျောင်းပြောင်းသော ရှင်၊ သုံးလင်ပြောင်းသောမယားဆိုသော မြန်မာစကားရှိသည်။ မာယာကြွယ်သည်ဟု ယူဆကြသည်။ ကွီးဖြိုးကား လေးပါတီပြောင်းသော ပုဂ္ဂိုလ်ဖြစ်သည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (၁၉၈၈–၉၀)၊ ပြည်သူ့ဒီမိုကရေစီပါတီ (၂၀၁၀)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ (၂၀၁၀)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD (၂၀၁၂–၂၀၂၃) တို့ ဖြစ်သည်။ ဤမျှဆိုလျှင် ကွီးဖြီုး၏ မာယာတသိန်း ပလိန်းအနန္တကို တွက်ဆနိုင်ကြပေမည်။

စဏ္ဍာလမင်းကြီးကဲ့သို့ ရွှန်းပသော NLD အမတ်မ စန္ဒာမင်းမှာလည်း နှယ်နှယ်ရရမဟုတ်။ နှစ်လင်ပြောင်း အဲလေဟုတ်ပေါင် နှစ်ဖွဲ့ပြောင်းခဲ့သူဖြစ်၏။ ပထမတွင် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့များနှင့် လက်တွဲလုပ်ဆောင်နေရာမှ ၂၀၁၂ ရွေးကောက်ပွဲတွင် NLD အမတ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ရန် စုကြည်၏ တော်ကောက်ခြင်း ခံရသည်။ ဤသည်မှာ အမတ်ဖြစ်ချင်လွန်း၍ ရွစိထိုးနေသူ ရှစ်ပူးကိုကိုကြီး ကိုပင် ကျော်တက်သွားခြင်းဖြစ်ရာ သူမ၏ အရည်အချင်းကို အကဲခတ်နိုင်ကြပေမည်။  သူမသည်လည်း ရာဇဝင်ထဲက မိန်းမသားတယောက်ဖြစ်၏။

ယင်းတို့အား ယခု ထုတ်ပယ်ပစ်သော NLD ပါတီကို ၁၉၈၈ ခုနှစ်တွင် စုကြည် က ဦးစီး၍ မဆလ စစ်ဗိုလ်ချုပ်ဟောင်းကြီးများ ဝန်းရံလျှက် စတင်ထူထောင်သည်။ ပါတီမှ ပထမဦးဆုံး ထွက်သွားရသူမှာ စမူဆာအောင်ကြီးဟု လူသိများသော ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး ဖြစ်၏။ ပါတီက ပထမဦးဆုံးထုတ်ပယ်ခံရသော ခေါင်းဆောင်မှာ စုကြည်အဲရစ် ကိုယ်တိုင်ဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် (ဗိုလ်မှူးချုပ်ဟောင်း)ဦးအောင်ရွှေဦးဆောင်သည့် NLD ပါတီက အကျယ်ချုပ်ကျနေသော စုကြည် ကို ထုတ်ပယ်ပစ်သည်။ သူမ ဘာလုပ်သည် ထင်သနည်း။ အကျယ်ချုပ်မှ လွတ်သောအခါ ဦးအောင်ရွှေကို အိမ်တိုင်ရာရောက် သွားကန်တော့၏။

၂၀၁၀ တွင် ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး သဘောထားကွဲလွဲကြပြီး ဝင်လိုသော ပါတီခေါင်းဆောင်ပိုင်းမှ ဒေါက်တာသန်းငြိမ်း၊ ဦးခင် မောင်ဆွေတို့ ပါတီမှ နှုတ်ထွက်ကာ တစင်ထောင်ကြ၏။ ၂၀၁၂ တွင် စုကြည်ခေါင်းဆောင်သည့် NLDက ရွေးကောက်ပွဲမဝင်ဟူသော သူ့တံတွေးသူပြန်မျိုကာ ကြားဖြတ် ရွေးကောက်ပွဲကို ခြေဥအောက် ဒူးထောက်ကာ ဝင်သွားပြန်၏။ စုကြည် သည်လည်း ရှုံ့ချည်နှပ်ချည် လုပ်တတ်သော ရာဇဝင်ထဲမှ မိန်းမသားအဖြစ် သမိုင်းတွင်ကျန်ရစ်၏။

အချုပ်ဆိုရသော် NLD ပါတီသည်လည်းကောင်း၊ ပါတီဝင်များသည်လည်းကောင်း မူဝါဒဟူ၍ ခိုင်ခိုင်မာမာမရှိ။ ဟိုကွေ့ဟိုတက်နှင့်လှော်၊ ဒီကွေ့ဒီတက်နှင့် လှော်နေကြသူများဖြစ်၏။ လူကိုကြည့်ကြည့်၊ မူကိုကြည့်ကြည့် တစက်မှ အထင်ကြီးလေးစားစရာမရှိ။

ထို့ကြောင့် ကျွန်ုပ်သည်လည်း ယင်းတို့ကို ခါးပြောင်းပြန် ကိုင်းညွတ်လျက် အလေးပြုလိုက်ရပေသည်။

Post a Comment

Previous Post Next Post