အနုပညာရှင်တွေရဲ့ ဟန်ဆောင်အပြုံးတွေမရှိသင့်တဲ့ ၂၀၂၃ အကယ်ဒမီဆုပေးပွဲအပိုင်း (၁)


လာမယ့် ၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်နေ့မှာ ၂၀၁၉-၂၀၂၀-၂၀၂၂ ခုနှစ် ၃ နှစ်တာ ကာလအတွက် အကယ်ဒမီဆုပေးပွဲအခမ်းအနားကို ကျင်းပသွားမယ်လို့ သိရပါတယ်။ ကိုဗစ်ကြောင့် မကျင်းပတာကြာပြီဖြစ်တဲ့ အကယ်ဒမီဆုပေးပွဲကို ဒီနှစ်မှာ ထူးထူးခြားခြားနဲ့ သမိုင်းဝင်ဆုပေးပွဲအခမ်းအနားတစ်ခုအဖြစ် နေပြည်တော်မြို့တော်ခန်းမအနီးရှိ လဟာပြင် ကဇာတ်ရုံမှာ ခမ်းခမ်းနားနားကျင်းပသွားမှာဖြစ်ပါတယ်။

အကယ်ဒမီဆုဆိုတာ အနုပညာရှင်တိုင်းရဲ့ အိပ်မက်ဖြစ်ပြီး ကြိုးစားမှုပန်းတိုင် တစ်ခုလည်း ဖြစ်ပါတယ်။ ဒီနှစ်မှာဆုရတဲ့သူတွေဟာ သမိုင်းဝင်မှတ်တမ်းတစ်ခု တည်ဆောက် နိုင်မှာဖြစ်သလို ပြည်သူတွေရဲ့ အသိအမှတ်ပြုခံရမှာလည်း ဖြစ်ပါတယ်။ ဆုပေးပွဲအခမ်းအနားမှာ ဆုယူဖို့အတွက် ဆန်ကာတင်ရွေးချယ်ခံရသူတွေရှိသလို ဆုရမယ့် အနုပညာရှင်တွေကို အားပေးဂုဏ်ပြုဖို့အတွက် တက်ရောက်လာမယ့် အနုပညာရှင် တွေလည်း တွေ့ရမှာဖြစ်ပါတယ်။ ဆုမရတဲ့သူတွေကလည်း ဆုရတဲ့သူတွေရဲ့ ကြိုးစား ခဲ့မှုတွေကို နမူနာယူ၊ အတုယူပြီး နောင်တစ်ချိန်မှာ သူတို့ဘယ်လို ကြိုးစားရမလဲဆိုတာ တွေကို ကောင်းကောင်းသင်ယူနိုင်ကြမှာ ဖြစ်ပါတယ်။

အခုချိန်မှာ ကြားနေရတဲ့သတင်းတွေအရ အကယ်ဒမီဆုပေးပွဲကို မတက်ရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ်ဆိုတာတွေကြောင့် အချို့က ကြောက်တဲ့စိတ်နဲ့ ပွဲတက်ဖို့ပြင် နေကြသလို၊ အချို့က ပွဲမတက်ချင်လို့ အကြောင်းပြချက်ကောင်းကောင်းပေးဖို့ ပြင်ဆင် နေတဲ့သူတွေလည်း ရှိနေတယ်လို့သိရတယ်။ မိမိရဲ့ အနုပညာနယ်ပယ်နဲ့ ပတ်သက်ပြီး ခမ်းခမ်းနားနားကျင်းပပြုလုပ်ပေးမယ့် အကယ်ဒမီဆုပေးပွဲကို အနုပညာရှင်အဖြစ် အသိအမှတ်ပြုလို့ ဖိတ်ကြားခံရတာကို တက်ရောက်ခြင်း/မတက်ရောက်ခြင်းဆိုတာဟာ ကာယကံရှင်ရဲ့ ဆုံးဖြတ်ချက်သာလျှင် အဓိကဖြစ်ပါတယ်။ အနီးစပ်ဆုံးပြောရရင် နိုင်ငံ တစ်နိုင်ငံမှာ ရွေးကောက်ပွဲကျင်းပတယ်ဆိုတာ အစိုးရကလုပ်ရမှာဖြစ်သလို မဲပေးခြင်း/ မပေးခြင်းဆိုတာကလည်း ပြည်သူတွေရဲ့ သဘောဆန္ဒအတိုင်းပဲ ဖြစ်ပါတယ်။ အခုလည်း အကယ်ဒမီဆုပေးပွဲ ပြုလုပ်ပေးခြင်းဆိုတာ နိုင်ငံတော်တာဝန်ရှိသူတွေရဲ့ အလုပ်ဖြစ်သလို ဒီပွဲကိုတက်ရောက်ခြင်း/ မတက်ရောက်ခြင်းဆိုတာကလည်း ကာယကံရှင် အနုပညာ သည်တွေရဲ့ သဘောဆန္ဒနဲ့ကိုယ်တိုင် ဆုံးဖြတ်ချက်ချရမယ့် ကိစ္စပဲဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါဦးမည်)

Post a Comment

Previous Post Next Post