စိတ်ကူး ကောင်းလိုက်တာဗျာ " ပိုဝယ်ခဲ့ပါ "


ပိုဝယ်ခဲ့ပါ
စာသားလေးမြင်တော့ ။

ကိုယ်လည်း ဘာကို ပိုဝယ်ခဲ့ရမှာလဲ ပေါ့။

မြောက်ဥက္ကလာ အတွင်းက
စာရေးကိရိယာ ဆိုင်ရှေ့မှာ
လူငယ်လေးတွေက
ပိုဝယ်ခဲ့ပါ စာတန်းပါ အကျီ လေးတွေ နဲ့
ပိုဝယ်ခဲ့ပါ အစီအစဉ် ကို
မိတ်ဆက်ဖို့ ရှိသေး
အလှူခံ အထင် နဲ့ ဆိုင်ရှင်က မောင်းထုတ်လိုက်တယ်။

လမ်းမှာလည်း
လူတိုင်းက နောက်ပြောင်ကြတယ်။

" ဘာပိုဝယ်ခဲ့ရမှာလဲ ။ "

" ငါ့အတွက် လည်း ပိုဝယ်ခဲ့ဦး "

ဘီယာလေး ၂ လုံးလောက်က ပါသေး ။

ဒီလို နဲ့ နောက်တစ်ဆိုင်ကို သွား
ရှေ့နည်းအတိုင်းပဲ ဆိုင်ရှင်က
အလှူခံအထင် နဲ့ မောင်းထုတ်လိုက်တယ်။

ပိုဝယ်ခဲ့ပါ တူညီ ဝတ်စုံ နဲ့ လူငယ်လေးတွေ
ခေါင်းငိုက်ဆိုက်လို့ တတိယဆိုင်ကို
မရဲတရဲ ထပ်ဝင်လိုက်တယ်။

ကံကောင်းစွာ နဲ့ တတိယ ဆိုင်က
လက်ခံစကားပြောတယ်။

တကယ့်တကယ် ပိုဝယ်ခဲ့ပါ ရဲ့
အဓိပ္ပာယ်ကို သိကြတဲ့ အချိန်မှာ
ဆိုင်ရှင်တွေ ရော လမ်းပေါ်က
နောက်ပြောင်သူတွေပါ  မပျော်နိုင်ကြပါဘူး။

သူတို့ ထင်သလို ပိုဝယ်ခဲ့ပါ ဟာ
ဟာသ တစ်ခု မဟုတ်ခဲ့တဲ့အပြင်
သိပ်ကို ရင်နာစရာကောင်းတယ် ဆိုတာ
သိလိုက်ပါတော့တယ်။

ဆိုင်ရှင်အစ်မ ကို
ရှင်းပြနေတဲ့ ကိုစိုင်း ဆိုတဲ့
အသက် နှစ်ဆယ် ၊ သုံးဆယ် ဝန်းကျင် လူငယ်တစ်ဦး။

သူ့ရဲ့ ရှင်းပြမှုအပြီးမှ ဆိုင်ရှင်က
လိုလိုလားလား သူတို့အဖွဲ့ကို လက်ခံကြိုဆိုကြတယ်။

" သိပ်ကောင်းတာပဲ ကလေးတို့ရယ်
ပုံးလေးတွေ ထားခဲ့ ကြ ပြည့်တာနဲ့
ဖုန်းဆက်မယ် လှူမယ့် သူမရှိရင် အစ်မတို့ လှူမယ် " တဲ့

လူငယ်လေးတွေ က ပြုံးပျော်ပြီး
ဆိုင်အတွင်း တက်ကြွတဲ့
ခြေလှမ်းတွေ နဲ့ ထွက်ခွာသွားကြတယ်။

ဆိုင်ရှင် အစ်မကတော့
ခေါင်းလေးငြိမ့်ပြီး ကျန်ခဲ့ရှာတယ်။

တကယ်တော့ ပိုဝယ်ခဲ့ပါ ရဲ့ အဓိပ္ပာယ် က ။

မိုးရာသီ ရောက်လာလို့
ကိုယ့်သားသမီးတွေ ကို ကျောင်းထားဖို့အတွက်
စာရေးကိရိယာ ပစ္စည်းတွေ ဝယ်ဖို့
ကျောင်းစိမ်းတွေ ဝယ်ဖို့
ဖိနပ် နဲ့ ထီး အစရှိတဲ့ ကျောင်းသုံးပစ္စည်းတွေ
ဝယ်ပေးဖို့ စဉ်းစားနေချိန်မှာ
နိုင်ငံတစ်ဝန်းက ဆင်းရဲချို့တဲ့ တဲ့
မိဘမဲ့ ကလေးတွေ နဲ့ စစ်ဘေးသင့် ၊
စစ်ဘေးရှောင် ကလေးတွေ အတွက်
စဉ်းစားပေးမယ့် သူတွေ ရှိမနေခဲ့ပါဘူး။

ဒါကြောင့်
စာရေးကိရိယာဆိုင် မှာ
ကိုယ့်ရဲ့ သားသမီးတွေ အတွက်
ကျောင်းသုံး ပစ္စည်းတွေ ဝယ်တဲ့ အချိန်
တစ်ဖက်က နွမ်းပါးတဲ့ မိဘမဲ့ ကလေးတွေ အတွက်
ခဲတံလေး ၁ ချောင်းပဲ ဖြစ်ဖြစ်
ပိုဝယ်ခဲ့ပြီး ဆိုင်ရှေ့မှာ ရှိတဲ့ ပိုဝယ်ခဲ့ပါ
ပုံးလေးထဲ ထည့်ပေးခဲ့ရုံပါ။

ခဲတံ တစ်ချောင်းဆိုတာ မြန်မာငွေကျပ် ၁၀၀/၂၀၀ ပဲ ရှိပါတယ်။

ပုံးလေးပြည့်တာနဲ့ ပိုဝယ်ခဲ့ပါ
အစီအစဉ်က လူငယ်လေးတွေ က လာယူပြီး
စစ်တမ်းကောက်ထားတဲ့
ကျောင်းသုံး ပစ္စည်း လိုအပ်နေတဲ့
မိဘမဲ့ ကလေးတွေ တက်တဲ့
ကျောင်းတွေကို ပြန်လည်လှူဒါန်းပေးတာပါ။

လူငယ်လေးတွေ ရဲ့ နောက်ကျောကို ကြည့်
တတိယမြောက် ဆိုင်ရှင်အစ်မ ပြုံးချလိုက်တော့တယ်။

အဲ့ဒီအပြုံးက
မိဘမဲ့ ကလေးတွေ အတွက်
အနာဂတ်လှပတော့မယ့် နိမိတ် ထင်ပါရဲ့ .........။

ဆိုင်ထဲဝင်လာတဲ့ အဒေါ်ကြီးကို ကြည့်
တတိယမြောက် ဆိုင်ရှင် ရဲ့ ပါးစပ်က ပိုဝယ်ခဲ့ပါတဲ့။

ထို့နောက် ထို့နောက် .......
ဆိုင်ရှေ့က ပုံးလေးတွေ ထဲ
ခဲတံလေးတွေ ၊ ပေတံလေးတွေ
ခုန်ပေါက် ပြေးလွှားဝင်သွားကြတယ်။

သားတို့ သမီး တို့အတွက်
ခဲတံလေး တစ်ချောင်းလောက် ပိုဝယ်ခဲ့ပေးပါ အန်တီ။

------------
မင်းရသ

ဆက်သွယ်လှူဒါန်း လိုပါက
Youth Integrate Society
09891961973
0943154868
#credit ကူးယူဖော်ပြသည်

Post a Comment

Previous Post Next Post