လုယက်သတ်ဖြတ်သူများ၏ ရန်ကို ကာကွယ်ရန် တက္ကစီ ယာဉ်မောင်းအချို့ အခိုင်အမာ အကာအရံ ပြုလုပ်လာ


တက္ကစီများကို ပစ်မှတ်ထားလုယက်သတ်ဖြတ်သူများ၏ ဘေးအန္တရာယ်မှ ကာကွယ်ရန် တက္ကစီယာဉ်မောင်းအချို့က နည်းလမ်းစဉ်းစားလာကြရာ ကိုဗစ်ကာလတွင် ကာကွယ်ခဲ့သကဲ့သို့ ယာဉ်မောင်း၏ နေရာကို သံဇကာဖြင့် အခိုင်အမာကာရံကာ ပြေးဆွဲခြင်းပြုလုပ်လာနေကြောင်း MT News က တွေ့မြင်ရသည်။

အဆိုပါ သံဇကာသည် ယာဉ်မောင်းနေရာတစ်ခုလုံးကို အကာအရံ ပြုလုပ်ထားခြင်းဖြစ်ပြီး ငွေပေးငွေယူလုပ်ရန် အပေါက်ငယ်တစ်ပေါက်သာ ပါဝင်ကာ ထိုသို့ ပြုလုပ်လိုက်ခြင်းဖြင့် လုယက်သူများအနေဖြင့် လုယူရန် ခက်ခဲသွားမည်ဖြစ်ကြောင်း အကာအရံတပ်ဆင်ထားသူယာဥ်မောင်းတစ်ဦးက ရှင်းပြသည်။

“ကျွန်တော်လုပ်ထားတာ ကြာပြီ။ ၄၅၀၀၀ ပဲကုန်တယ်။ အသိသံဖြူသမားတစ်ယောက်ကို ငါ့ကားအလုမခံရအောင် အကာလုပ်ပေးဖို့ဆိုပြီး အပ်လိုက်တာ”ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြောက်ဥက္ကလာပမြို့နယ်၊ မင်္ဂလာဒုံပုလဲမြို့နယ်ဘက်ခြမ်းတွင် တက္ကစီယာဉ်များကို ငှားစီးပြီး ယာဉ်ကို လုယက်သည့် ဖြစ်စဉ်များ ငါးခုထက်မနည်းဖြစ်ပွားခဲ့သည့်အပြင် ယာဉ်မောင်းကို ဓားထောက်ကာ လုယက်သည့် ဖြစ်စဉ်များလည်း ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည်။ ထို့အပြင် အင်းစိန်တွင်နေထိုင်သည့် ကိုပေါ်ထင်ကျော်အမည်ရှိ အငှားယာဥ်မောင်းတစ်ဦးကို သတ်ဖြတ်သွားသည့်ဖြစ်စဥ်လည်း ဧပြီ ၁၂ ရက်ကပင် ဖြစ်ပွားခဲ့သည်။

“အဓိကတော့ အခုလို အခိုင်အမာ ကာထားတဲ့အတွက် လုမယ့်သူတွေက လုပ်လို့ မရတော့ဘူး။ ကျွန်တော်က သက်သက်အပ်ပြီးတော့ ဒါကို လုပ်ခိုင်းတာပါ။ အရင်က ကျွန်တော်တို့ တက္ကစီ ယာဉ်မောင်းအချင်းချင်း တစ်ခုခု ကြုံနေရပြီဆိုရင် အချက်ပြမီးဖွင့်ဖို့ဆိုပြီး လုပ်ထားတာ ရှိပါတယ်။ ဒီလို လုပ်မယ့်ဟာက မအောင်မြင်ဘူး ထင်တယ်။ အခုနောက်ပိုင်း ဒီလိုလုပ်မယ်ဆိုတာ မကြားရတော့ဘူး” ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ဆိုသည်။

ထိုသို့ အရံအတားလုပ်ထားသည့်အတွက် လုယက်သတ်ဖြတ်လိုသူများ၏ ဘေးရန်အပြင် တက္ကစီငှားစီးသူများ၏ ယုံကြည်စိတ်ချရမှုကို ရရှိကြောင်းလည်း အကာအတားတပ်ဆင်ထားသူ အငှားယာဥ်မောင်းတစ်ဦးက ပြောသည်။ ထို့ပြင် တစ်သိန်းပင်မကုန်သည့် ထိုအရံအတားလုပ်ထားခြင်းအားဖြင့် လုယက်သူများကြောင့် ကားဆုံးရှုံးခြင်း၊ အသက်ဆုံးရှုံးခြင်း၊ မိမိတစ်နေကုန်ပင်ပင်ပန်းပန်းရှာဖွေထားသည်များကို လုယက်ခံရခြင်းများလည်း ကင်းဝေးမည်ဖြစ်၍ ထိုသို့သောအရံအတားများကို လုပ်ထားစေလိုကြောင်းလည်း အကြံပြုကြသည်။

“အခုက တက္ကစီသမားကို စီးသူကကြောက်၊ စီးသူကို တက္ကစီသမားက ကြောက်တဲ့ခေတ်။ ဒီလိုတပ်ထားတော့ စီးသူတချို့ကဆို ကျွန်တော်က ကြောက်ကြောက်နဲ့ငှားစီးတာ။ အကိုက ကျွန်တော့်ထက်ပိုကြောက်ပြီး ကိုယ့်လုံခြုံရေးကိုယ် ကာကွယ်ထားတော့ မကြောက်တော့ဘူးဆိုပြီးတောင် သူတို့က ပြန်စနောက်သွားတာ။ ဒီလိုလုပ်ထားတော့ ခရီးသည်ယုံကြည်မှုလည်းရ၊ ကိုယ့်ကိုယ်ကိုယ်ကာကွယ်မှုလည်းရသလို လုယက်မဲ့သူတွေကလည်း ထင်တိုင်းလုပ်မရတော့ဘူးပေါ့” ဟု မှတ်ချက်ပြုသည်

Post a Comment

Previous Post Next Post