လက်နက်များဖြင့် ဖမ်းဆီးရမိခဲ့သည့် မိုးညှင်း NLD ပါတီ အမတ်ဟောင်းနှစ်ဦးကို နှစ်ရှည်ထောင်ဒဏ် အသီး သီး ချမှတ်


လက်နက်များဖြင့် ဖမ်းဆီးရမိခဲ့သည့် မိုးညှင်း NLD ပါတီ အမတ်ဟောင်းနှစ်ဦးဖြစ်သည့် ဒေါ်သက်ထားနှောင်း နှင့် ဦးမျိုးကျော်တို့အား မြစ်ကြီးနားခရိုင်တရားရုံးက နှစ်ရှည်ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။

NLD ပါတီ အမတ်ဟောင်းတစ်ဦးဖြစ်သည့် ဒေါ်သက်ထားနှောင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၄) ရက်နေ့ နံနက် (၁) နာရီခန့်က နမ္မားမြို့၊ အောင်မင်္ဂလာရပ်ကွက်မှာ ဖမ်းဆီးရမိခဲ့ပြီး အများပြည်သူ၏ အကျိုးပျက်စီး စေသော ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) ဖြင့် ၂၀၂၂ခုနှစ်၊ မေလ ၂၆ ရက်နေ့၌ မြစ်ကြီးနားမြို့နယ် တရားရုံးမှ ထောင်ဒဏ် (၁)နှစ် ချမှတ်ခဲ့သည်။

ထို့နောက် ဒေါ်သက်ထားနှောင်းအား မြစ်ကြီးနားမြို့နယ်တရားရုံးမှ ၂၀၂၃ခုနှစ်၊ မတ်လ (၃၀) ရက်တွင် အကြမ်းတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) အတွက် ထောင်ဒဏ် (၁၀) နှစ် ထပ်မံချမှတ်လိုက်ခြင်းကြောင့် စုစုပေါင်း ထောင်ဒဏ် (၁၁) နှစ် ချမှတ်ခံရခြင်းဖြစ်သည်။

မိုးညှင်းမြို့နယ် NLD ပါတီ အမတ်ဟောင်းတစ်ဦးဖြစ်သည့် ဦးမျိုးကျော်ကို ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် မြစ်ကြီးနားမြို့ ၂၁ မိုင်ဂိတ်၌ NUG ရဲ့ ငွေတိုက်စာချုပ်တွေ့ရှိမှုဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အမတ်ဟောင်း ဦးမျိုးကျော်ကို မြစ်ကြီးနားမြို့နယ်တရားရုံးတွင် မတ်လ (၃၀) ရက်က အကြမ်းဖက်လုပ်ငန်း၌ ပါဝင်ရန်တိုက်တွန်းခြင်း ပုဒ်မဖြစ်သည့် ပုဒ်မ ၅၂(က)ဖြင့် ထောင်ဒဏ် (၇)နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။

Post a Comment

Previous Post Next Post