သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ်ရေး အဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးလျက်ရှိ



မေ ၂၇၊ ရခိုင်နေ့စဥ်

          သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေ လွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး အဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

          ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့တွင် ပုဏ္ဏားကျွန်းမြို့၌ရောက်ရှိအခြေပြု လျက်ရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် အဆိုပါမြို့ရှိ မြို့ဦးဘုန်းကြီးကျောင်း တွင် လမ်းဘေးဘယ်ညာမှ လဲကျနေသော သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

          အလားတူ ရသေ့တောင်မြို့သို့ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့ များသည် ရသေ့တောင်မြို့ရှိ ဒေသခံပြည်သူများအား သောက်သုံးရေများ ဖြန့်ဝေပေး လျက်ရှိပြီး လမ်းဘေးဘယ်ညာမှ လဲကျနေသော သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

          အလားတူ မောင်တောမြို့သို့ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် ၃ မိုင် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးပြီး  သဘာဝဘေးဒဏ်ကြောင့် လဲကျနေသော သစ်ကိုင်း များအား ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးကာ ဆန်၊ ဆီ၊ ဆား၊ ပဲ စသော စားသောက်ဖွယ်ရာများနှင့် လှူဖွယ်ပစ္စည်းများကို လှူဒါန်းသည်။

          အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် အဆိုပါမြို့ရှိဒေသခံပြည်သူများအား သောက်သုံးရေများ ဖြန့်ဝေပေးလျက်ရှိသည်။

          ထို့ပြင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုများအရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင်များ ဖြင့် ဖွဲ့စည်းထားသည့် အထူးဆေးကုသရေးအဖွဲ့သည် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်၌ ယာယီဆေးရုံ ဖွင့်လှစ်၍ နယ်မြေခံကျန်းမာရေးအဖွဲ့များနှင့် ပူးပေါင်းကာ ဒေသခံပြည်သူ များအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။

Post a Comment

Previous Post Next Post