ဒေါက်တာမျိုးအောင်နဲ့ ဦးနိုင်ငံလင်း အဂတိအမှု အထူးအယူခံပယ်ချခံရ


■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နဲ့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့အပေါ် ထောင်ဒဏ်တွေ ချမှတ်ထားတဲ့ အဂတိအမှု ခြောက်မှုရဲ့ အထူးအယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဇွန်လ ၆ ရက်နေ့မှာ ပယ်ချခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဦးနိုင်ငံလင်းရဲ့ အဂတိအမှု ငါးမှုနဲ့ ဒေါက်တာမျိုးအောင်ရဲ့ အဂတိအမှု တစ်မှုတို့ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ အယူခံတက်ခဲ့ပေမယ့် ပယ်ချခံထားရပြီး အခုအထူးအယူခံဆက်တက်တဲ့ အခါမှာလည်း လက်မခံဘဲ ထပ်မံပယ်ချခံရတာလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒေါက်တာမျိုးအောင်ဟာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူဖြစ်ပြီး  စစ်ကောင်စီဘက်က စွပ်စွဲတဲ့ အမှုမျိုးစုံအတွက် ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခံထားရပါတယ်။

သူဟာ NLD ပါတီရဲ့  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (CEC) တစ်ဦးဖြစ်သလို NLD အစိုးရလက်ထက်မှာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် မြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့သူပါ။

ဦးနိုင်ငံလင်းကတော့ စစ်ကောင်စီက စွပ်စွဲတဲ့ အဂတိအမှုငါးမှုနဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံထားရပါတယ်။

သူဟာ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီရဲ့ သာကေတမြို့နယ် တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ပြီး ရန်ကုန်တိုင်းအစိုးရ အဖွဲ့မှာ လူမှုရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။

ရရှိထားတဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေ၊ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေနဲ့ အစိုးရဝန်ထမ်း စတဲ့သူကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခံရတာ ၇၀ ဦးခန့်ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပေါ် ထောင်ဒဏ်တွေချမှတ်ထားတဲ့ အမှုတွေကိုလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ အယူခံ၊ အထူးအယူခံအဆင့်ဆင့် တက်ထားပြီး တချို့အမှုတွေကို လက်ခံစစ်ဆေးနေသလို တချို့အမှုတွေလည်း ပယ်ချခံထားရပါတယ်။

crd း

🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴

Post a Comment

Previous Post Next Post