အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ယခုနှစ်ရွာစဉ်လှည့်ကာ ရိုးရာအတိုင်း ဒေသစာရီ ကြွမည်


ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းလေး ဖောင်တော်ဦးရုပ်ရှင်တော်မြတ်များသည် အောက်တိုဘာ (၁၅) ရက်မှ စတင်၍ နိုဝင်ဘာ (၁) ရက်အထိ ရှေးအစဉ်အလာအတိုင်း (၂၁)ဌာနသို့ ဒေသစာရီအပူဇော်ခံကြွရောက်မည်ဖြစ်ကြောင်း သိရသည်။

"ရွာစဉ်မလှည့်တာ ကိုဗစ်ထဲကဆိုတော့ ၄နှစ်လောက်ရှိပြီထင်တယ်၊ရွာစဉ်လှည့်ရင် ဆွဲလှေတွေနဲ့ဖောင်တော်ကိုဆွဲကြတာ၊ကိုယ့်လှေကိုယ့်တီးဝိုင်းနဲ့ အင်းသီချင်းတွေ၊ဓမ္မတေးတွေနဲ့ပျော်စရာကြီးပေါ့၊ဆွဲလှေတွေအတွက် ရွာခံတွေကထမင်းထုပ်လှူ၊ဘုန်းကြီးတွေကိုကျဆွမ်းကပ်ပေးကြတယ်၊နယ်စုံကလည်းလာလှူကြတယ်"ဟု မန္တလေးမှသွားနေကျအလှူရှင်တစ်ဦးကဆိုသည်။

"ရွာတွေရောက်လို့ ဖောင်တော်ပေါ်ကနေကျောင်းတော်ပေါ်ပင့်ရင် ရွာမှာရှိတဲ့ကျောင်းဒကာ၊ဘုရားဒါယကာ၊ဂေါပက တွေပဲ ပင့်ရပါတယ်၊ ရွာတွေမှာလည်း ကိုယ့်အဆက်နဲ့ကိုယ် ပြည်မကအလှူရှင်တွေ ရောက်နေကြလေ့ရှိတယ်ဗျ၊လာကြည့်တဲ့သူတွေကတော့အများကြီးပေါ့ဗျာ၊ ဟိုတုန်းကတော့နိုင်ငံခြားသားတွေပါလာကြည့်ကြတာလေနော့"ဟု ဂေါပကတစ်ဦးကပြောသည်။

ပြည်သူများ ကုသိုလ်တရား တိုးပွားစေရန်ရည်သန်၍ ဒေသစာရီအပူဇော်ခံကြွရောက်တော်မူခြင်းဖြစ်ကာ အောက်တိုဘာ (၁၅)ရက်နံနက် (၄) နာရီတွင် ဖောင်တော်ဦးကျောင်းတော်၌ ဒေသစာရီအပူဇော်ခံကြွချီခြင်း မင်္ဂလာအခမ်းအနားဖွင့်လှစ်ပြီးနောက် နံနက်(၇)နာရီတွင် အင်းတိန်ကြေးပေါခုံ ကျောင်းသို့ ကြွရောက်၍ ညကျိမ်းအနေဖြင့် အပူဇော်ခံတော်မူမည် ဖြစ်သည်။

အောက်တိုဘာ (၁၆) ရက်နံနက်မှ စတင်ကာ ကြေးပေါခုံကျောင်း- အင်းတိန်စံကျောင်း- ဟဲယားရွာမစံကျောင်းများသို့ကြွချီကာ ညကျိမ်းအနေဖြင့် (၂) ည အပူဇော်ခံမည်ဖြစ်သည်။

အောက်တိုဘာ (၁၈) ရက်နံနက်ပိုင်းတွင် ဟဲယာရွာမစံကျောင်းမှ ငါးဖယ်ချောင်ကျောင်းတွင် ညကျိမ်းကာ အောက်တိုဘာ (၁၉) ရက်၌ ငါးဖယ်ချောင်ကျောင်းမှ ထွက်ခွာပြီး ကြေးစာကျောင်းတွင် ညကျိမ်း အပူဇော်ခံသွားမည်ဖြစ်သည်။

အောက်တိုဘာ (၂၀) ရက်တွင် ကြေးစာကျောင်းမှ ပွဲစားကုန်းကျောင်း- လင်းထင်ကျောင်း၊ အောက်တိုဘာ(၂၁)ရက်တွင် လင်းထင်ကျောင်းမှ ညောင်ရွှေမြို့ကျောင်းတော်သို့ကြွချီ၍ (၃) ရက်ညကျိမ်းအပူဇော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ (၂၄) ရက်၌ ညောင်ရွှေမြို့ကျောင်းတော်မှ နန်းသဲကျောင်း- မိုင်းသောက်ကျောင်း၊ အောက်တိုဘာ (၂၅) ရက်တွင် မိုင်းသောက်ကျောင်းမှ သလဲဦးကျောင်းသို့ ကြွချီကာ ညကျိမ်းမည်ဖြစ်ပြီး အောက်တိုဘာ (၂၆) ရက်၌ သလဲဦးကျောင်း-ကေလာကျောင်း- ဇရပ်ကြီးကျောင်းသို့ကြွရောက်၍ ညကျိမ်းမည်။

အောက်တိုဘာ(၂၇)ရက်တွင် ဇရပ်ကြီးကျောင်း-အလိုတော်ပေါက် တောင်ကျောင်း- နမ့်ပန်ကျောင်း၊ အောက်တိုဘာ (၂၈) ရက်တွင် နမ့်ပန်ကျောင်း- မကျည်းဆိပ်ကျောင်း -ကျိုက်ခမ်ကျောင်း၊ အောက်တိုဘာ (၂၉) ရက်တွင် ကျိုက်ခမ်ကျောင်းမှ မိုင်းပျိုကျောင်း၌ ညကျိန်းအဖြစ်အပူဇော်ခံသွားမည်ဖြစ်သည်။

အောက်တိုဘာ (၃၀) ရက်တွင် မိုင်းပျိုကျောင်း-နောက်တောကျောင်း၊ အောက်တိုဘာ (၃၁) ရက်၌ နောင်တောကျောင်း- အင်ပေါခုံကျောင်း - ရေသာကျောင်း၊ နိုဝင်ဘာ (၁) ရက်တွင်မူ ရေသာကျောင်းမှ ဖောင်တော်ဦးကျောင်းတော်သို့ ပြန်လည်ကြွချီတော်မူမည်ဖြစ်ကြောင်း သိရသည်။

Post a Comment

Previous Post Next Post