၈ လအတွင်း တရုတ်သို့ ဓာတ်ငွေ့ တင်ပို့မှုမှ ဒေါ်လာ ၁ ဘီလီယံနီးပါး ရရှိထား



ဇန်နဝါရီလမှ ဩဂုတ်လအထိ ၈ လ အတွင်း မြန်မာနိုင်ငံကနေ အမေရိကန်ဒေါ်လာ ၉၉၃.၉၄ သန်း တန်ဖိုးရှိတဲ့ သဘာဝဓာတ်ငွေ့တွေ တင်သွင်းခဲ့ကြောင်း တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ရဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။

အဆိုပါ ကာလအတွင်း ပိုက်လိုင်းကတစ်ဆင့် တရုတ်နိုင်ငံထံ ဓာတ်ငွေ့တင်ပို့မှု အများဆုံးပြုလုပ်နေတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက တတိယအများဆုံး တင်ပို့သူအဖြစ် ရှိနေပါတယ်။

ယခုနှစ် ၈ လအတွင်း တင်ပို့ခဲ့တဲ့ ဒေါ်လာ ၁ ဘီလီယံနီးပါး ပမာဏက ပြီးခဲ့တဲ့ ကာလတူနဲ့ နှိုင်းယှဉ်မယ်ဆိုရင်လည်း ၁၆ ရာခိုင်နှုန်းကျော် မြင့်တက်လာတာကို စာရင်းတွေအရ သိရှိရပါတယ်။

အဆိုပါ ဓာတ်ငွေ့တွေကို ရခိုင်၊ မကွေး၊ မန္တလေးနဲ့ ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းထားထားတဲ့ တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကနေ ပို့လွှတ်ရောင်းချခဲ့တာပါ။

GACC ရဲ့ အချက်အလက်တွေအရ ၁၀ နှစ်အတွင်း မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကနေ တရုတ်နိုင်ငံကို သဘာဝဓာတ်ငွေ့ ၅၂ ဘီလီယံ ကုဗမီတာ ပို့လွှတ်ခဲ့တယ်လို့ သိရှိရပါတယ်။

အဆိုပါ ပိုက်လိုင်းကို SEAGP ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေပြီး မြန်မာ၊ တရုတ်အပါအဝင် ကိုရီးယား၊ အိန္ဒိယတိုနဲ့ လေးနိုင်ငံ ပူပေါင်းဖော်ဆောင်တဲ့ စီမံကိန်းဖြစ်ကာ အမေရိကန်ဒေါ်လာ ၁.၀၄ ဘီလီယံခန့် အသုံးပြုထားပါတယ်။

ပိုက်လိုင်းစီမံကိန်းမှာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ရှယ်ယာ (၇.၃၆) ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ အစုရှယ်ယာရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်လည်ရရှိမှုက ၁၆၅ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

သတင်း - BETV Business

Post a Comment

Previous Post Next Post