ပြည်ပတွင်အလုပ်လုပ်မည့် အလုပ်သမားများအနေဖြင့် တရားဝင်ငွေလွှဲပြောင်းခြင်းမရှိပါက နောက်ထပ် ပြည်ပထွက်ခွာလုပ်ကိုင်ခွင့် သုံးနှစ်ပိတ်ပင်မည်


ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအနေဖြင့် မိမိလုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုများထံသို့ တရားဝင်လမ်းကြောင်းများဖြစ်သည့်  ပြည်တွင်းဘဏ်များမှတစ်ဆင့် လွှဲပြောင်းမည်ဆိုသည့်အချက်ကို လက်မှတ်ရေးထိုးရမည်ဖြစ်ပြီး စည်းကမ်းမလိုက်နာပါက နောက်တစ်ကြိမ် ပြည်ပထွက်ခွာလုပ်ကိုင်ခွင့် သုံးနှစ် ပိတ်ပင်ထားမြစ်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာမှ သိရသည်။

"အခုကတော့ အေဂျင်စီတစ်ဆင့်ကနေပဲ ငွေလွှဲတယ်။ အဲဒီအေဂျင်စီကလည်း ဒီဘက်မှာ တရားဝင်လိုင်စင်ရပြီးသား။ ဘဏ်ကနေတစ်ဆင့်သွားလွှဲရမယ်ဆိုတာက ဘယ်လိုမှ အဆင်မပြေဘူး။ ဘာလို့ဆို အလုပ်က ညမိုးချုပ်မှဆင်းတော့ ဘဏ်တွေကပိတ်နေပြီ။ ဒါကြောင့် အေးဂျင့်တွေဆီကနေတဆင့်လွှဲပေးဖြစ်နေတာပါ" ဟု ထိုင်းနိုင်ငံရှိ အလုပ်သမားတစ်ဦးက ပြောသည်။

လာမည့်စက်တင်ဘာ ၁၁ ရက်မှစတင်ပြီး ထိုင်းနိုင်ငံရှိ MoU မြန်မာအလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင် အလုပ်သမားများ သက်သေခံကတ် (OWIC) ရိုက်နှိပ်ခြင်းများကို မြဝတီမြို့နှင့် ကော့သောင်းမြို့များတွင် One Stop Service ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ ယင်းကဲ့သို့ ဆောင်ရွက်နေစဉ်အတွင်း အေဂျင်စီများနှင့် ညှိနှိုင်းကာ စာချုပ်အသစ်ချုပ်ဆိုရာတွင် မိမိလုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ ဘဏ်များမှတစ်ဆင့် လွှဲပြောင်းပေးမည်ဆိုခြင်းကို လက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း အသိပေးထားသည်။

ပြည်ပတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားများအနေဖြင့် ပြည်တွင်းဘဏ်တစ်ခုခုတွင် Special Account ဖွင့်လှစ်ပြီး မိမိလုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းအား တစ်လတစ်ကြိမ်လည်းကောင်း၊ သုံးလတစ်ကြိမ်လည်းကောင်း လွှဲပြောင်းပေးရမည်ဖြစ်ပြီး၊ မိသားစုထံသို့ လွှဲပြောင်းပေးပို့ခဲ့သည့် အထောက်အထားစာရွက်စာတမ်းများကို သိမ်းထားပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်း၊ ပစ္စည်းများဝယ်ယူခြင်းများတွင် အခွန်ကင်းလွတ်ခွင့် သက်သာခွင့်များရရှိမည်ဖြစ်ကာ စည်းကမ်းချက်မလိုက်နာသော အလုပ်သမားသည် နောက်တစ်ကြိမ် ပြည်ပထွက်ခွာလုပ်ကိုင်ခွင့် သုံးနှစ်ပိတ်ပင်တားမြစ်ခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။

Photo -အလုပ်သမားသံအရာရှိရုံး

Post a Comment

Previous Post Next Post