ဘုရင့်နောင်ဖောင်ဖျက်ကာတိုက်ရမည့်ပွဲ


မင်္ဂလာရှိသော တန်ဆောင်တိုင်ဖြစ်ပါစေလို့ တောင်းဆုအပြင် မြန်မာ့တပ်မတော်သား အရာရှိ/စစ်သည်များ စစ်မြေပြင်မှာ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းထပ်တောင်းရင်း ဆောင်းပါးလေးကို အစချီ ပါရစေခင်ဗျာ။
-
ပြည်ထောင်စုမြေပုံကို ကိတ်မုန့်လှီးသလို လှီးဖို့အကြံနှင့် စတင်ခဲ့သည့် သူပုန်တပ်ပေါင်းစု၏ Operation 1027 စတင်ခဲ့တာ ၁ လ ပြည့်ခဲ့လေပြီ။ တိုက်ပွဲစဉ်တွေမှာ မိမိတပ်မတော်အရာရှိ/စစ်သည် များစွမ်းစွမ်းတမံ ခုခံနေသည်မှာလဲ ၁ လပြည့်ချေပြီ။ လက်နက်/ခဲယမ်း/အင်အားချင်းမမျှသဖြင့် တချို့နေရာတွေမှာ ဆုတ်ခွာပေးလိုက်ရသော်လည်း အကောင်းဆုံး ခံစစ်ဆင်ပြီး ခွာစစ်ဆင်နိုင်ခဲ့သည်များကိုလဲ တွေ့ရသဖြင့် စိတ်ခွန်အားတွေရခဲ့ပြန်သည်။
-
စစ်တို့၏ သဘောမှာ နိုင်သည်လည်းရှိသည် ရှုံးသည်လည်းရှိသည်။ သရေတော့မရှိ။ ဒါကြောင့် ဒီပွဲမှာ ဘယ်သူနိုင်မည် ဘယ်သူရှုံးမည်ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။
-
သူပုန်တော့မသိ .. မိမိတို့ တပ်မတော်အဖို့ ရှုံးလို့တော့မရ။ သေသေကြေကြေ တိုက်ပွဲဝင်ကြရမည် ဆိုတာကတော့ အမှန်ပင်။ ဒီပွဲတပ်မတော်ရှုံးလျှင် ပြည်ထောင်စုဆိုသည့် ဝေါဟာရကြီး မြန်မာနိုင်ငံဆိုသည့် စကားလုံးမှာ ကပ်မရတော့သလို တပ်မတော်၏နှစ် ၇၀ ကျော် စောင့်ထိန်းခဲ့သည့် အစဉ်အလာကောင်း သည်လည်း မြောင်းထဲရောက်သွားမည်ဆိုတာ မြေကြီးလက်ခပ်မလွဲချေ။ ဒါကြောင့် ဒီပွဲကြီး နိုင်ကို နိုင်မှ ရမည်ဖြစ်သည်။ ဒီအချိန်မှာ တချို့တွေ ခုထိကို ဟိုလူ့ လက်ညှိးထိုး ဒီလူ့ လက်ညှိုးထိုးနှင့် အပြစ်တင် ဝေဖန်နေကြတာကိုတွေ့ရသည်။
-
မှန်ပါသည် .. ဒီပွဲတွင် ကျွန်တော်တို့ တပ်မတော်မှာ လိုအပ်ချက်များကို မြင်တွေ့လိုက်ရသည်။ ဒါတွေကို သင်ခန်းစာဖော်ထုတ်ရင်း ပြင်ဆင်ကြရမည်ဖြစ်သည်။ အစ္စရေးတပ်မတော်တောင် ဂါဇာမှာ ရုတ်တရက် ဝင်တိုက်သည့် ဟားမစ်တို့ ထိုးစစ်ကို အလူးအလဲခံလိုက်ရသဖြင့် ရုတ်ချည်းတိုက်စစ်တွင် တပ်မတော်များ အထိနာကြသည်မှာ အဆန်းတော့မဟုတ်။ ဒါပေသိ ... သင်ခန်းစာဖော်ထုတ်တာက နောက်မှလုပ်ရမည် ဖြစ်သည်။ လက်ရှိမှာ စစ်ပွဲကို ဆင်နွှဲနေသည့် တပ်မတော်နှင့် တပ်မတော်သား အရာရှိ/စစ်သည်တွေအတွက် နိုင်သလောက်ကို ဝိုင်းကူခြင်းဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ကြပါစို့လို့ ပြောချင်ပါသည်။
-
၁၉၄၈ ခုနှစ်က ဒီထက်ဆိုးသည့် အဖြစ်တွေရှိခဲ့သည်။ တစ်နိုင်ငံလုံးမြို့ကြီးများမှာ ကြက်အိမ် ငှက်အိမ် တွေအလား သူပုန်က အလွယ်တကူသိမ်းပြီး ရန်ကုန်အစိုးရဟု ခေါ်တွင်သည့် ကိုးမိုင်သာသာ သာ ကျန်တော့သည့် အခြေအနေဖြစ်ခဲ့သည်။ ထိုအခြေအနေတွင် ဗိုလ်ချုပ်နေဝင်း ဦးစီးသည့် တပ်မတော်သည် ဘယ်သူ့ကိုမျှ အပြစ်မတင်ဘဲ အင်အားကို ပြန်လည်စုစည်းပြီး အမြန်ဆုံးတိုက်စစ်ပြန်ဆင်ခဲ့သည်။ ဗိုလ်မှူးကြီး တင်မောင်၏ အောင်သာစည်လမ်းဆုံ တိုက်ပွဲမှသည် စစ်ပွဲ၏ချိန်ခွင်လျှာကို ပြောင်းလဲ ပစ်နိုင် ခဲ့သည်။ ဒါက သမိုင်းထဲက အဖြစ်တစ်ခုဖြစ်သည်။
-
ထိုအချိန်မှာလဲ ခုလိုမျိုး ရှုံးလို့မဖြစ်ဆိုသည့် စိတ်တွေနှင့်တိုက်ခဲ့ကြသည်ဆိုတာ အထူးပြောစရာတောင် မလိုတော့။ ဘုရင့်နောင်ဖောင်ဖျက်ကာ သေသေကြေကြေတိုက်ပွဲဝင်ရင်း အောင်ဆန်းသူရိယ ဘွဲ့တံဆိပ် ရရှိသည့် အရာရှိ/စစ်သည်/အရပ်သား ပြည်သူများပင် ပေါ်ထွက်ခဲ့သည်။
-
ခုလည်း ... ကျုပ်တို့တစ်တွေ ဘုရင့်နောင် ဖောင်ဖျက်ကြရပေဦးမည်။ အရှေ့မြောက်စစ်ဒေသ (လောက်ကိုင်)၊ အရှေ့ပိုင်းစစ်ဒေသ(လွိုင်ကော်)၊ အနောက်ပိုင်းစစ်ဒေသ (ရခိုင်)၊ အရှေ့တောင်တိုင်းစစ်ဒေသ (မွန်/ကရင်) တို့မှာ တစ်ခဲနက် တိုက်စစ်ဆင်နေသော ရန်သူသည်လည်း လူသားတွေဖြစ်သည်။ သူတို့မှာ ပစ်ခတ်မှု အကန့်အသတ် မရှိဆိုပေမဲ့ နည်းပညာ၊ လက်နက်နှင့် ရိက္ခာအကန့်အသတ်တွေရှိသည်။ လက်ရှိ အခြေအနေမှာတော့ သူတို့သည် စုဆောင်းထားသမျှ ပုံအောပြီး တိုက်စစ်အရှိန်ကို မြှင့်လျှက်ရှိသည်။ ဒီအချိန်မှာ စစ်ရေးနည်းဖြင့် ရသမျှတောင့်ခံပြီး နည်းလမ်းရှာကြရမည်။ ဒါကို တပ်မတော်အကြီးအကဲများ လည်း သိပါသည်။ သူတို့သည်လည်း အကောင်းဆုံး နည်းဗျူဟာများ ရေးဆွဲကာ ဆောင်ရွက်နေသည် ဆိုတာကိုလဲ ယုံကြည်ပါသည်။
-
စာရေးသူ ဉာဏ်မှီသလောက် သုံးသပ်တင်ပြရလျှင် ရန်သူ ဗကပ သည် စီစီဝမ်တာပန်တွင် ခုလိုပင် လူ/လက်နက် အလုံးအရင်းဖြင့် ဝင်တိုက်ဖူးသည်။ မိမိ တပ်မတော်စခန်းတွေ အလူးအလဲ ခံစစ်ဆင်ရင်း တချို့ စခန်းတွေကျဆုံးကာ စီစီဝမ်တာပန် ဒေသတစ်ခုလုံး ရန်သူ့လက်အောက်ကိုရောက်ခဲ့သည်။ ဒီအခြေ အနေတွင် တပ်မတော်မှ ရန်သူ့ထိုးစစ်အဟုန်ကျသွားသည်နှင့် ပြန်လည်တန်ပြန်တိုက်စစ်ဆင် ခဲ့သည်။ အဆိုပါ စီစီဝမ်တာပန် တိုက်ပွဲကြီးတွင် ရန်သူ ဗကပသည် ဆန် ၃ ဆန် ဆုံးရှုံးသွားပြီး ဘုန်းဘုန်းလဲကာ နားလန်မထူတော့။ ဘာဆန်တွေလဲဆိုတော့ ကျည်ဆန်၊ ပိုက်ဆံ နှင့် စားသည့်ဆန်ပါပင်။
-
ဒါကြောင့် လက်ရှိအခြေအနေကို တပ်မတော်သား အရာရှိ/စစ်သည်တွေနှင့် အတူ ပြည်သူတစ်ရပ်လုံး တောင့်ခံကာ ဖြတ်သန်းကြရမည်ဖြစ်သည်။ ပုံပြင်တစ်ပုဒ် ရှိသည်။ “တစ်မိနစ်သာတောင့်ခံပါ” ဆိုသည့် ပုံပြင်နှင့် ဥပမာပေးချင်ပါသည်။ တစ်ခါတုန်းက ပင်လယ်ပြင်မှာ သင်္ဘောတစ်စီးကို ပင်လယ်ဓားပြများမှ ဓားပြတိုက်သည့် ဖြစ်စဉ်ဖြစ်ပွားသည်။ သင်္ဘောပေါ်တွင်ပါသည့် သင်္ဘောသားများမှာ သင်္ဘော ကပ်ပတိန်နှင့်အတူ လက်နက်ဖြင့် ခုခံသည်။ သို့သော် ဓားပြတွေသည် ဒီ

သင်္ဘောမှမရလျှင် မရတော့ပြီမို့ အတင်းနင်းကန်စုပြုံအောကာ တိုက်ခိုက်သည်။ နောက်ဆုံး သင်္ဘောပေါ်မှ သင်္ဘောသားများ အထိနာလာသည့်အဆုံး သင်္ဘောကပ်ပိတိန်မှာ အညံ့ခံခဲ့သည်ဆိုပါတော့။ နောက်ဆုံး ဓားပြတွေ သင်္ဘောပေါ်တက်လာပြီး လိုအပ်သည်များယူငင်ကာ သင်္ဘောသားတွေကိုသတ်မည်အပြု ဓားပြ ခေါင်းဆောင် က တားမြစ်သည်။ မသတ်နဲ့တဲ့ .. ဒို့ကျေးဇူးရှင်တွေတဲ့။ အဲ့မှာ ဓားပြတွေ မျက်လုံးပြူး ကုန်သည်။ ဓားပြတွေသာမက သင်္ဘောသားတွေပါ သိချင်သွားသဖြင့်မေးကြည့်တော့ ဓားပြခေါင်းဆောင်မှ မချိပြုံးပြုံးရင်းဖြေရှာသည်။ နောက်ထပ် တစ်မိနစ်သာ ထပ်ပြီး တောင့်ခံပါက ဓားပြတွေမှာ လက်နက်/ခဲယမ်း ကုန်ပြီဖြစ်သည်။ အဲ့လိုကုန်သွားလျှင် ဓားပြများသည် သားကောင်များပြန်ဖြစ်သွားပြီး သင်္ဘောသားများမှာ အမဲလိုက်များ ပြန် ဖြစ်သွားမည်ဖြစ်သည်။
-
ဆိုတော့ လက်ရှိအခြေအနေသည် တစ်မိနစ်တောင့်ခံရမည့် အခြေအနေဖြစ် သည်။ ပြီးတော့ ဘုရင့်နောင် ဖောင်ဖျက်ကာ နောက်မဆုတ်တမ်း တိုက်ရမည်။ ၂၀၂၁ ဖေ ၁ မှ စတင်ခဲ့သည့် ဇာတ်လမ်းသည် ခု အလယ်တောင်ရောက်နေပြီဖြစ်သည်။ တပ်မတော်နှင့် တပ်မတော်ဝင်အပေါင်းတို့သည် ဒီဇာတ်လမ်းကို အဆုံးထိ ရေးသားဖို့ သာရှိသည်။ နောက်ပြန်မလှည့်စတမ်း ... ဇာတ်သိမ်းမှာ ပြည်ထောင်စုမြန်မာနိုင်ငံ အလံ တလူလူလွှင့်နေစေဖို့ ရေးသားဖို့ ဘုရင့်နောင်ဖောင်ဖျက်ကာ တိုက်ကြစို့ ဟုသာ တိုက်တွန်းအပ်ပါသည်။
-
“ဒီပွဲ ... ပြည်ထောင်စုကို အစိတ်စိတ်အမွှာမွှာခွဲပြီး
တပ်မတော်ကို အနိုင်တိုက်ဖို့
ပြည်ပနိုင်ငံတွေက အထောက်အပံ့တွေယူကာ
မိစ္ဆာရန်သူတွေရဲ့ ကျူးကျော်စော်ကားတဲ့ပွဲ
ဒီပွဲ ... နိုင်ငံတော်သမိုင်းမှာ
နောက်တစ်ကြိမ် ရန်ကုန်အစိုးရဖြစ်စေဖို့
တိုင်းတစ်ပါးနည်းပညာအကူအညီများနဲ့
တိုင်းပြည်ဖျက် သူရဲတွေ မတရားသောနည်းနဲ့ တိုက်တဲ့ပွဲ
ဒီပွဲ ... ဒီပွဲ
သင်းပြည်ဖျက် မိစ္ဆာရန်သူများ
သံမှုန့်မကလို့ အနုမြူမှုန့်ပဲစားစား
ဘုရင့်နောင်ထုံး နှလူးမူကာ ချေမှုန်းကြရမည့်ပွဲ
ငါတို့နိုင်ကိုနိုင်ရမည် .... တရားသောစစ်ပွဲ”

မင်းထက်ကျော်ဇော

Post a Comment

Previous Post Next Post