အစ္စလာမ်ဘာသာရေးကျောင်းမှ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူနှစ်​ယောက် ထွက်ပြေး လွတ်မြောက်နေ


ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ၂၆ လမ်း (အောက်ဘလောက်) မှာရှိတဲ့ အစ္စလာမ် ဘာသာရေးအခြေခံ စာသင်ကျောင်းတကျောင်းက ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူနှစ်​ယောက်ဟာ လက်ရှိမှာ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်တယ်လို့ အဲ့ဒီ့ကျောင်းနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

ကျူးလွန်သူတွေဟာ အဲ့ဒီ့ကျောင်းရဲ့ ကျောင်းဆရာတွေလို့ သိရပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ကျောင်းဘက်က အမှုဖွင့်တိုင်ကြားတာမျိုး မရှိခဲ့တဲ့အတွက် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ကျောင်းသားမိဘနှစ်ယောက်က ပန်းဘဲတန်းရဲစခန်းမှာ သွားရောက်အမှုဖွင့် တိုင်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဒီအမှုမှာ ပါဝင်နေသူနှစ်ယောက်ဟာ လွတ်မြောက်နေဆဲဖြစ်ပြီး သူတို့ရဲ့နေအိမ်တံခါးတွေ သော့ခတ်ထားတာကိုလည်း တွေ့ရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

“မူဆာဆိုတဲ့ တယောက်ကတော့ ထိုင်းကို ၁၃ ရက်နေ့ကတည်းက ရောက်သွားပြီ။ ထိုင်းရောက်နေကြောင်း အထောက်အထား၊ လေယာဉ်လက်မှတ်လည်း ရှိတယ်။ သူက အသိုင်းအဝိုင်းကြီးတယ်၊ လူသိများတယ်ဆိုတော့ ဖုံးလို့မရတာ။ နောက်တယောက် သတင်းကတော့ လိုက်လို့ မရဘူးဖြစ်‌နေတယ်။ ဧရာ၀တီတိုင်းဘက် ရောက်နေတယ်လို့လည်း ပြောကြတယ်။ တချို့ကလည်း အောက်လမ်းကနေ ထိုင်းထဲ၀င်တယ်လည်း ပြောတယ်။ ဘယ်လိုမှကို လိုက်မရတာ” လို့ ဒီဖြစ်စဉ်ကို သိရှိသူတယောက်က ပြောပါတယ်။

အဲ့ဒီ့ ကျောင်းဆရာနှစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုအတွက် သက်သေဖြစ်တဲ့ ဗီဒီယိုကိုရရှိဖို့ ကလေးငယ်တွေကိုယ်တိုင် ကြိုးစားခဲ့ကြတာဖြစ်ပြီး ဒီဖြစ်ရပ်ကို ကျောင်းအုပ်ချုပ်ရေးပိုင်းက ဒီဇင်ဘာ ၈ ရက်မှာ စတင် သိရှိခဲ့ကြတာဖြစ်ပေမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့မှသာ ကျောင်းဆရာနှစ်ယောက်ကို ခံဝန်ကတိနဲ့ အလုပ်ကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုဟာ ပြစ်မှုမြောက်တာကြောင့် ကျောင်းကနေ အလုပ်ထုတ်ပစ်တာလောက်နဲ့ မလုံလောက်ဘူးလို့ ကန့်ကွက်မှုတွေ ရှိလာပြီးတဲ့နောက် ဒီအရေး လိုက်ပါဆောင်ရွက်နေသူတွေရဲ့ တွန်းအားပေးမှုနဲ့ ကျောင်းသားမိဘနှစ်ယောက်က ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“လက်ရှိအခြေအနေက နစ်နာသူကိုယ်တိုင်က နှစ်ဦးလောက်ပဲ တရားလိုအနေနဲ့ အမှုဖွင့်ထားတာပဲ ရှိသေးတယ်။ ဒီဟာကတော့ ရဲအရေးပိုင်တဲ့အမှု ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ရဲကနေ ဆက်လက်ပြီး အရေးယူဆောင်ရွက်နေပါတယ်။ အဲ့တော့ တရားခံဖမ်းဆီးရရှိရေး အဆင့်တွေ ပြီးတော့မှပဲ ဥပဒေလမ်းကြောင်းအရ တက်လာတဲ့ပုဒ်မအပေါ်မှာ တရားဥပဒေစွဲဆိုတဲ့လမ်းကြောင်းအပေါ်မှာ တရားရုံးရောက်ပြီဆိုမှသာလျှင် ကျွန်မတို့ ရှေ့နေအနေနဲ့ ဆောင်ရွက်ခွင့် ရှိမှာပါ။ အခုကတော့ ကျွန်မအနေနဲ့ကတော့ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ လမ်းကြောင်းကောင်းအောင်တော့ အမှုဖွင့်တဲ့နေ့က စခန်းကို ကိုယ်တိုင် လိုက်ပါဆောင်ရွက်ပေးခဲ့တယ်” လို့ ဒီအမှုနဲ့ ပတ်သက်လို့ လိုက်ပါကူညီ ဆောင်ရွက်ပေးနေသူတယောက်ဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်မြင့်မြင့်ခင်က ပြောပါတယ်။

အခုလို ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်မဆို လက်ခံခွင့်ပြုထားခြင်း မရှိတဲ့အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အမြန်ဆုံး စုံစမ်းစစ်ဆေး အရေးယူသင့်တယ်လို့ အကြံပြု ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

“ဒီအမှုနဲ့ပတ်သက်လို့ တကယ်လို့ တရားလိုကလည်း အချိန်မီသာအမှုဖွင့်ဖြစ်ခဲ့ရင် ဒီလောက် အ‌ခြေအနေအထိ ဆိုးသွားမှာမဟုတ်ဘူး။ နစ်နာတဲ့သူတွေကလည်း အများကြီးရှိပေမယ့် ဘယ်သူမှ ရှေ့မထွက်လာဘူး။ ကိုယ်ကသာရှေ့က တာပြေး‌ ပြေးနေတာ။ သူတို့ကိုယ်တိုင်က ကြောက်သလိုလို၊ ရှက်သလိုလိုနဲ့ ဆိုတော့လေ ကိုယ်ကသာ အားထုတ်နေတဲ့ အဆင့်မှာပဲရှိနေတာ။ ပြောချင်တာက နစ်နာတဲ့မိဘတွေကပဲ ဒါကို တာထွက်လိုက်မယ်‌ဆိုလို့ရှိရင် နောက်မှာ ဒီဟာကို မခံမရပ်နိုင်ဖြစ်နေတာက တဦးတယောက်တည်း မဟုတ်ဘူး။ သက်ငယ်မုဒိမ်းဆိုတာ ဒီကလေးတွေရဲ့ ရှေ့ဆက်လာမယ့် အနာဂတ်တွေမှာ ဘယ်လို ရှေ့ဆက်သွားမလဲ။ ဒီ နစ်နာနေတဲ့အရာကို ဖော်ထုတ်ဖို့အတွက် မိဘတွေကိုပဲ တိုက်တိုက်တွန်းတွန်းနဲ့ အားလုံးက ပြောကြားစေချင်တယ်” လို့ တရားလွှတ်တော်ရှေ့နေက ပြောပါတယ်။

ဒီဖြစ်စဉ်ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ VOM က ပန်းဘဲတန်းရဲစခန်းကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာတော့ အမှုက စုံစမ်းစစ်ဆေးဆဲဖြစ်တာကြောင့် ထူးခြားမှုမရှိသေးဘူးလို့ စခန်းတာဝန်ရှိသူက ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် ကလေးသူငယ် လိင်အမြတ်ထုတ်ခံရမှုတွေကို ဟန့်တားနိုင်ရေးအတွက် ကျောင်းတာဝန်ရှိသူ အာလင်မ်အိုလမာတွေနဲ့ သက်ဆိုင်ရာပညာရှင်တွေ မနေ့ ဒီဇင်ဘာ ၁၆ ရက်မှာ တွေ့ဆုံဆွေးနွေးထားကြတယ်လို့ သိရပြီး ဆွေးနွေးပွဲအကြောင်းအရာ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

#voiceofmyanmar #VOM #ပန်းဘဲတန်း #အစ္စလာမ်ဘာသာရေးကျောင်း #ကလေးသူငယ် #လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု

Post a Comment

Previous Post Next Post