စစ်နည်းဗျူဟာနဲ့ အချိန်မှီပါစေမြန်မာ့တပ်မတော်


မနေ့က နမ့်ခမ်းစခန်းသစ်ကုန်းဘက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပုံရပြီး၊
ညအထိလေတပ်က ဗုံးကြဲတိုက်ခိုက်ပေးခဲ့ရပါတယ်. လက်ရှိတပ်ရဲ့တစ်ခုတည်းသော အမာဆုံးခံစစ်စခန်းကုန်းအဖြစ်ကျန်ရှိတဲ့
စခန်းသစ်ကုန်းဟာ နောက်ထပ်ဘယ်နှစ်ရက်ထိ ဆက်မာနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ.

တပ်ဘက်က ခုထိ ထူးခြားတဲ့စစ်နည်းဗျူဟာနဲ့ တပ်ရွှေ့ပြောင်းမှုမျိုး လုပ်ဆောင်နိုင်ခြင်းမရှိသေးပဲ လက်တန်းထိုးအမြန်နည်းတွေနဲ့သာ ဖြေရှင်းနေတဲ့ပုံပါပဲ.
နောက်ဆုံးရရှိသတင်းအရ နမ့်ခမ်းကို ရောက်နေတဲ့ AA တပ်ဖွဲ့တွေက TNLA တွေရဲ့နေရာမှာဝင်ပြီး စခန်းသစ်ကို တိုက်မယ်လို့သိရပြီး၊
အထိအခိုက်များနေတဲ့ TNLA တွေကတော့ ခဏနားပြီး refit ပြန်ယူ၊ MNDAA တွေဆင်းလာတာကို စောင့်မယ့်ပုံရပါတယ်.

နမ့်ဆန်က နောက်ဆုံးကျန်တဲ့ ဗျူဟာကုန်းကို ၁၅ ရက်နေ့ညမှ TNLA က သိမ်းပိုက်လိုက်ပြီး၊ ဓာတ်ပုံများ ကို ယနေ့မှာ ထုတ်ပြန်လိုက်ပါတယ်.
စခန်းကုန်းပေါ်က ၁၂၂မမ D30-2 ဟောင်ဝစ်ဇာ (၂)လက်၊ ၁၀၅မမ ဟောင်ဝစ်ဇာ (၁)လက်နဲ့ လက်နက်ကြီးများအပြင် စနိုက်ပါ(၃)လက်အပါအဝင် လက်နက်ငယ် (၂၀)လက်ခန့်နှင့် Drone Gun (၁)လက် TNLA က သိမ်းဆည်းရမိခဲ့တဲ့ပုံကို ပြသခဲ့ပါတယ်.

ပုံများအရ ထူးခြားမှုအနေနဲ့ စိန်ပြောင်းအဖွဲ့ဟာ ၉၀ ဒီဂရီနီးပါး ထောင်ပြီးပစ်ခတ်ထားတာကိုတွေ့ရပြီး၊
ဒါဟာ လက်တစ်ကမ်းလုံးထွေး တိုက်ပွဲများဖြစ်ပေါ်ခဲ့တာ သိသာထင်ရှားလှပါတယ်.
နောက်တစ်ချက်အနေနဲ့ ZPU-1 14.5mm လေယာဉ်ပစ်စက်သေနတ်ကြီးတစ်လက်ကို သေချာထုပ်ပိုးထားတာတွေ့ရပြီး၊ ယင်းပုံအရ တပ်ဟာ ၎င်းတို့ရဲ့အသုံးမဝင်လှတဲ့လမ်းစဉ်တွေမှာပိတ်မိနေသလို၊
စစ်လက်နက်ပစ္စည်းတွေကို ဘယ်လိုနည်းမှန်လမ်းမှန် အသုံးချရမလဲဆိုတာကို မသိ၊ နားမလည်၊ လုပ်ချင်စိတ်မရှိတာကို တွေ့နိုင်ပါတယ်.

ZPU-1 ကိုသာ မှန်မှန်ကန်ကန် အသုံးချနိုင်ခဲ့ရင် အဲဒီကုန်းကို တိုက်ခဲ့တဲ့ TNLA တွေ အကျအဆုံးပိုများနိုင်သလို၊
၎င်းတို့ရဲ့ drone စစ်ဆင်ရေးဟာလည်း မူရင်းမှန်းချက်ထက် များစွာထိရောက်မှုလျော့ကျသွားနိုင်ပါတယ်.
ပုံများအရ​ေ တာ့ ZPU-1 လေယာဉ်ပစ်စက်သေနတ်ကြီးဟာ ဖျက်ဆီးထားခံရပုံရတာကို တွေ့ရပါတယ်.

မည်သို့ဆိုစေ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေရဲ့အချက်အချာ နမ့်ဆန်ကို (၁၅)ရက်တိတိတိုက်ပြီး TNLA ကသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်.
ဒါဟာ စစ်ပွဲ ရက်(၅၀)အတွင်း TNLA အဖွဲ့ချည်း သီးသန့်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ပထမဆုံးဗျူဟာကုန်းလည်း ဖြစ်ပါတယ်.
တစ်ခြား AA+PDF အဖွဲ့တွေ ပူးပေါင်းပါဝင်ခြင်း ရွိ၊ မရှိကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ.

မူဆယ်ဘက်မှာတော့ တိုက်ပွဲတွေဆက်ဖြစ်နေပြီး MNDAA က အသာစီးနဲ့ထိန်းထားနိုင်ပုံရပါတယ်.

လောက်ကိုင်မှာတော့ တပ်နဲ့ MNDAA ရဲ့အခြေအနေတွေ ဆက်လက်ငြိမ်သက်နေပြီး၊
တုံချိန်ကို MNDAA ကထိန်းထားသလို၊ ပယ်မိသားစုတပ်ဖွဲ့တွေနဲ့လည်း ထိတွေ့မှုအနည်းငယ်ရှိခဲ့ပါတယ်.

တစ်နိုင်ငံလုံးနီးပါး စစ်မျက်နှာဖွင့်တိုက်နေရတဲ့အချိန်မှာ တပ်ဟာ အင်အားကိုဘယ်ကဆွဲထုတ်ရမလဲ၊ ဘယ်ဟာကိုကျွေးပြီး၊
ဘယ်ဟာကိုစားမလဲဆိုတာကို ရွေးချယ်လို့ မတတ်ဖြစ်နေတာလား၊
နေရာစုံထိန်းထားနိုင်မယ်လို့ ထင်နေတာလားကတော့ သူတို့ပဲသိမှာပါ.

မူဆယ်ဘက်မှာ ၁၀၅ မိုင်ဗျူဟာကုန်းကို သေချာအထိုင်ချ၊
မြို့ကိုဝိုင်းထားလိုက်ပြီး၊ အဲဒီကအဖွဲ့တွေ နမ့်ခမ်းကိုဆင်းချလာရင် စခန်းသစ်ကုန်းဟာ နေ့ချင်းညချင်း အကြောင်းဆိုးသွားနိုင်ပါတယ်.
ဒါကို ဟန့်တားချေဖျက်နိုင်ဖို့ နည်းဗျူဟာတစ်ခု တပ်ဘက်ကမချမှတ်နိုင်ရင် နမ့်ဖတ်ကာ၊ ကွတ်ခိုင်၊ သန္နီတို့လည်း ခဏလေးနဲ့ကျသွားနိုင်ပြီး၊
ရှမ်းမြောက်ရဲ့ ရမခဌာနချုပ် မြို့တော်လားရှိုးဟာ ရှေ့တန်းဖြစ်လာနိုင်ပါတယ်.

လွိုင်ကော်မှာလည်း တိုက်ပွဲတွေ ပြင်းထန်လာပြီး၊ မြို့တွင်းထိရော တပ်ထိန်းချုပ်ရာ ဒေါတမ၊ လောဓမ္မ၊ နမ့်ကွတ်၊ မင်းစု စသည့်ရပ်ကွက်များအထိ
KNDF များ စိမ့်ဝင်တိုက်ပွဲများ ဖြစ်ပွါးနေပါတယ်. တပ်က လက်နက်ကြီးနဲ့ လေတပ်ကို အများအပြားသုံးပြီး တန်ပြန်တိုက်ခိုက်နေပါတယ်.
ဘောမသတင်းများအရကတော့ လွိုင်ကော်ကို စစ်ကူတပ်တွေ အပြင်ကနေ ပြန်ပြီး ဝိုင်းပတ်ပိတ်ဆို့ထားတယ်လို့ ဆိုပေမယ့် အကယ်ရွေ့ စစ်ကူစစ်ကြောင်းများ တိုးဝင်လာပါက
ဒီမောဆိုး၊ မိုးဗြဲဘက်မှာ ထိတွေ့မှုများ မလွဲမသွေဖြစ်ခဲ့မှာပဲမို့ သတင်းတွေက တက်လာမှာပါ.
ဒါကြောင့် ဒီသတင်းဟာ အခြေအမြစ်မရှိဘူးလို့ သုံးသပ်မိပါတယ်.
တိတ်တိတ်လေး ဝင်လာနိုင်ဖို့က မဖြစ်နိုင်သလောက်ပါ. ဘယ်လိုဖြစ်ဖြစ် လွိုင်ကော် ဒကစအပေါ် ဖိအားတွေ ပိုမိုကျရောက်လာတာတော့ အေသအချာပါပဲ.

ကော့ကရိတ်မြို့ကိုလည်း တပ် ခြေလျင်+သံချပ်ကာပူးတွဲစစ်ကြောင်းနဲ့ ပိုက်စိတ်တိုက်ရှင်းလင်းနေပြီး မြို့ထဲက KNU ပူးပေါင်းအဖွဲ့တွေကို တွန်းထုတ်နေပါတယ်.

ကချင်ပြည်နယ်ဘက်မှာတော့ မြစ်ကြီးနား-ဝိုင်းမော်လမ်းပေါ်မှာ တိုက်ပွဲတွေဖြစ်ပွါးခဲ့ပါတယ်.
ခရာဘွမ်ကစစ်စခန်းတွေကို ခဲယမ်း၊ ရိက္ခာပို့မယ့် ယာဉ်တန်းလုံခြုံရေးယူထားတဲ့ စစ်ကြောင်းတွေနဲ့ KIA တို့ တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး၊ နမ်ဆမ်ယံတဝိုက်မှာ လေကြောင်းပစ်ကူနဲ့ တိုက်ခိုက်မှုတွေပါ ရှိခဲ့ပါတယ်.

KIA ကလည်း မြစ်ကြီးနားမြို့နယ်ထဲက တာလောကြီးပြည်သူ့စစ်စခန်းနဲ့ ဝိုင်းမော်ထဲက ပြည်သူ့စစ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်.
တပ်ကလည်း ခရာဘွမ်အမြောက်စခန်းတွေကနေ လိုင်ဇာနဲ့ မိုင်ဂျာယန်ဘက်ကို လက်နက်ကြီးနဲ့အပျင်းပြေ နည်းနည်းပါးပါး သဘောလောက်ပြန်ပစ်ခဲ့ပါတယ်.

#YMN
(crd)

Post a Comment

Previous Post Next Post