ဝေနေလဲလှ ကြွေနေလဲ လှနေဆဲ


ဗိုလ်မှူးကြီး သူရ အောင်ဇေယျာဝင်း

-
အဖေ… စစ်သား၊ သား စစ်သား၊ အဖေက စစ်တက္ကသိုလ်ကျောင်းဆင်း… အမှတ်စဉ် (၁၄) အောင်ဇေယျ တပ်ခွဲဆင်း၊ ဗိုလ်ကြီးသန်းမောင်ဝင်း၊ သူ့ကိုမွေးပြီးသိပ်မကြာခင်မှာ တောတွင်းတစ်နေရာမှာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်ရင်း နိုင်ငံတော်အတွက်အသက်စွန့်သွားခဲ့သည်။ သားဖြစ်သူကို အဖေကအင်မတန်ချစ်ပြီး မြတ်နိုး သည့်အပြင် အောင်ဇေယျတပ်ခွဲအားသံယောဇဉ်ရှိသဖြင့် သားဖြစ်သူနာမည်အား “အောင်ဇေယျာဝင်း” အမည်သညှာမှည့်ခေါ်စေခဲ့သည်။ သားဖြစ်သူကလည်း အဖေဖြစ်သူတက်ခဲ့တဲ့ စစ်တက္ကသိုလ်ကို တက်ရောက်ခဲ့ ပါတယ်။ သူ့အပတ်စဉ် (၄၅) မှာ အရပ်အရှည်ဆုံး ၆ ပေ ၂ လက်မရှိလို့ “အရှည်ကြီး” လို့ ချစ်စနိုးနဲ့ နာမည်ပြောင် ပေးထားတယ်။ စည်းကမ်းကောင်းတယ်၊ စိတ်ဓာတ်ကောင်းတဲ့သူတစ်ဦးမို့ အများကချစ်ခင်လေးစားတဲ့သူတစ်ဦး ဖြစ်ခဲ့တယ်။ ကျောင်းဆင်းတော့ မိခင်တပ်မက တပ်မ (၁၁) အင်းတိုင်။ သင်တန်းတိုင်းမှာကြိုးစားသူ၊ စည်းကမ်း ကောင်းသူမို့ ဗိုလ်ကြီးဖြစ်တော့ စစ်တက္ကသိုလ်မှာ နည်းပြပြန်လုပ်ရတဲ့ တပ်စုမှူးတာဝန်ကို ထမ်းဆောင်ရပြီး ဗိုလ်လောင်းတွေကို စစ်နည်းဗျူဟာများနှင့် စစ်ကဏ္ဍကြီး (၄) ရပ်ကို စာတွေ့/လက်တွေ သင်ကြားပို့ချပေး ခဲ့တယ်။ တပ်ရင်းမှူးဖြစ်တော့ သူ့အပတ်စဉ်မှာ အစောဆုံးအုပ်စုထဲမှာပါဝင်ခဲ့ပြီး မိတ္ထီလာ တပ်မ (၉၉) လက်အောက်ခံတပ်မှာ တပ်ရင်းမှူးတာဝန်ကို ထမ်းဆောင်ခဲ့ရပါတယ်။ သူဟာ ခေါင်းဆောင်ကောင်းပီသသူ၊ လက်အောက်ကိုညှာတာသူ၊ အထက်အမိန့်ကို နာခံမှုကောင်းသူဖြစ်ပေမယ့် အုပ်ချုပ်မှုဆိုင်ရာကိစ္စတစ်ခုကြောင့် သူ့ရာထူးတက်ဖို့အတားအဆီးဖြစ်ခဲ့ပြီး တပ်ရင်းမှူးတိုင်းတက်ရတဲ့ စစ်ဦးစီးတက္ကသိုလ်ကို တက်ခွင့်မရခဲ့ဘူး။ ဒါပေမယ့် စိတ်ဓာတ်လုံးဝမကျဘဲ လက်အောက်ကစစ်သည်တွေနဲ့အတူ ရှမ်းမြောက်တစ်ခွင်မှာ စစ်ဆင်ရေးပြီး စစ်ဆင်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့တယ်။ ရှေ့တန်းမှာလည်း ထူးချွန်ပြောင်မြောက်စွာ ကျရာ တာန်များကို ထမ်းဆောင်နိုင်တဲ့အတွက် သူ့တပ်ရင်း ခလရ(-) ဟာ နာမည်ကောင်းရပြီး စည်းရုံးမှုကောင်း တယ်လို့ နာမည်လည်းရခဲ့ပါတယ်။
-
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာတော့ အကြမ်းဖက်သောင်းကျန်းသူများဟာ ၁၀၂၇ စစ်ဆင်ရေးလို့ အမည်တပ်ပြီး တည်ငြိမ်နေတဲ့ မြို့ရွာ တပ်စခန်းတွေကို အင်အားအလုံးအရင်းဖြင့် နည်းပညာမြင့် ဒရုန်းတိုက်ခိုက်ရေးယာဉ်များကို အသုံးပြုပြီး တပ်မ (၉၉) စစ်ဆင်ရေးနယ်မြေထဲကို ဝင်ရောက်လာပါတော့တယ်။ အဲ့ဒီအချိန်မှာ ခလရ(-) တပ်ရင်းမှူးဖြစ်တဲ့ ဒုမှူးကြီး အောင်ဇေယျာဝင်းဟာ မုံးကိုးမြို့မှာအခြေစိုက်ပြီး စစ်ဆင်ရေးတာဝန်များကို ရဲဘော်ရဲဘက်များနှင့်အတူ ထမ်းဆောင်လျက်ရှိပါတယ်။ နိုဝင်ဘာ (၅) ရက်နေ့ မှာတော့ မုံးကိုးဒေသ ပန်လုံဗျူဟာကုန်းမှာအခြေချနေပြီး တစ်ဖက်ကတိုက်ခိုက်လာတဲ့ ရန်သူတွေကို ခုခံ တိုက်ခိုက်ရန်ကွပ်ကဲမှုလုပ်နေတဲ့ တပ်မမှူးဟာ ရန်သူရဲ့ အင်အားပြင်း Drop Bomb တိုက်ခိုက်ခံရပြီး ကျဆုံးခဲ့ ပါတယ်။ ရန်သူတွေဝိုင်းရံနေတဲ့ ပန်လုံဗျူဟာကုန်းကို ဒုမှူးကြီး အောင်ဇေယျာဝင်းဟာ အတင်းဖောက်ဝင်ပြီး တပ်မမှူးရဲ့အလောင်းကိုသူကိုယ်တိုင်ထမ်းပြီး သယ်ထုတ်ခဲ့ရပါတယ်။ သူဟာ ခါးနာဝေဒနာကြောင့် တပ်မတော်မှ နှုတ်ထွက်ခွင့်အကြိမ်ကြိမ်တင်ထားခဲ့သော်လည်း မိမိရဲ့အထက်အရာရှိ ဘေးဖြစ်တဲ့အချိန်မှာ အသက်ကို ပဓာန မထားဘဲ သူတတ်နိုင်သမျှ ကယ်တင်ထုတ်နိုင်အောင် ကြိုးစားခဲ့ရှာပေမယ့် ကံအကောင်းအကြောင်းမလှတဲ့ တပ်မမှူးဟာ နေရာတင်မှာ ကျဆုံးခဲ့ရပါတယ်။ သူသာ တပ်မမှူးရဲ့ Dead Body ကို ဝင်မထမ်း၊ ကယ်မထုတ်နိုင်ခဲ့ရင် တစ်ဖက်မီဒီယာတွေဟာ တပ်မမှူးရဲ့ အလောင်းကို အသုံးချပြီး တပ်မတော်ရဲ့ဂုဏ်သိက္ခာကို ကျဆင်းအောင်ပြုလုပ်ကြမှာ အသေအချာပါ။
-
တပ်ရင်းမှူးဖြစ်တဲ့သူဟာ မိမိအထက်အရာရှိ တပ်မမှူးကျဆုံးခဲ့ရပေမယ့် စိတ်ဓာတ်လုံးဝမကျဘဲ အထက်အမိန့်အရ စစ်သည်များဘေးကင်းရာသို့ ဆုတ်ခွာစေနိုင်ရန်အတွက် စီမံကွပ်ကဲနိုင်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ဆုတ်ခွာလာရင်း မိမိစစ်သည်များနဲ့လက်နက်ခဲယမ်းများ ဆုံးရှုံးမှုမရှိရလေအောင် ကြီးကြပ် ကွပ်ကဲရင်းနဲ့ မူဆယ်မြို့မကျအောင် ထိန်းထားရန်အထက်အမိန့်အရ ဖြစ်လာသည့်အတွက် ကျင်စန်ကျော့၊ လုံးထန်စခန်းမှာအခြေပြုရင်း အင်အားသာလွန်သည့် တစ်ဖက်သောင်းကျန်းသူများ၏ စစ်ဆင်တိုက်ခိုက်မှုကို နောက်ဆုံးကျည်တစ်တောင့် လူတစ်ယောက်ကျန်သည်အထိ ခုခံတိုက်ခိုက်ရင်း သူဟာကျဆုံးသွားခဲ့ပါတယ်။ သောင်းကျန်းသူများဟာ မူဆယ်မြို့ကို လုံးဝထိန်းချုပ်လို့မရအောင် သူ့အနေနဲ့အသက်ပေးပြီး ကာကွယ်သွားသည့် အပြင် စစ်သည်များရဲ့အသက်များစွာကိုလည်း ကယ်တင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ ရဲဝံ့စွန့်စားသောစိတ်ဓာတ်၊ စွန့်လွှတ် အနစ်နာခံသောစိတ်ဓာတ်၊ သူရဲကောင်းတစ်ယောက်စိတ်ဓာတ်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ပီသသည့် စိတ်ဓာတ်တို့ကြောင့် နိုင်ငံတော်မှ ၇-၁၂-၂၀၂၃ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၂၄၂/၂၀၂၃ ဖြင့် တပ်မတော်ဆိုင်ရာစွမ်းဆောင်ရည်ဂုဏ်ထူးဆောင်ဘွဲ့များတွင် တတိယအမြင့်ဆုံးဖြစ်သည့် “သူရ” ဘွဲ့ကို ချီးမြှင့် ခဲ့သည့်အပြင် စစ်မြေပြင်တစ်ဆင့်တိုး ဒုတိယဗိုလ်မှူးကြီးမှ ဗိုလ်မှူးကြီးအဆင့်သို့ တိုးပေးခဲ့ပါသည်။ တိုင်းပြည်နှင့် တပ်မတော်အတွက် နောက်ဆုံးအချိန်အထိ စွန့်လွှတ်အနစ်နာခံရင်း

အသက်ကိုပေးဆပ်သွားတဲ့သူပါ။ ကြွေလွင့်သွားတဲ့ သူ့အတွက်ဝမ်းနည်းရပေမယ့် သူဟာ ဝေနေလဲလှ ကြွေလဲ လှနေမယ့် သူတစ်ဦး ဖြစ်ပါတော့သည်။
-
ဗိုလ်မှူးကြီး သူရအောင်ဇေယျာဝင်းအား ဂုဏ်ပြုဖော်ပြလိုက်ပါသည်။

Crd:KT

Post a Comment

Previous Post Next Post