ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ်ဘူတာကြား ရထားလမ်းအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးထားမှုကြောင့် အမှတ်(၆)အစုန်လူစီး အမြန်ရထားလမ်းချော်ကျမှုဖြစ်ပွားပြီး အခြားရထားများ ကြန့်ကြာမှု ဖြစ်ပေါ်ခြင်း


ကျောက်တံခါးဘူတာမှ ထွက်ခွာလာသော အမှတ်(၆)အစုန် ရန်ကုန်-မန္တလေး လူစီး အမြန်ရထားသည် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြားသို့ ယနေ့ နံနက် ၃ နာရီ ၃၀ မိနစ်ခန့်တွင် မိုင်တိုင်အမှတ်၊ ၁၀၄/၁-၁၀၃/၂၄ အရောက် တံတားအမှတ်(၁၄၆)နှင့် (၁၄၇)အနီး တို့၌ ရထားလမ်းအား အကြမ်းဖက် သောင်းကျန်းသူ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူတို့၏ မိုင်းခွဲဖျက် ဆီးထားခြင်းကြောင့် ရထားသံလမ်းပြတ်တောက်ပျက်စီးနေ၍ ရထားစက်ခေါင်း နှင့်အတူ လူစီးတွဲ(၃)တွဲ လမ်းချော်ကျမှု ဖြစ်ပွားခဲ့သည်။

ရထားလမ်းချော်ကျမှုကြောင့် ကျောက်တံခါး-ပိန်းဇလုပ်အကြား ရထားလမ်းပိုင်းအားနံနက် (၄)နာရီတွင် ခေတ္တပိတ်ထားခဲ့ရသည့်အတွက် အခြားလူစီးရထားများဖြစ်သည့် အမှတ်(၁)အဆန် လူစီး/ကုန်တင်ရထားသည် ပိန်းဇလုပ်ဘူတာ၌ နံနက် ၃ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ အမှတ်(၂) အစုန် လူစီး/ကုန်တင်ရထားသည် ကျောက်တံခါး ဘူတာ၌ နံနက် ၁ နာရီ ၁၀ မိနစ်တွင် လည်းကောင်း၊ အမှတ်(၄)အစုန် လူစီးအမြန် ရထားသည် ဖြူးဘူတာ၌ နံနက် ၄ နာရီ ၂၅ မိနစ် တွင်လည်းကောင်း အသီးသီး ရပ်တန့်ထားရှိခဲ့ရပါသည်။ လမ်းချော်ကျမှုဖြစ်ပွားသည့် အမှတ်(၆) အစုန် လူစီးအမြန်ရထားတွင် ခရီးသည်(၄၂၆)ဦး၊ အမှတ်(၄)အစုန် လူစီးအမြန် ရထားတွင် ခရီးသည် (၃၂၃)ဦး၊ အမှတ်(၁) အဆန်နှင့် အမှတ်(၂) အစုန် လူစီးကုန်ရထားများတွင် ခရီးသည် (၁၀၀)ဦးခန့်ပါရှိ၍ ရထားစီးခရီးသည် စုစုပေါင်း (၉၀၀)ဦးခန့် လမ်းခရီး၌ ကြန့်ကြာမှု အခက်အခဲများ ကြုံတွေ့ခဲ့ကြရသည်။

မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်အား နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များက အချိန်နှင့်တပြေးညီ နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်း၊ မြန်မာ့မီးရထားဝန်ထမ်းများက မိုင်းပေါက်ကွဲမှုကြောင့် ပြတ်တောက်ပျက်စီးသွားသော ရထားသံလမ်း(၁၅)ပေခန့်နှင့် ကွန်ကရစ် ဇလီဖားတုံးများအား အစားထိုးလဲလှယ်ခြင်းနှင့် တံတားအမှတ်(၁၄၆)၏ ကွန်ကရစ်ကြမ်းခင်း (၈)ပေခန့်ပေါက်ထွက် ပျက်စီးမှုများအား အမြန်ဆုံးအချိန်နှင့် တပြေးညီ ပြန်လည်မွမ်းမံပြုပြင် လျက်ရှိပြီး ရထားခရီးစဉ်များ ပုံမှန်ပြေးဆွဲနိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မြန်မာ့မီးရထား တာဝန်ရှိသူများက ရထားလမ်းချော်ကျမှုဖြစ်ပွားသည့် အမှတ်(၆) အစုန်ရထားမှ ကျန်ရှိသည့် ခရီးသည်များနှင့် ဖြူးဘူတာတွင်ရောက်ရှိနေသော အမှတ်(၄) အစုန် လူစီးအမြန်ရထားမှ ခရီးသည်များအတွက် နေ့လည်စာထမင်းဘူးများ ဝေငှဖြည့်ဆည်းပေး ခြင်းနှင့် သောက်ရေ/သုံးရေများ အဆင်ပြေစေရန် စီစဉ်ဆောင်ရွက် ပေးခဲ့ပြီး အမှတ်(၄)အစုန် ရထားဖြင့် လိုက်ပါလာသည့် ခရီးသည်များအား ဖြူးဘူတာမှ ရန်ကုန်ဘက်သို့ မော်တော် ယာဉ်ကြီး (၃)စီးဖြင့် နေ့လည် ၁၂ နာရီ ၂၀ မိနစ်တွင် လည်းကောင်း၊ အမှတ်(၆)အစုန်နှင့် အမှတ်(၂)အစုန် ရထားများ ဖြင့် လိုက်ပါလာသည့် ခရီးသည်များအား ကျောက်တံခါးဘူတာမှ ရန်ကုန်ဘက်သို့ နေ့လည် ၁၃ နာရီ ၂၀ မိနစ်တွင်လည်းကောင်း မော်တော်ယာဉ်ကြီး(၂)စီးဖြင့် ပို့ဆောင်ပေးခဲ့ပါသည်။ ယင်းဖြစ် စဉ်ကြောင့် ရန်ကုန်နှင့် မန္တလေးဘူတာကြီးတို့မှ ယနေ့ထွက်ခွာမည့် လူစီးရထား ခရီးစဉ်များအား ယာယီဖျက်သိမ်းထားခဲ့ရသည်။

အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များအနေဖြင့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ယက် တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း (၁၂၉)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီး ခြင်း(၄၆)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့ကြကြောင်း မှတ်တမ်းများအရ သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့်ကုန်စည်ပို့ဆောင်မှု အဆင်ပြေ ချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းအခြေခံအ ဆောက်အဦများ ပိုမိုကောင်းမွန် လာစေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်း လုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက် သောင်းကျန်း သူများသည် နိုင်ငံတော်ပိုင် ရထားစက်ခေါင်းများနှင့် ရထားတွဲများ၊ ကုန်စည်များ ထိခိုက်ပျက်စီးစေရေး၊ ခရီးသွားပြည်သူများ အသက်အန္တရာယ်ထိခိုက်ပြီး စိတ်မချမ်းမြေ့စေရေး၊ ရထားဖြင့်ခရီးသွားလာမှုမပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့အပြင် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများ အချိန်ပိုမို ကြန့်ကြာစေရေးတို့အတွက် ယုတ်မာပက် စက်သော ရည်ရွယ်ချက်များဖြင့် အကြိမ်ကြိမ် ကျူးလွန်နေကြသောကြောင့် အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများ၏ ယုတ်မာပက်စက်မှုများအပေါ် ပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချ လျက်ရှိကြောင်း သတင်းရရှိသည်။

Post a Comment

Previous Post Next Post