ပထဝီနိုင်ငံရေးအရ အရေးပါမှုဆိုသည်မှာ

xxxxxxxxxxxxxxxxxx
■  တနေ့က ဝမ်းနည်းစရာရော၊ ဝမ်းသာစရာရော တပြိုင်တည်း ဖြစ်စေတဲ့ သတင်းတပုဒ် ဖတ်လိုက်ရတယ်။ ဝမ်းနည်းတယ်ဆိုတာက သူတို့နိုင်ငံတွေရဲ့ တိုးတက်စွမ်းအားကို ကြည့်ပြီး ကိုယ့်နိုင်ငံအတွက် ဝမ်းနည်းမိတာ။ ဝမ်းသာတယ်ဆိုတာကတော့ သူတို့ နိုင်ငံသားတွေအတွက် ပထဝီနိုင်ငံရေးကို အသုံးချပြီး အကျိုးရှိအောင် ဆောင်ရွက်နေတာ မြင်တော့ ဘေးကနေပြီး မုဒိတာပွားနေမိတာ။ တချိန်တည်း... ပြည်တွင်းစစ်မရှိတဲ့ နိုင်ငံတွေက ခေတ်နဲ့ အမှီ  ဖွံ့ဖြိုးတိုးတက်တာ ဘာများ ဆန်းလို့လဲ ဆိုပြီးလည်း တွေးနေမိ တယ်။
--------
■  ဖတ်မိတယ်ဆိုတဲ့ သတင်းက ထူးထူးခြားခြားတော့မဟုတ်ဘူး။ အရင်ကတည်းက လုပ်ဖို့ရည်မှန်းထားတယ်ဆိုတဲ့ ထိုင်းပင်လယ်ကွေ့နဲ့ အက်ဒမန်ပင်လယ်ကို တိုက်ရိုက် ချိတ်ဆက်ဖောက်လုပ်မဲ့  ခရာမြေပေါင်းကူးတံတား စီမံကိန်းအကြောင်းပဲ။ ဒီစီမံကိန်းကြီး အတွက် ဘတ်ငွေ ၁ ထရီလီယံ ကုန်မယ်လို့ အကြမ်းဖျဉ်းယူဆထားကြသလို ဖြစ်လာ အောင်လည်း တရုတ်နိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်းဒေသက နိုင်ငံတွေကို တင်ဒါခေါ်မယ်ဆိုတဲ့ သတင်းတွေလည်း ခပ်စိတ်စိတ်တွေ့နေရတယ်။ စီမံကိန်းကာလက ၂၀၄၀ အထိဖြစ်ပြီးတော့ ပင်လယ်ရေနက်ဆိပ်ကမ်း နှစ်ခု၊ အမြန်လမ်းမ ကွန်ရက် ၁ ခုနဲ့ ရထားလမ်းကွန်ရက် ၁ ခုလည်း ပါဝင်မယ်လို့ အကြမ်းဖျဉ်းဖော်ပြထားကြတယ်။
-------
■  တကယ်တော့ ဒီစီမံကိန်းကြီးက ခုမှ အစပျိုးခဲ့တာမျိုးတော့မဟုတ်ဘူး။ ၁၇ ရာစုနှစ်၊ နာရိုင်းဘုရင် လက်ထက်ကတည်းက ကြံရွယ်ထားတဲ့ မဟာဗျူဟာမြောက်စီမံကိန်းကြီးပဲ။ ၂၀၀၀ မှာ သက်ဆင်တက်လာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ထပ်အဆိုပြုတာလည်း သတိထားမိတယ်။ လက်ရှိထိုင်းဝန်ကြီးချုပ်ကတော့ ဒီနှစ် နိုဝင်ဘာလတုန်းက ဆန်ဖရန်စစ္စကိုမှာ လုပ်ခဲ့တဲ့ APEC အစည်းအဝေးမှာ ရနောင်းနဲ့ အက်ဒမန်ကို ဆက်သွယ်မဲ့ ပေါင်းကူးတံတား စီမံကိန်း ကို ရင်းနှီးမြုပ်နှံဖို့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့တာ ဖတ်မိလိုက်တယ်။ တကယ်လို့ ဒီစီမံကိန်းကြီးသာ ဖြစ်မြောက်လာခဲ့ရင်တော့ အရှေ့တောင်အာရှရဲ့ ရေကြောင်းသွားလာမှုကဏ္ဍမှာ မလက္ကာရေလက်ကြားကို ရှောင်နိုင်တဲ့ ပထမဆုံးသော လမ်းမကြီးအသစ်တစ်ခု ပေါ်ထွက်လာမှာလည်းဖြစ်တယ်။ ဒါဟာ တနည်းအားဖြင့် နှစ်စဉ် ရေယာဉ် ပျှမ်းမျှ (၁)သိန်းလောက် ဖြတ်ပြီး ကမ္ဘာ့ကုန်သွယ်မှုရဲ့ ၂၅ ရာခိုင်နှုန်းရှိနေတဲ့ မလက္ကာရေလက်ကြားရဲ့စီပွားရေး ပိုင်ဆိုင်မှုကို ထိုင်းနိုင်ငံအနေနဲ့ ရယူပိုင်ဆိုင်လာ နိုင်တော့မှာလည်း ဖြစ်တယ်။
-----------
■  ဒီစီမံကိန်းကြီးက  ထိုင်းနိုင်ငံအတွက် ကောင်းမွန်တဲ့အရွေ့တစ်ခုဆိုပေမဲ့လည်း မလက္ကာ ရေလက်ကြားကို မှီပြီး ကမ္ဘာ့ဒုတိယ အကြီးဆုံးဆိပ်ကမ်းမြို့တော်ဖြစ်တဲ့ စင်ကာပူကိုတော့ အနည်းနဲ့အများ အကျိုးစီးပွားထိခိုက်မှုတွေ ရှိလာစေမှာလည်း မလွဲပါဘူး။ တကယ်လို့ ဒီစီမံကိန်းကြီးသာ အထမြောက်ခဲ့ရင် ကမ္ဘာ့ချိန်ခွင်လျှာ အပြောင်းအလဲအတွက် ပထဝီနိုင်ငံရေးအားသာမှုအပြိုင်ကြိုးစားနေတဲ့ အမေရိကန်နဲ့ တရုတ်အတွက်လည်း ထပ်ပြီး ပြိုင်ဆိုင်မှုတွေရှိလာဦးမှာ မလွဲပါဘူး။ ဖိလစ်ပိုင်နဲ့ အငြင်းပွားမှုတွေ ဖြစ်နေတဲ့ တရုတ်အတွက်လည်း ဒီလမ်းကြောင်းဟာ စီးပွားရေးရှုထောင့်ကကြည့်ရင် အကျိုးရှိစေတဲ့ စီမံကိန်းဖြစ်လို့ လက်လွှတ်ခံမယ်မထင်မိပါဘူး။ ထိုင်းနိုင်ငံအတွက်ကတော့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ရေကြောင်းနယ်နိမိတ် ပိုင်ဆိုင်မှုကဏ္ဍတွေမှာ အနည်းငယ် အငြင်းပွားမှု ပြဿနာတွေရှိလာမှာဖြစ်သလို စီးပွားရေးအကျိုးစီးပွားအရလည်း ရယူခံစားလိုမှုဆိုတဲ့ စိန်ခေါ်မှုတွေလည်း ဖြစ်လာနိုင်ဖွယ်ရှိတာကိုလည်း တွေ့မြင်ကြရဦးမှာဖြစ်ပါတယ်။
-------------
■ ထိုင်းနိုင်ငံဘက်ကကြည့်ရင် ဒီစီမံကိန်းကြီးက  မိမိနိုင်ငံ အကျိုးစီးပွားအတွက် ဖော်ဆောင်တာဖြစ်ပေမဲ့လို့ ကမ္ဘာ့ချိန်ခွင်လျှာအပြောင်းအလဲအတွက်လည်း အတော်လေး ရိုက်ခတ်မှုကြီးစေမဲ့ စီမံကိန်းကြီးတစ်ခုလည်းဖြစ်နေပြန်ပါသေးတယ်။ အထူးသဖြင့် တရုတ်နိုင်ငံက အကောင်အထည်ဖော်နေတဲ့ Belt and Road Initiative (BRI)ရဲ့ အစိတ်အပိုင်းတွေထဲမှာ အိန္ဒိယသမုဒ္ဒရာကို ဖောက်ထွက်ပြီး တောင်အာရှနဲ့ အရှေ့တောင်အာရှကို ချိတ်ဆက်ချင်တဲ့ မဟာဗျူဟာမြောက်စီမံကိန်းတွေကြောင့်လည်း နိုင်ငံကြီးတွေက ပိုပြီး အလေးထားနေတယ်လို့လည်း သုံးသပ်ရနိုင်ပါတယ်။
-----------
■ အိမ်နီချင်းဘေးနိုင်ငံတွေက ပထဝီနိုင်ငံရေးအရ အရေးပါမှုတွေကို လက်တွေ့ကျကျ အသုံးချနေချိန်မှာ ကိုယ်တွေဆီမှာတော့ လူဦးရေ ၁ ဘီလီယံအထက်ရှိတဲ့ နိုင်ငံကြီး နှစ်နိုင်ငံရဲ့ကြားထဲမှာ ရှိနေပါရက်နဲ့ စီးပွားရေးအရရော၊ နိုင်ငံရေးအရပါ စုန်းစုန်းမြုပ်နေ တာကတော့ “ကျိန်စာ”လို့ပဲ ဆိုရမလိုပါပဲ။ ပြည်တွင်းစစ်တွေ အမြန်ရပ်နိုင်ပါစေ။ တဖက်နိုင်ငံလုံခြုံဖို့၊ တဖက်နိုင်ငံကို ထိန်းချုပ်ဖို့အတွက် အသုံးချခံနိုင်ငံအဖြစ်ကနေ ရုန်းထွက်နိုင်ပါစေလို့ပဲ ဆန္ဒပြုမိပါတယ်။

(နရီမိုး)

Post a Comment

Previous Post Next Post