စစ်အင်ဂျင်နီယာတပ်ဖွဲ့မှ တစ်ဦးတည်းသော သူရဘွဲ့ရ အမျိုးသမီးသူရဲကောင်း သူရ မချစ်ပို


၁။မ ချစ်ပို သည် ထားဝယ်သူဖြစ်ပြီး ၁၉၀၇ ခုနှစ်တွင် မွေးဖွားခဲ့သည်။ မေမြို့ (ယခု ပြင်ဦးလွင်) သို့ ရောက်ရှိလာခဲ့ပြီး လေ့ကျင့်ရေးအင်ဂျင်နီယာတပ်ရင်း ၏ တပ်ကြပ် လှမောင် နှင့် အိမ်ထောင်ကျခဲ့သည်။ မချစ်ပို သည် စစ်သည်တော်ဇနီး ၊ ရဲမေပီသစွာ အရေးကြုံလာချိန်တွင် အာဇာနည်သူရဲကောင်း စိတ်ဓာတ်မွေးကာ မိမိ၏အသက်ကိုပင် မငဲ့ကွက်ဘဲ တိုင်းပြည်
အတွက် စွန်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့သူ ဖြစ်သည်။

၂။ ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကေအင်ဒီအို သောင်းကျန်းသူများသည် ​ေမမြို့ကို အလစ်အငိုက်စီးနင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။ထိုစဉ်ကမေမြို့ ရှိလေ့ကျင့်ရေးအင်ဂျင်နီယာတပ်ရင်း၏ အမှတ်(၁)စစ်မြေပြင်အင်ဂျင်နီယာ အပ်ပွဲ နှင့် အမှတ်(၂) စစ်မြေပြင်အင်ဂျင်နီယာ တပ်ခွဲ တို့မှ ဗိုလ်မှူး ထင်ပေါ် နှင့် ဗိုလ်ကြီး ဘဖြူ တို့ ခေါင်းဆောင်သော အရာရှိ စစ်သည်များသည် လက်နက်မချဘဲ ရရာလက်နက်ခဲယမ်းမီးကျောက်များ စုစည်းကာ လားရှိုးဘက်သို့ ခွာစစ်ဆင်သွားခဲ့ပါသည်။

၃။ လားရှိုးဘက်တွင် ပြန်လည်စုဖွဲ့ပြီးသော အင်ဂျင်နီယာတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၂၄ ရက် နေ့တွင် မေမြို့ကို ပြန်လည် တိုက်ခိုက်ခဲ့ရာ ထိုနေ့တွင်ပင် ဘီအီးတပ်ကုန်း (ယခု တပ်မတော်နည်းပညာတက္ကသိုလ်နေရာ) နှင့် မြို့တွင်းလမ်း တစ်လျှောက် မြို့မရုံအထိ ပြန်လည်သိမ်းပိုက် ရရှိခဲ့သည်။ စစ်အင်ဂျင်နီယာတပ်ဖွဲ့၏ ဂုဏ်ပြုထိုက်သော အစဉ်အလာကောင်း တစ်ခုအဖြစ် နမှုနာ ဖြစ်စေရန်အတွက် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ကို စစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့ အဖြစ် သတ်မှတ်ခဲ့ပါသည်။

၄။ ထိုစဉ်ကဖြစ်ပွားခဲ့သော မြို့ မြို့တွင်းတိုက်ပွဲများတွင် တစ်ဘက်နှင့်တစ်ဘက် အဖွဲ့ငယ်များစေလွှတ်၍ တိုက်ခိုက်ခဲ့ကြသည်။ ၄င်းအချိန်တွင် ရန်သူတို့၏ ခြေကုပ်စခန်း အခြေအနေ နှင့် လက်နက်ကြီး ၊ လက်နက်ငယ် ဖြန့်ခွဲထားမှု တည်နေရာများကို ထောက်လှမ်းရန်လိုအပ်လာပါသည်။ ထိုတာဝန်များကို လေ့ကျင့်ရေးအင်ဂျင်နီယာတပ်မှ တပ်ကြပ်လှမောင်၏ဇနီး မချစ်ပို က ဆောင်ရွက်လိုကြောင်း ဆန္ဒဖြူတောင်းဆိုခဲ့သည်။၄င်းအပြင်လိုအပ်သည့်အချိန်တွင်ရန်သူများအား တိုက်ခိုက်နိုင်ရန် မိမိအား လက်ပစ်ဗုံးနှင့် လက်နက်ငယ်ပစ်ခတ်နည်းများကို သင်ပေးရန်လည်း တောင်းဆိုခဲ့သည်။

၅။ မချစ်ပို သည် အကြော်သည် ၊ နွားကျောင်းသူ ယောင်ဆောင်ကာ ရန်သူ့ခြေကုတ်စခန်းများ ဘက်သို့သွားရောက် ထောက်လှမ်းခဲ့သည်။ အခွင့်သာလျှင် လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ နေ့ခင်းက ထောက်လှမ်းခဲ့သော နေရာ များကိုညဘက်တွင် ရဲဘော်များနှင့်အတူဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။ မချစ်ပို ၏ ရဲဝံ့စွန့်စားစွာ တိုက်ခိုက်မှုများကြောင့် ရန်သူများ အထိနာစေရုံသာမက စိတ်ဓါတ်ချောက်ချားမှုများပါ ဖြစ်ပေါ်စေခဲ့သည်။ မချစ်ပိုသည် အံသွားအပို(အံပွား)ပါသူ ဖြစ်သောကြောင့် ပါး ၊ သေနတ်ပြီးသူ ဖြစ်ကြောင်း ၊သူမနောက်မှ လိုက်ပါ တိုက်ခိုက်သူများကိုပင် ထိမှန်ခြင်းမရှိအောင် အကာအကွယ်ပေးနိုင်ကြောင်း စသည်ဖြင့်သတင်းကြီးပြီး ပြောစမှတ်ဖြစ်ခဲ့ပါသည်။

၆။ မေမြို့ တိုက်ပွဲစဉ်များပြီးစီးလုနီးပါးအခြေအနေတွင် အင်ဂျင်နီယာတပ်ဖွဲ့ဝင်များအား မန္တလေးဘက်သို့ ဆင့်ခေါ်ခြင်းခံခဲ့ရသည်။ မချစ်ပို အပါအဝင် တပ်ဖွဲ့ဝင်မိသားစုများမှာ မေမြို့တွင်ပင် ကျန်ရစ်နေခဲ့ကြရသည်။ မချစ်ပို သည် တိုက်ပွဲမှရရှိသော ဒဏ်ရာအချို့ကို ဆေးကုသရင်း ထုံးဘိုရပ်ကွက်တွင် ကျန်နေခဲ့သည်။ မချစ်ပိုကို အခဲမကျေသော အင်ဒီအို
သောင်းကျန်းသူများက ရှာဖွေဖမ်းဆီးကာ အမျိုးမျိုး ညှင်းပန်းနှိပ်စက် ခဲ့ကြသည်။ အသက်ပြင်းသောကြောင့် တော်ရုံနှင့်မသေနိုင်ဟု ပြောစမှတ်ပြုကြရသည်။ နောက်ဆုံးတွင် သေနတ်နှင့်ပစ်ကာ ရေတွင်းထဲပစ်ချပြီး အုတ်ခဲများဖြင်ဖို့ထားခဲ့ကြသည်။

၇။ မချစ်ပို သည် ၁-၄-၁၉၄၉ ရက်နေ့ အသက်(၄၂)နှစ် အရွယ်တွင် သူရဲကောင်းပီသစွာ တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ပါသည်။ မချစ်ပို ၏ အလောင်းအား ရေတွင်းထဲမှ ပြန်လည် တူးဖေါ်ပြီးနောက် ၁၆-၉-၁၉၄၉ ရက်နေ့တွင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူး ကြင် ဦးဆောင်သောအဖွဲ့က စစ်အခမ်းအနားဖြင့်သင်္ဂြိုလ်ပေးခဲ့သည်။ မချစ်ပို ၏သူရဲကောင်းပီသစွာ တိုင်းပြည်အတွက် အသက်ပေးခဲ့မှုကြောင့် ၁၉၅၀ခုနှစ်တွင် သူရဘွဲ့ ကိုအပ်နှင်းခဲ့ပါသည်။

၈။သူရ မချစ်ပိုသည် မြန်မာနိုင်ငံတွင် တစ်ဦးတည်းသော သူရဘွဲ့ရ အမျိုးသမီးဖြစ်ပါသည်။သူရ မချစ်ပို(ကျဆုံး) ရရှိခဲ့သော သူရဘွဲ့သည် တပ်မတော်သမိုင်းတစ်လျှောက် တိုက်ပွဲဝင်ခဲ့ကြသော စစ်သည်တော်တို့၏ ဇနီး ရဲမေမိသားစုများအားကိုယ်စားပြုလျက် ရှိနေမည်ဖြစ်ပါသည်။

Post a Comment

Previous Post Next Post