နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်


မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ချုပ်တို့က စုပေါင်းကျင်းပပြုလုပ်သည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော် ချီးမွမ်းခြင်း အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင် မြို့နယ်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ Holy Cathedral Church ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့် သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  အဖွဲ့ဝင် ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာ နချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ မြို့တော်ဝန်၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်း တော်များကောင်စီမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံ ကက်သလစ်သာသနာမှ ဆရာတော်ကြီးများ၊ သီလရှင်များ၊ မြန်မာနိုင်ငံ ဧဝံဂေလိ ခရစ်ယာန်မဟာမိတ် အဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံခရစ်တော် သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ ခရစ်ယာန် သာသနာအဖွဲ့အစည်းများ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မြန်မာနိုင်ငံရှိ ခရစ်ယာန် ဘာသာဝင်များ၊ ကက်သလစ် လူငယ်အဖွဲ့များနှင့် ခရစ်ယာန်ဘာသာဝင် ရပ်မိရပ်ဖများ တက်ရောက်ကြ သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Holy Cathedral Church သို့ ရောက်ရှိကြရာ ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်သာသနာ၊ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုနှင့် ဆရာတော်ကြီး များက ကြိုဆိုနှုတ်ဆက်ကြသည်။ 
ယင်းနောက် အခမ်းအနားကို St. Mary’s Cathedral(စိန့်မေရီကာသီဒြယ်) ကျောင်းတော်ကြီးတွင် စတင်ကျင်းပရာ ဂိုဏ်းချုပ်ဆရာတော်ကြီး ဦးမြတ်ဆန်း က အဖွင့်ဆုတောင်းပြီး လက်ထောက်ဆရာတော် နိုဝယ်စောနောအေး က ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားကာ “ယေရှုကြွလာတော်ကျူး” ဓမ္မသီချင်းကို သံပြိုင်သီဆို ချီးမွှမ်းကြသည်။ 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ခရစ္စမတ်အမှာစကားပြောကြားရာတွင် မိမိတို့မြန်မာနိုင်ငံသည် ရှေးယခင် ကတည်းကပင် အစိုးရအဆက်ဆက်တွင် ကိုးကွယ်ယုံကြည်ရာ ဘာသာတရားနှင့်ပတ် သက်၍ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လွတ်လပ်စွာ ယုံကြည် ခွင့်အား အသီးသီးသော ဘာသာဝင်များအားလုံး ရရှိခံစားကြရပါကြောင်း၊ ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဉပဒေ(၂၀၀၈)ခုနှစ် အခန်း(၈)၊ ပုဒ်မ(၃၅၄) (ဃ) အရ တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားအချင်းချင်း ကို လည်းကောင်း၊ အခြားဘာသာ သာသနာကိုလည်းကောင်း၊ ထိခိုက်နစ်နာမှုမရှိစေဘဲ  မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ ၊ ယဉ်ကျေးမှု ကိုးကွယ်သည့် ဘာသာ သာသနာ နှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်၊ ပုဒ်မ(၃၆၂) အရ နိုင်ငံတော် သည်ခရစ်ယာန်ဘာသာ သာသနာ၊အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာ နှင့် နတ်ကိုးကွယ်သည့် ဘာသာတို့ကို ဤဖွဲ့စည်းပုံ အခြေခံဉပဒေ အာဏာတည်သော နေ့၌ နိုင်ငံတော်တွင် ရှိနေကြသည့် ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ်ပြု ကြောင်း ဖော်ပြထားချက်များသည် ဘာသာဝင်တစ်ဦးချင်း အနေဖြင့် လည်းကောင်း၊ ဘာသာဝင်အားလုံးအနေဖြင့် လည်းကောင်း၊ မိမိတို့၏ ယုံကြည်ချက် ခံယူချက်ကို သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်း ဉပဒေဘောင်အတွင်းမှ ဆောင်ရွက်နိုင်မှု အခွင့်အရေးကို  ပွင့်လင်းမြင်သာစွာ ဖော်ပြထားပြီးလည်းဖြစ်ပါကြောင်း။
ထို့နောက် ရှင်မဿဲခရစ်ဝင်ကျမ်း ၁: ၂၃ နှင့် ရှင်လုကာ ခရစ်ဝင်ကျမ်း ၂:၁၃-၁၄ တို့တွင် ပါရှိသော ခရစ်တော်နှင့်ပတ်သက်သည့် ချီးမွမ်း၍ မြွတ်ဆိုခြင်းများအား ဆွေးနွေးပြောကြားသည်။

ဆက်လက်ပြောကြားရာတွင် ဆရာတော် ကာဒီနယ်ချားလ်ဘို အပါအဝင် သာသနာပိုင်ချုပ်၊ ဂိုဏ်းချုပ်ဆရာ တော်၊ သိက္ခာတော်ရ ဆရာတော်များ၊ သီလရှင်များ စသည့် သာသနာပြု ပုဂ္ဂိုလ်များကလည်း ဘုရားသခင်မှ လူသားတစ်ဦးချင်းစီကို မေတ္တာ ကရုဏာများ ပေးနိုင်အောင် ကမ္ဘာမြေကြီး ငြိမ်သက်ခြင်း ရှိစေအောင် မိမိတို့ သာမန်လူသားများထက် ပိုမို၍ ကိုးကွယ်ယုံကြည်ရာ ဘာသာဝင်မျာကိုယ်စား  ဘုရားသခင်ထံ

ဆုတောင်းမေတ္တာ ပို့သ ပေးနိုင်ရေးကိုလည်း မေတ္တာရပ်ခံပါကြောင်း။
ဘာသာတိုင်းတွင် မေတ္တာ ကရုဏာ စာသားမပါ မဖြစ် ပါရှိကြသဖြင့် “မေတ္တာ” သည် အရာရာတိုင်းကို ကျော်လွှားနိုင်သော ထိုးဖောက်နိုင်သော အင်အားကြီးမား သည့်  အရာတစ်ခုဖြစ်ပါကြောင်း၊ အလားတူပင် ငြိမ်းချမ်းခြင်းကို မေတ္တာဖြင့်သာ အနိုင်ယူ စေနိုင်မှာဖြစ်ကြောင်း၊ လူသားအချင်းချင်း မေတ္တာ ထားရှိကြရေး ၊ ကရုဏာထားရှိကြရေး ဆရာတော်ကြီးများနှင့် ဘာသာဝင်ပုဂ္ဂိုလ်များ အားလုံးက ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးသလို အခြားဘာသာဝင်နှင့် ဘာသာဝင် မဟုတ်သူများကိုလည်း လိုက်နာကျင့်သုံးနိုင်ရေး စည်းရုံးပြောဆိုကြရမည်ဖြစ်ပါ ကြောင်းနှင့် မေတ္တာခြုံလုံပါကြောင်း၊ လူသားတစ်ဦးချင်း၊ မိသားစုတစ်စုချင်းမှ လူ့အသိုင်းအဝိုင်းတစ်ခုလုံး၊ နိုင်ငံတော်ကြီး၊ ကမ္ဘာကြီးငြိမ်းချမ်းပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါကြောင်းဖြင့် ပြောကြားသည်။ 
၎င်းနောက် တေးသံရှင်များက ဂုဏ်တော်ချီးမွမ်းပြီး Rev.D, ဦးအေးမင်း က သမ္မာကျမ်းစာတော်မြတ်အတုန့်အပြန် ဖတ်ကြားခြင်းကို လည်းကောင်း၊ သာသနာ ပိုင်ချုပ်ကြီး စတီဗင် သန်းမြင့်ဦး က အထူး ဆုတောင်းခြင်းကို လည်းကောင်း၊ (CBCM) သီလရှင် စစ္စတာ မိုင်ဒိုရင်း က သမ္မာကျမ်းစာတော်မြတ်ဖတ်ကြားခြင်းကို လည်း ကောင်း အသီးသီးဖတ်ကြားဆုတောင်းကြပြီး ခရစ်စမတ်သံစုံအဖွဲ့မှ ခရစ်မတ်တေး သံသာဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို က ခရစ္စမတ် သတင်းကောင်းနှင့် ဆုမွန်စကားမျှဝေပြောကြားရာတွင် မင်္ဂလာရှိသော ခရစ္စမတ် အခါသမယတွင် ခရစ်ယာန်ဘာသာဝင်များသာမက ကမ္ဘာပေါ်ရှိ လူသားအားလုံး ခရစ္စမတ်၏ ကောင်းခြင်းမင်္ဂလာတို့ဖြင့် ပြည့်စုံပါစေကြောင်း၊ မြန်မာ ပြည်သူပြည်သား အားလုံး စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိကြပြီး ခန္ဓာစိတ်ဝမ်း ငြိမ်းချမ်းကြပါစေကြောင်း၊ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေးမှအစ အလုံးစုံတို့တွင် အဆင်ပြေချောမွေ့ကြပါစေ ကြောင်း၊  ငြိမ်းချမ်းသာယာဝပြောပြီး ဝမ်းမြောက်ခြင်းများနှင့် ပြည့်ဝနိုင်ကြပါစေ ကြောင်းဖြင့် ခရစ္စမတ် ဆုတောင်းပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့်ဇနီး တို့အား  ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို နှင့် သာသနာ ပိုင်ချုပ်ကြီး စတီဗင် သန်းမြင့်ဦးတို့က ခရစ္စမတ်အမှတ်တရ မေတ္တာလက်ဆောင် ပေးအပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီးတို့က ခရစ္စမတ်အထိမ်းအမှတ်လက်ဆောင်အဖြစ် သစ်သီးခြင်းနှင့် တပ်မတော် ထုတ်ပစ္စည်းများအား ပြန်လည်ပေးအပ်သည်။ 

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီးတို့အား ဂိုဏ်းချုပ်ဆရာတော်ကြီး ဦးမြတ်ဆန်းနှင့် လက်ထောက် ဆရာတော် နိုဝယ်စောနောအေး တို့က ခရစ္စမတ်အမှတ်တရ မေတ္တာလက်ဆောင်များ အပြန်အလှန်ပေးအပ်ကြသည်။
ထို့နောက် Rev.မန်ပါစတာ က ကျေးဇူးတင်စကားပြောကြားပြီး ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို က ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် ကြီးအတွက် ကောင်းချီးပေးခြင်းတို့ကို ဆောင်ရွက်ကြပြီး ဓမ္မတေးသီချင်းများကို သံပြိုင်သီဆိုချီးမွှမ်းကြသည်။
ယင်းနောက် Rev. စောစံအောင် က ခရစ္စမတ်အခါသမယ မိတ်သဟာယ ညစာစားပွဲဖြစ်မြောက်ရေးနှင့် ပါဝင်ပေးခဲ့သူများအားလုံးအတွက် ကျေးဇူးတော် ချီးမွှမ်း ခြင်းဆောင်ရွက်သည်။ 
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကတ်သလစ်ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံဧဝံဂေလိခရစ် ယာန် မဟာမိတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ တို့က တည်ခင်းဧည့်ခံသည့် မိတ်သဟာယ ညစာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။  

https://t.me/DTMT69

Post a Comment

Previous Post Next Post