နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံအားပေး


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် ဇနီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အဖွဲ့ဝင်များနှင့်အတူ လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်သို့ ရောက်ရှိကြပြီး မန်ဆူရှမ်းကျောင်း တိုက်ဆရာတော်ကြီး အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာကမ္မဌာနာစရိယ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပုညနန္ဒအား ဖူးမြော်ကြည်ညိုသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် မန်ဆူရှမ်းကျောင်းတိုက်ဆရာတော်ကြီးထံသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံစံတူ ရုပ်ပွားတော်မြတ်များ၊ လှူဖွယ်ပစ္စည်းများ၊ လားရှိုးမြို့တွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများအတွက် ငွေကျပ်သိန်း ၅၀၀၀၊ အဝတ်အထည် ၆၀၀၀ ကျော်၊ ဆန်နှင့် စားသောက်ဖွယ်ရာပစ္စည်းများကို လှူဒါန်းရာ မန်ဆူရှမ်းကျောင်းတိုက်ဆရာတော်ကြီးက အမှန်တကယ် လိုအပ်လျက်ရှိသည့် နေရပ်စွန့်ခွာသူများအားလုံးရရှိစေရေး ခွဲဝေပေးသွားမည့်အခြေအနေများကို ပြန်လည်မိန့်ကြားသည်။

အားပေးစကားပြောကြား

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ၎င်းတို့၏နေရပ်များတွင် အမြန်ဆုံးပြန်လည်နေထိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသများသို့ ပြန်လည်ရောက်ရှိချိန်တွင်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အစိုးရနှင့် တပ်မတော်မှ လိုအပ်သည်များကို တတ်စွမ်းသရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် လိုအပ်သည့် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး ထပ်မံ၍လည်း ပေးပို့ပေးမည်ဖြစ်ကြောင်း၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု အမြန်ဆုံးရရှိရေးကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းဖြင့် အားပေးစကားပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စားသောက်ဖွယ်ရာပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများက လက်ခံရယူကြပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်မှ ပြန်လည်ထွက်ခွာကြရာ ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများက လက်ဝှေ့ယမ်းပြနှုတ်ဆက်ခဲ့ကြသည်။

ချီးမြှင့်ငွေကျပ်သိန်း ၅၀၀၀ ပေးအပ်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိကြပြီး တိုင်းစစ်ဌာနချုပ် ဧည့်ခန်းမဆောင်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က တိုင်းစစ်ဌာန ချုပ်နယ်မြေအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအတွက် ချီးမြှင့်ငွေကျပ်သိန်း ၅၀၀၀ ကို ပေးအပ်ရာ တိုင်းမှူးက လက်ခံရယူသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားပြီး အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ မိသားစုဝင်များက လက်ခံရယူကြသည်။

Post a Comment

Previous Post Next Post