လောက်ကိုင်ကျသွားရင် ဘာဖြစ်မလဲ


xxxxxxxxxxxxxxxxxx
■ လက်ရှိအနေအထားအရ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဗဟိုအစိုးရ အာဏာစက် ရှိတယ်ဆိုတာကလည်း လောက်ကိုင်မကျသေးလို့ပါပဲ။ ကျန်တဲ့နယ်စပ်မြို့ တွေအားလုံးက ရန်သူ့လက်အောက်မှာပဲဆိုတော့ ....လောက်ကိုင်သာကျသွားခဲ့ရင် ကိုးကန့်ဒေသတစ်ခုလုံးဟာ တရုတ်နဲ့ မြန်မာကြားမှာ လက်နက်ကိုင်တပ်ဖွဲ့တစ်စုက အုပ်ချုပ်တဲ့ ဒေသတစ်ခုအဖြစ်နဲ့ ပေါ်ထွက်လာတော့မှာပါ။ ဒါဆို အကျိုးဆက်က ဘာဖြစ်နိုင်သလဲပေါ့။ ကိုးကန့်ဟာ ပြည်ထောင်စု တစ်ခုလုံးအတွက် အသေးအမွှားလေး ဒေသတစ်ခုဆိုပေမဲ့ စီးပွားရေးရှုထောင့်အရကြည့်မယ်ဆိုရင်တော့ အတော်လေး ဆုံးရှုံးမှု များပါတယ်။ ဘာဖြစ်လို့လဲဆိုတော့...တရုတ်နိုင်ငံရဲ့ Belt and Road Initiative အစီအမံ အတွက် တံခါးပေါက်တစ်ခုလိုဖြစ်နေတဲ့ မြန်မာနိုင်ငံက တရုတ်နိုင်ငံရဲ့ ပထဝီနိုင်ငံရေး အကျိုးစီးပွားနဲ့ ချိတ်ဆက်နေလို့ပဲ ဖြစ်ပါတယ်။ ပိုပြီး သိသာစေတဲ့ အချက်ကတော့ ယူနန်ပြည်နယ်နဲ့ ချိတ်ဆက်ထားတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတွေ၊  အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးတွေနဲ့ ကုလားတန် ဘက်စုံသုံး သယ်ယူ ပို့ဆောင်ရေးစီမံကိန်းတွေကြောင့်လည်း ဒီလမ်းမတွေကို  လက်နက်ကိုင်တွေက အပြိုင်စိုးမိုးနိုင်ဖို့ ကြိုးစားနေတာ ထူးဆန်းတာမျိုးတော့ မဟုတ်ပါဘူး။
-----------
■  တကယ်တော့ လောက်ကိုင်ဆိုတာ ကိုးကန့်ဒေသအတွက်တော့ မြို့တော်တစ်ခုလို့ သတ်မှတ်ရုံပါပဲ။ အဓိက အရေးကြီးတာက နယ်စပ်ကုန်သွယ်ရေးအပေါက်မှာ ရှိတဲ့ ချင်းရွှေဟော်ကသာ အဓိကပါ။ ဒီဒေသကို အစိုးရအနေနဲ့ မလွှမ်းမိုးနိုင်တော့ဘူးဆိုရင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကဏ္ဍမှာ ဒုတိယပို့ကုန်/သွင်းကုန် အများဆုံးဖြစ်တဲ့ ချင်းရွှေဟော် ကို ဆုံးရှုံးရမှာပါ။ ဒါတွေအပြင် ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်းပေါ်က Base ထိုင်ထားတဲ့ မူဆယ်မြို့တွေကိုပါ TNLA တို့အနေနဲ့ သိမ်းပိုက်ဖို့ ကြံရွယ်ထားတာမို့ ဒီပြည်ထောင်စု လမ်းပိုင်းနှစ်ခုကိုသာ လက်လွှတ်လိုက်ရရင် နိုင်ငံတော်ရဲ့ နယ်စပ် စီးပွားရေးလုပ်ငန်းတွေ ဆိုတာ ကိုယ့်ခြေကိုယ်လက်လုပ်လို့ မရတော့ပါဘူး။ ဒီအခြေအနေ ကို သိလို့ တရုတ်အနေနဲ့ နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့ကြားကို “ကြားပွဲစား” လာလုပ်နေ တာပါ။ (၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ မူဆယ် ၁၀၅ မိုင် တစ်ခုတည်းက ၁၄၈၃ သန်း စီးဝင် ခဲ့)
-------------
■  နမ့်ဆန်နဲ့ နမ္မတူ ဒေသကိုသာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပေးထားတဲ့ TNLA က နမ့်ခမ်းနဲ့ မူဆယ်အထိ တက်လာတာကိုကြည့်ရင် သူတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်နဲ့  အကျိုးစီးပွားချိတ်ဆက်နိုင်မှု အတိုင်းအတာက ဘယ်လောက်ရှိသလဲဆိုတာကို မြင်နိုင်ပါ တယ်။ ဖက်ဒရယ်ရဲ့ သဘောမှာ  ပြည်နယ်ရဲ့ သံယဇာတအကျိုးစီးပွားကို ဗဟိုက ၆၀ ယူပြီး ပြည်နယ်က ၄၀ ယူတာမျိုးလည်း ရှိတတ်သလို ဗဟိုက အပြည့်ယူပြီး ပြန်ခွဲပေးတာ မျိုးလည်း ရှိတတ်တာမို့ ဘယ်လိုကစားကြမလဲဆိုတာတော့ ဆက်ပြီး စောင့်ကြည့်ကြရ ဦးမှာပါပဲ။ ခက်တာက.... ပြည်နယ်အဆင့်တောင် လွှတ်တော်တွေမှာ တရားဝင် မသတ်မှတ်နိုင်သေးတဲ့ တအောင်း TNLA က လက်နက်ကိုင်ပြီး လုပ်ချင်တိုင်းလုပ်နေ တာကို မြင်ရတာတော့ အတော်လေး မသတီစရာ ကောင်းပါတယ်။

(နရီမိုး)

Post a Comment

Previous Post Next Post