အကြမ်းဖက်အန္တရာယ်တွေကို အမြစ်ဖြတ်တိုက်ဖျက်နေတဲ့ သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးနဲ့ နိုင်ငံကိုချစ်တဲ့၊ အမျိုးကိုမြတ်နိုးတဲ့ ပြည်သူတွေနဲ့အတူ မြဲမြဲမြံမြံရပ်တည်နေတယ်လို့ 𝙐𝙎𝘿𝙋 ဥက္ကဋ္ဌ ပြောကြား


နိုင်ငံသားအားလုံး ရင်ဆိုင်နေရတဲ့ အကြမ်းဖက်အန္တရာယ်တွေကို မြန်မာ့မြေပေါ်က လုံးဝပျောက်ကွယ်သွားအောင် အမြစ်ဖြတ်တိုက်ဖျက်ရေး၊ နိုင်ငံတော်ကြီးအေးချမ်း၊ သာယာ၊ တည်ငြိမ်၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်နေကြတဲ့ နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေး အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးနဲ့ နိုင်ငံကိုချစ်တဲ့၊ အမျိုးကိုမြတ်နိုးတဲ့ ပြည်သူတွေနဲ့အတူ ကျွန်တော်တို့ပါတီကလည်း  မြဲမြဲမြံမြံရပ်တည်လျက် ရှိနေတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (𝙐𝙎𝘿𝙋) ဥက္ကဋ္ဌ ဦးခင်ရီက ပြောပါတယ်။

ဒီကနေ့ (ဒီဇင်ဘာ ၈ ရက်) မနက်ပိုင်းက နေပြည်တော်၊ အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ကုတင်-၁၀၀၀)မှာ ရှေ့တန်းစစ်ဆင်ရေး နယ်မြေအသီးသီးက ထိခိုက်၊ ဒဏ်ရာရရှိပြီး ဆေးဝါးကုသမှုခံယူနေတဲ့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနဲ့ လုံခြုံရေးအဖွဲ့ဝင်တွေကို ပြည်ခိုင်ဖြိုးပါတီက သွားရောက် ကူညီထောက်ပံ့ခဲ့တာနဲ့ပတ်သက်လို့ သူ့ရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးဖော်ပြရာမှာ ယခုလို ထည့်သွင်းဖော်ပြ ပြောကြားခဲ့တာပါ။

အဆိုပါ ထောက်ပံ့လှူဒါန်းမှုအတွင်းမှာ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ စုစုပေါင်း (၁၈၅) ဦးအတွက် စုစုပေါင်းငွေကျပ် (၁၄၈) သိန်းတန်ဖိုးရှိတဲ့ စားသောက်ဖွယ်ရာတွေနဲ့ အသုံးအဆောင်ပစ္စည်တွေကို ထောက်ပံ့ပေးအပ်ခဲ့တာလို့ သိရပြီး အဲဒီ လှူဒါန်းမှုပမာဏက မများပေမဲ့ ထောက်ခံ၊ ကူညီ၊ ပံ့ပိုးလိုတဲ့ စိတ်စေတနာက ပမာဏကြီးလှတယ်လို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီက ဆိုထားပါတယ်။

ဒါ့အပြင် ဒီနေ့တွေ့ခဲ့တဲ့ ဒဏ်ရာရသူတွေထဲမှာ အတိတ်ကာလက ကျင်လည်ခဲ့တဲ့ လုပ်ငန်းတာဝန်နှစ်ခုလုံးမှာ သေဖော်ရှင်ဖက်၊ လုပ်ဖော်ကိုင်ဖက် အချို့နဲ့လည်းတွေ့ဆုံ ခဲ့ရလို့ ဝမ်းသာပီတိဖြစ်ရကြောင်းနဲ့ အချို့ဆိုရင် ကိုယ်ကျိုးမဖက် စွန့်လွှတ်စွန့်စားမှုတွေကြောင့် နိုင်ငံတော်ကချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေ ရခဲ့သူတွေဟာ အတိတ်ကာက ကာကွယ်ရေး၊ လုံခြုံရေးနယ်ပယ်တွေမှာ အတူတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်နေကြလို့ ဝမ်းသာ၊ ဂုဏ်ယူမဆုံးလည်းဖြစ်ခဲ့ရတယ်လို့ ရေးသားဖော်ပြထားပါသေးတယ်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨

Post a Comment

Previous Post Next Post