ရှမ်းမြောက်စစ်ပွဲနောက်ကွယ်က နှစ်ဖက်တပ်တွေရဲ့ အားစမ်းပွဲ ဘယ်အထိ ကြာသွားနိုင်သလဲ


၁။   ရှမ်းမြောက်စစ်ပွဲရဲ့ အချိန်ကာလက ဘယ်အချိန်အထိကြာသွားနိုင်သလဲဆိုပြီး မိတ်ဆွေ တစ်ယောက်က မေးတယ်။ Unseen Factors တွေများနေလေတော့ အတိအကျကြီး မသိနိုင်သလို အကန့်စနစ်တွေရှိပြန်တော့ ပြောဖို့လည်း အတော်လေး ခက်တယ်။ တိုက်ပွဲအရှိန်ကြာလာတာနဲ့ အမျှ ကိုယ့်ဖက်၊ သူ့ဖက် အင်အားအခြေအနေ ကြောင့် မြန်မြန်အဆုံးသတ်ဖို့တော့ ခက်တယ်။ ဒါပေမဲ့...နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့သာ ယှဉ်တွဲစကားပြောနိုင်ရင်တော့ မျှော်လင့်ထားတာထက်ပိုပြီး မြန်ကောင်းမြန်နိုင်တယ်လို့ပဲ  ပြန်ဖြေဖြစ်ခဲ့မိတယ်။
--------------
၂။  တကယ်တော့ ဒီစစ်ပွဲဖြစ်လာရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ဘာတွေဖြစ်နိုင် သလဲဆိုတာ တွေးဆကြည့်ဖို့လိုအပ်တယ်။ ကျားဖြန့်ရှင်းလင်းရေးဆိုတာ တရုတ်ဘက်က အလိုရှိတဲ့ အရေးကြီးကိစ္စပဲ။ ဘီလီလျံနဲ့ချီပြီး ဆုံးရှုံးထိခိုက်နေတဲ့ ဒဏ်ကို တရုတ်ဘက်က မခံစားနိုင်တော့ဘူး။ လူဦးရေ သောင်းနဲ့ချီပြီး နိုင်ငံအစုံပါတဲ့ ဒီဂိုဏ်းရှင်းလင်းရေးဟာ ယူနန်ပြည်နယ်အတွက်ရော၊ တရုတ်ဗဟိုအစိုးရအတွက်ပါ ခပ်မြန်မြန် ဖြေရှင်းရမဲ့ ကိစ္စတစ်ခုဖြစ်နေတယ်။ ဒီဘက်ကပြန်ကြည့်ရင် နစက အနေနဲ့ ကျားဖြန့်နဲ့ ပတ်သက်တဲ့ ဒီသတင်း(Sourcs)တွေ မရခဲ့တာလားလို့ မေးစရာရှိတယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောခဲ့သလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဟာ ဖွဲ့စည်းပုံအရ အာဏာခွဲဝေအပ်နှင်း ထားတာမို့ ဗဟိုစွက်ဖက်မှုက ထိုက်သင့်သလောက်ရှိမနေဘူး။ တကယ်တော့ “ဝ”လိုဒေသတွေကို ဗဟိုအစိုးရရဲ့ “လဝကနဲ့ ရဲ” တွေ ဝင်ရောက်စစ်ဆေးခွင့်တောင် မရှိတဲ့အခြေအနေမှာ ဒီလိုအခြေအနေမျိုး ဖြစ်လာတာ ထူးပြီးအံ့ဩစရာတော့ မရှိဘူးလို့ဆိုရမယ်။ ဒါပေမဲ့ မဖြစ်မနေ ရှင်းလင်းဖို့လိုအပ်နေတဲ့ တရုတ်ရဲ့ ကျားဖြန့် ရှင်းလင်းရေး စီမံချက်နဲ့ ကိုးကန့်ဒေသကို လက်ရှိအုပ်ချုပ်နေပြီး ကျားဖြန့်အုပ်စုတွေမှာ ပါဝင်ပတ်သက်နေတဲ့ ကိုးကန့်အုပ်ချုပ်ရေး အဖွဲ့တွေကို ရှင်းလင်းဖို့အတွက် MNDAA ကို မီးစိမ်းပြလိုက်တဲ့ လုပ်ရပ်ကတော့ တရုတ်ရဲ့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်လိုက်တဲ့ အကွက်လို့ပဲ တွေးမိတယ်။
---------------
၃။  ဒီနေရာမှာ မဖြစ်မနေ တွေးဖို့လိုအပ်နေတာက စစ်ရေးနဲ့အတူ ယှဉ်တွဲပါလာနေတဲ့ နိုင်ငံရေးဆိုင်ရာ တောင်းဆိုမှုတွေပဲ။ ဘယ်လိုနောက်ဆက်တွဲအခင်းအကျင်းတွေ ဖြစ်လာ နိုင်သလဲဆိုတာ တွေးကြည့်ဖို့လိုအပ်တယ်။  MNDAA ရဲ့ လိုလားချက်က ရှင်းတယ်။ ကိုးကန့်ဒေသ ပြန်လည်ရရှိရေးပဲ။ တပ်မတော်ဖက်က ဆုပ်ကိုင်ထားမဲ့ အချက်ကလည်း ၂၀၀၈ ခြေဥနဲ့ NCA ပဲ။ နည်းနည်းမှ လျှော့မယ်လို့တော့မထင်မိဘူး။ ဆိုလိုတာက ကိုးကန့် ဒေသကိုပြန်လည် အုပ်ချုပ်ခွင့်ဆိုတာ ၂၀၀၈ ပေးထားချက်အရပဲ ခွင့်ပြုနိုင်မယ်။ ၁၀၂၇ မတိုင်မီအခြေအနေကို ပြန်သွား။ လိုအပ်ရင် ပါတီအဖွဲ့အစည်းထောင်ပြီး ၂၀၀၈ ခြေဥ အောက်ကနေဝင်။ ဒီလိုပဲ သွားနိုင်တယ်လို့ ယူဆတယ်။ ဒါက MNDAA အတွက် လိုလားချက်နဲ့ ဖြေရှင်းချက်ပဲ။
------------
၄။  တဖက်မှာ မြောက်ပိုင်း ၃ ဖွဲ့နဲ့အတူပါလာတာက TNLA နဲ့ AA ။ NCA ရေးထိုး ထားတဲ့အဖွဲ့တွေထဲမှာ လက်မှတ်ရေးထိုးပါပြီ ဆိုကတည်းက ထိန်းချုပ်နယ်မြေတွေ၊ ကန့်သတ်နယ်မြေတွေကို နှစ်ဖက်သဘောတူသတ်မှတ်ခဲ့ကြတာတွေ့ရှိခဲ့တယ်။ လက်ရှိ စစ်ဖြစ်နေတဲ့အဖွဲ့တွေဟာ NCA ကန့်သတ်ချက်ရှိမနေတော့ ကန့်သတ်နယ်မြေနဲ့ ပတ်သက်ပြီး တရားဝင်မှုတွေ ရှိမနေဘူး။ ဆိုတော့....ပြည်နယ်အဆင့်ထိ ထပ်တိုးလိုချင်နေတဲ့ TNLA အတွက် မြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်ပြီး လက်နက်နဲ့ တိုက်ယူကြတယ်။ စစ်ပွဲဖန်တီးပြတယ်။ ဒါပေမဲ့ ဒီလုပ်ရပ်က ရေရှည်အလုပ်မဖြစ်ဘူးဆို တာ TNLA လည်း သဘောပေါက်ဖို့ကောင်းပါတယ်။ စစ်ပွဲသဘောသဘာဝအရ ယာယီ အခိုက်အတန့်အားဖြင့် သိမ်းယူလို့ ရကောင်းရနိုင်ပေမဲ့ အသိအမှတ်ပြုဖို့အတွက်ဆိုရင် တော့ မဖြစ်မနေ နိုင်ငံရေးစကားပြောဖို့လိုအပ်တယ်။ မဟုတ်ရင်တော့ လက်ရှိ နမ့်ခမ်း ဖြစ်စဉ်လိုပဲ မြို့ပျက်စီးသွားတာကပဲ အဖက်တင်လိမ့်မယ်။
------------------
၅။  လက်ရှိ MNDAA ဦးတည်တိုက်ခိုက်နေတဲ့ ကိုးကန့်ဒေသအတွက် နှစ်ဖက်တာဝန်ရှိသူတွေအချင်းချင်း နိုင်ငံရေး အပေးအယူကိစ္စ ဖြတ်နိုင်ရင် မြန်မြန်ပြီးသွား မယ်လို့ မျှော်လင့်ပါတယ်။ AA ကတော့ ရှမ်းမြောက်ဘက်ကစစ်ပွဲအရှိန်လျော့စေဖို့ တိုက်ပွဲဧရိယာကျယ်ပြန့်အောင် ဖော်ဆောင်ပေးတာထက် မပိုပါဘူး။ ဒါပေမယ့်...လက်ရှိ ဖြစ်နေတဲ့ စစ်ပွဲဧရိယာတွေအားလုံးဟာ တရုတ်ဖော်ဆောင်မဲ့ ကျောက်ဖြူရေနက်စီမံကိန်း တွေနဲ့ ဘေကျင်းရဲ့ Belt and Road စီမံကိန်းတွေရဲ့ အဓိက မိန်းလမ်းကြောင်းတွေ ဖြစ်နေ တယ်ဆိုတဲ့ အချက်ကိုတော့ သတိမလွတ်သင့်ပါဘူး။ မြောက်ပိုင်း ၃ ဖွဲ့အနေနဲ့ လိုအပ်ရင် စီးပွားရေးအတွက်ပါ အကျိုးအမြတ် မျှဝေခံစားဖို့ အသင့်ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ် ဆောင်ပါတယ်။ တရုတ်-မြန်မာ ကုန်သွယ်ရေးအားလုံးရဲ့ ၆၅ ရာခိုင်နှုန်းဖြစ်တဲ့ ၁၄၈၃ သန်းဟာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ  စီးဝင်ခဲ့တာဖြစ်တယ်ဆိုတဲ့ အချက်ကို ထည့်တွက်ကြဖို့ လိုပါတယ်။ မဟုတ်ရင်...စစ်ပွဲကာလ ပိုကြာလာတာနဲ့အမျှ စီးပွားရေး ဆိုင်ရာ ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေ ပိုပြီး ခံစားနိုင်တယ်ဆိုတာ သတိပြုကြရမှာဖြစ်ပါတယ်။
----------------

၆။ အနှစ်ချုပ်ရရင် ရှမ်းမြောက်စစ်ပွဲဆိုတာ  သေနတ်ကျည်ဆံတွေနဲ့ပဲ တိုက်နေတဲ့ စစ်ပွဲသီးသန့်သဘောမျိုးမဆောင်တော့ပါဘူး။ နှစ်နိုင်ငံစလုံးအတွက် အထိနာစေတဲ့ သံတမန်ရေးဆိုင်ရာ ကိစ္စတွေ ပါဝင်ပတ်သက်နေသလို နှစ်ရှည်လများ လှိုက်စားနေတဲ့ ကျားဖြန့်လိုမျိုး ငွေလိမ်ဂိုဏ်းရှင်းလင်းရေးကိစ္စတွေလည်း ရှိနေပါတယ်။ တဖက်မှာ ကိုးကန့်ဒေသ ပြန်လည်ရရှိဖို့ စနစ်တကျ အကွက်ချပြီး တိုက်ကွက်ဖော်ဆောင်တာရှိသလို တဖက်မှာလည်း ပြည်နယ်အဆင့်ထိ တောင်းဆိုနိုင်ဖို့ လိုအပ်သလို နယ်မြေချဲ့ယူနေတဲ့ TNLA ရဲ့  နိုင်ငံရေးရည်မှန်းချက်ပါနေတဲ့ ကိစ္စတွေလည်းရှိနေတာတွေ့ရမှာ ဖြစ်ပါတယ်။ ဒါတွေအပြင် စစ်ပွဲအချိန်ကာလ ကြာရင် ကြာသလောက် နှစ်ဖက်လူသားအရင်းအမြစ်တွေ ဆုံးရှုံးတဲ့ ဒဏ်ကို ခံစားရမှာဖြစ်သလို စီးပွားရေးကိစ္စတွေပါ တနွယ်ငင် တစင်ပါသလို ဖြစ်နေတယ်ဆိုတဲ့ အချက်တွေကလည်း  သတိပြုဖို့ လိုအပ်တယ်ဆိုတာ မမေ့သင့်ပါဘူး။

(နရီမိုး)

Post a Comment

Previous Post Next Post