ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း ပြီးစီးပါက မြန်မာနိုင်ငံမှကုန်စည်များအပါအဝင် မိမိနိုင်ငံကို ဖြတ်သန်းသွားမည့် ကုန်စည်များကို အာဖရိကနိုင်ငံများ၊ တောင်အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများကို တိုက်ရိုက်ပို့နိုင်မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ပြောကြား


ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ် (Concession Agreement)ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ် ရေးထိုးခြင်းအခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက်၊ ညနေပိုင်းက နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပခဲ့ရာ အဆိုပါအခမ်းအနား၌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်ကာ သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့သည်ဟု သိရသည်။


ထိုသို့တွေ့ဆုံရာကာ အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ၌ စီမံကိန်းပြီးစီးပါက မြန်မာနိုင်ငံမှကုန်စည်များအပါအဝင် မိမိနိုင်ငံကို ဖြတ်သန်းသွားမည့် ကုန်စည်များကို အာဖရိကနိုင်ငံများ၊ တောင်အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများကို တိုက်ရိုက်ပို့နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်၌ တိုက်ရိုက်မတင်ပို့နိုင်ဘဲ စင်ကာပူနှင့် မလေးရှားတို့မှတစ်ဆင့် တင်ပို့နေရကြောင်း၊ စီမံကိန်းစတင်တည်ဆောက်ရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပေါ် ဆန်းစစ်ချက်နှင့်ပတ်သက်၍ ၈၅ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်၍ အဆိုပါလုပ်ငန်းစဉ် ရာခိုင်နှုန်းပြည့်ပြီးစီးအောင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍လည်း ပြည်ထောင်စုဝန်ကြိးက စီမံကိန်းစတင်အကောင်အထည်ဖော်ရန်အတွက် လိုအပ်သည့်အခြေခံအဆောက်အဦများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းကို မြန်မြန်စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နှစ်ဖက်စလုံး ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောက်ဖြူဒေသခံပြည်သူများ၏ ဆန္ဒမှာလည်းစီမံကိန်းကို မြန်မြန်ဆန်ဆန်စတင်ရန် တောင်းဆိုချက်များလည်းရှိကြောင်း ပြောကြားသည်။


အလားတူ စီမံကိန်းသည် ကျောက်ဖြူဒေသအပါအဝင် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရုံသာမက မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံကြား စီးပွားရေးနှင့်ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းပြီးစီးပါက မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့်မီ ရေနက်ဆိပ်ကမ်းအဖြစ် ရပ်တည်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါဆိပ်ကမ်းသည် အာရှ၊ အာဖရိကနှင့် ဥရောပတိုက်ကြီးများနှင့် ဆက်သွယ်မည့် ကုန်သွယ်မှုအချက်အချာနေရာတစ်ခု ဖြစ်လာနိုင်ပြီး ကမ္ဘာသို့ တံခါးပေါက်ကြီးအသွင်ဖြင့် မြန်မာနိုင်ငံနှင့် ဒေသတွင်း၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

Post a Comment

Previous Post Next Post