ဂျပန် ODA ဖြင့် ဆောက်လုပ်နေသည့် သန်လျင်တံတားအမှတ်(၃)၏ ပင်မတံတား တည်ဆောက်မှု ပြီးစီး


ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) ရဲ့ အဓိကပင်တံတား တည်ဆောက်ရေးလုပ်ငန်းတွေ ပြီးစီးသွားပြီလို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။

လက်ရှိမှာ လက်စသတ်လုပ်ငန်းတွေနဲ့ ဆက်စပ်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေပြီး ၂၀၂၄ ခုနှစ်မှာ လုပ်ငန်းပြီးစီးဖို့ လျာထားဆောင်ရွက်နေတယ်လို့ ပဲခူးမြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းရုံးက ပြောကြားထားပါတယ်။

အမှတ် (၃) သန်လျင်တံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်းကာ အတိုင်ပင်ခံဖြစ်တဲ့ ဂျပန် Joint Venture of Nippon Koei ရဲ့ ကြီးကြပ်မှုနဲ့ တစ်ဆင့်ခံကန်ထရိုက်တာ (Sub-Contractor) ကုမ္ပဏီ(၇)ခုက ပူးပေါင်းဆောင်ရွက်နေတာပါ။

တံတားစီမံကိန်းအတွက် JICA က ODA ချေးငွေ ဂျပန်ယန်း (၃၁) ဘီလီယံ ထောက်ပံ့ပေးထားပြီး အပိုင်း (၃) ပိုင်းခွဲကာ တည်ဆောက်နေတာပါတယ်။

တံတားစီမံကိန်းကို ၂၀၁၉ ခုနှစ် မေလမှာ စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၁ ဖေဖော်ဝါရီ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်နောက်ပိုင်း တစ်နှစ်ခန့် တည်ဆောက်ရေးလုပ်ငန်းတွေ ရပ်နားခဲ့ရပြီးနောက် ပြန်လည်ပတ်ခဲ့တာဖြစ်ပြီး ယခုအခါ ပင်မတံတား တည်ဆောက်မှုလုပ်ငန်းတွေ ပြီးစီးသွားပြီးလည်း ဖြစ်ပါတယ်။

သန်လျင်မြစ်ကူးတံတားအမှတ်(၃)က ရန်ကုန်-သန်လျင် အမှတ်(၁)တံတားအနီးမှာရှိပြီး ပင်မတံတား အရှည် (၁၉၂၈)မီတာ၊ ယာဉ်သွားလမ်းအကျယ် (၂၄)မီတာ၊ ယာဉ်လေးလမ်းသွားနဲ့ သာကေတဘက်ခြမ်း ချဉ်းကပ်တံတားအရှည် (၅၄၇) မီတာ၊ သန်လျင်ဘက်ခြမ်း ချဉ်းကပ်တံတားအရှည် (၁၈၈)မီတာနဲ့ တံတားခံနိုင်ဝန် (၇၅)တန်ဖြစ်တယ်လို့ သိရှိရပါတယ်။

Post a Comment

Previous Post Next Post