မဲခေါင်-လန်ချန်းအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ဒေသအတွင်း တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရန် SAC ဥက္ကဋ္ဌ တိုက်တွန်း


မဲခေါင်-လန်ချန်းအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ဒေသတွင်းလုံခြုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အ တားဖြစ်စေသည့် ရာဇဝတ်မှုများအတွက် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် (၄) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်ဖြင့် ပါဝင်တက်ရောက် ဆွေးနွေးစဉ် ပြောကြားခဲ့သည်။

နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါး တရားမဝင် ထုတ်လုပ်ရောင်းဝယ်မှုများ၊ လူကုန်ကူးမှုများ၊ အကြမ်းဖက်မှုများ၊ ဆိုင်ဘာရာဇဝတ်မှုများ၊ အွန်လိုင်းလောင်းကစားများ စသည့် ရာဇဝတ်မှုများသည် ဒေသတွင်းလုံခြုံရေးနှင့် စီပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့်အတွက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်‌ဆောင်ရွက်သွားရန် လိုအပ်ကြောင်း SAC ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး ခေတ်မီ တိုးတက်လာစေရေးတို့အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်အောက်တွင် အချင်းချင်း အပြန်အလှန်အကူညီပေးသင့်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရေးအတွက် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် မဲ‌ခေါင်-လန်ချန်း ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းများမှတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တရုတ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနိုင်ငံတို့မှ ဝန်ကြီးချုပ်များ တက်ရောက်ခဲ့ပြီး SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီချန်းတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

#sac #မဲခေါင် #mekong #ပွင့်လင်းမြန်မာ #laos
#China #mtnews #myanmar_transparency_news

Post a Comment

Previous Post Next Post