ဆရာမနိုင်နှစ်ဆောင်ပြိုင်


ရုရှားပိုင်ဆိုင်တဲ့ နျူကလီးယားလက်နက်တွေ အကုန်စွန့်လွှတ်မှ ငြိမ်းချမ်းရေးစကားပြောမယ်လို့ ဇလင်စကီးတို့ ဖက်ကပြောတယ်။ ရူးသွားပြီလို့ထင်စရာကောင်းလောက်အောင် ယူကရိန်းတောင်းဆိုတယ်။ သူနိုင်နေတာလည်း မဟုတ်ဘူး။ ရုရှားသမ္မတက မိုက်မဲလွန်းတဲ့ယူကရိန်းလို့ မှတ်ချက်ပေးတယ်။ ဇလင်စကီးစစ်မပြီးစေချင်လို့ တမင် ပြောတာဖြစ်ပါလိမ့်မယ်။ စစ်ပြီးရင်ရွေးကောက်ပွဲလုပ်ရမှာ။ ရွေးကောက်ပွဲလုပ်ရင် ဇလင်စကီး သေချာပေါက် ပြုတ်ကျပြီး ယူကရိန်းစစ်အတွက် အမှုရင်ဆိုင်ရလိမ့်မယ်။
-
ပါလက်စတိုင်းနိုင်ငံပေါ်ပေါက်လာမှ အစ္စရေးလုံခြုံရေးကစိတ်ချရမယ်လို့ အမေရိကန်သမ္မတပြောတာကို အစ္စရေး ဝန်ကြီးချုပ်က သဘောမတူဘူး ပယ်ချခဲ့တယ်။ ကမ္ဘာ့ခေါင်းဆောင်တွေ၊ ကုလသမဂ္ဂတို့ EU တို့လို အဖွဲ့အစည်းအားလုံးတွေက Two State Solution လုပ်ရမယ်လို့ တောင်းဆိုဖိအားပေးနေပေမယ့် ဂါဇာကို အစ္စရေးက အခြေအနေတစ်ခုအထိ အုပ်ချုပ်မယ်လို့ နေတန်ယာဟုကပြောတယ်။
-
ယူကရိန်းသမ္မတဇလင်စကီးက အမေရိကန်ကိုယုံကြည်အားကိုးပြီး ရုရှားနဲ့စစ်တိုက်ခဲ့တာ။ အစ္စရေးဘာလုပ်လုပ် အမေရိကန်ကအပြည့်အဝ ထောက်ခံပေးထားတဲ့နိုင်ငံဖြစ်ပြီး အစ္စရေးလုပ်သမျှမှန်တယ်ပြောနေခဲ့တာ။ အခုတော့ အစ္စရေးကိုကော ယူကရိန်းကိုကော အမေရိကန်သြဇာ မလွှမ်းမိုးနိုင်တော့ဘူးလို ဖြစ်နေတယ်။ နှစ်နိုင်ငံစလုံးက အမေရိကန်နဲ့သဘောထားမတူညီကြတော့ဘူး။ အမေရိကန်ဖြစ်စေချင်တဲ့ ပုံစံအနေအထားလို နှစ်နိုင်ငံစလုံးက လက်မခံကြတော့ဘူး။
-
ယူကရိန်းနိုင်ငံမှာ စိတ်ရောဂါသည်တွေ သိသိသာသာတိုးတက်နေတယ်လို့ The Guardian သတင်းစာက ထုတ်ဖော်ရေးသားလာတယ်။ စစ်မှာယူကရိန်းဖက်က ဝင်တိုက်ပေးတဲ့ ယူကရိန်းသားတွေ ပျက်စီးဖို့သာရှိတယ်။ ဒီတော့ ဘယ်ယူကရိန်းသားမှ စစ်ထဲမဝင်ချင်တော့ဘူး ထွက်ပြေးနေကြတယ်။ ယူကရိန်းသားတွေပျက်စီးသွားတဲ့ သူ့နိုင်ငံကိုမြင်ပြီး စိတ်သောကတွေဖြစ်နေရတယ်။ ဇလင်စကီးရဲ့တောင်းဆိုမှုတွေက ယူကရိန်းအတွက် ဘာအနာဂါတ်မှ မရှိတော့လောက်အောင်ဖြစ်လာတယ်။
-
သို့ပေမဲ့ ဇလင်စကီးက သူ့နိုင်ငံကို Proxy အဖြစ်ထားပြီး ရုရှားကိုတိုက်ခိုက်ဖို့အထိ အနောက်နိုင်ငံတွေကို တောင်းဆိုလာတယ်။ သဘောက သူ့နိုင်ငံနဲ့သူ့နိုင်ငံသားတွေ ဘယ်လောက်ပျက်စီးဆုံးရှုံးပါစေ သူလုပ်ပေးမယ်လို့ ဖိတ်ခေါ်နေတာ။ ကြောက်စရာကောင်းတဲ့ အယူအဆပါ။
-
အစ္စရေးကတော့ သူကျေနပ်တဲ့အထိ လက်တုံ့ပြန်တာကို ဘယ်သူမှဝင်မပြောနဲ့ဆိုတဲ့ သဘောလုပ်နေတာ။ အစ္စရေးရဲ့တိုက်ခိုက်မှုကို ကမ္ဘာ့နိုင်ငံခေါင်းဆောင် အားလုံးနီးပါးကန့်ကွက်နေကြသလို နိုင်ငံပေါင်းများစွာလည်း ဆန္ဒတွေပြနေကြတယ်။ စစ်ဖြစ်တာ နှစ်လကျော်အတွင်း ICJ မှာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ပွဲမပြီးခင်မှာကို တရားစွဲခံရတာ အစ္စရေးနိုင်ငံပဲရှိတယ်။ ဟစ်တလာ ဂျူး ၆ သန်းကို သတ်တာခံခဲ့ရတယ်ဆိုပြီး မျက်ရည်ချူခဲ့တဲ့ အစ္စရေးတို့ သူတို့ကိုယ်တိုင် ဟစ်တလာ လုပ်သလိုမျိုးလုပ်နေတယ်။
-
ရုရှားနိူင်ငံခြားရေးဝန်ကြီးက ဂျူး ၆ သန်းပဲလူမျိုးတုံးသတ်ခံရတာ မဟုတ်ဘူး ရုရှားလည်းခံခဲ့ရတယ်။ ဒါကိုအကြောင်းပြပြီး ဂါဇာမှာထင်တိုင်းကြဲလို့ မရဘူးလို့ပြောလာတယ်။ ဒုတိယကမ္ဘာစစ်မှာ ရုရှား ၂၇ သန်း အသက်ပေးခဲ့ရပါတယ်။ အစ္စရေးနဲ့ ယူကရိန်းရပ်တည်ချက် အနေအထားနှစ်ခုမတူပေမယ့် နှစ်ခုစလုံးအပေါ် အမေရိကန်နိုင်ငံ မထိမ်းချုပ်နိူင်တော့ဘူး။
-
ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ဒေါ်မြလေးတို့ သရုပ်ဆောင်တဲ့ ဆရာမနိုင်နှစ်ဆောင်ပြိုင် ဆိုတဲ့ ရုပ်ရှင်ဇတ်ကား နာမည်ကို သတိရမိတယ်။ ဘယ်တော့မှ စစ်ရပ်မလဲတွေးလို့မရဘူး။ ဖြစ်နေတဲ့အချက်အလက်တွေအရ စစ်မရပ်ဘူးဆို ယူကရိန်းက အကုန်ပြိုကျသွားနိုင်ပြီး အစ္စရေးက အီရန်အပါအဝင် အာရပ်တွေနဲ့ပါဆက်ပြီး စစ်ဖြစ်ရလိမ့်မယ်လို့ ထင်မိတယ်။

မိုးတင့်ဆွေ(ရန်ကုန်တက္ကသိုလ်)

Post a Comment

Previous Post Next Post