မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဘာဆက်ဖြစ်နိုင်သလဲ





လက်ရှိ ဒီနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေး ဖြစ်စဉ်တွေကို ကြည့်နေရင်းနဲ့ ၁၉၈၉ ခုနှစ် လောက်က ဂါးဒီးယန်း (ဦး)စိန်ဝင်းရေးတဲ့ “အကွဲအပြဲဇာတ်လမ်း”ဆိုတဲ့ စာအုပ်ကလေးကို တောင် ပြန်ပြောင်းသတိရမိတယ်။ ဖဆပလ အဖွဲ့အစည်းကနေ အစပြုလိုက်တဲ့ နိုင်ငံရေး ဇာတ်ထုပ် အရှုပ်တော်ပုံကြီးဟာ မူဝါဒအကွဲအပြဲ၊ အယူအဆ အလွဲလွဲတွေနဲ့ “တည်မြဲနဲ့ သန့်ရှင်း”ဆိုပြီး နှစ်ခြမ်းကွဲတဲ့ အထိဖြစ်ခဲ့ကြသလို လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်တဲ့ ပြည်သူ့ရဲဘော်ဆိုရင်လည်း အဖွဲ့တွေ အသီးသီးကွဲတဲ့အထိ၊ တပ်မတော်ရဲ့ တချို့တဝက်သော လက်နက်ကိုင်တပ်ရင်းတွေ တောခိုကုန်ကြတဲ့အထိ လက်နက်ကိုင် တောခိုရေး လမ်းစဉ်တွေ ဖြစ်ခဲ့ပြီး တပ်မတော်ပြိုကွဲစေနိုင်လောက်တဲ့အထိ အကျိုးသက် ရောက်မှုတွေ များခဲ့တယ်။

-

လက်ရှိ ၁၀၂၇ စစ်ဆင်ရေးက အစပြုလိုက်တဲ့ စစ်ပွဲတွေကြောင့် တည်ငြိမ်အေးချမ်းခဲ့တဲ့ ရှမ်းမြောက်ဒေသ တစ်ခုလုံး စစ်မီးထဲ ကျွံဝင်ကုန်ကြတာတွေ့ရတယ်။ “ကျားဖြန့်”ကို တည်ပြီး စစ်ပွဲဖော်ဆောင်ခဲ့တဲ့ MNDAA အဖွဲ့ရဲ့ မူလရည်ရွယ်ချက်က ကိုးကန့်ဒေသ ပြန်လည်ရရှိရေးအတွက်သာ ဖြစ်နိုင်ပေမယ့် မဟာမိတ်တပ်တွေဖြစ်တဲ့ TNLA နဲ့ AA တို့ရဲ့ စစ်ရေးရည်မှန်းချက်တွေကိုပါ အပြန်အလှန် အကူအညီပေးခဲ့ရတာကြောင့် စစ်ဘောင်ဟာ တစ်စတစ်စနဲ့ ပိုပြီးကျယ်ပြန့်လာခဲ့တာ တွေ့ရတယ်။ တစ်ဖက်ရန်သူတွေဟာ ကိုးကန့်ဒေသကို အဓိကထား တိုက်ခဲ့ကြသလို TNLA က တပ်မတော် စစ်ကူလာနိုင်တဲ့ ကျောက်မဲ- လားရှိုး- ကွတ်ခိုင် နေရာတွေမှာ ဟန့်စစ်ဆင်ခဲ့တာတွေက တော်ရုံစစ်နည်းဗျူဟာမျိုး မဟုတ်တာတွေ့ရမှာ ဖြစ်တယ်။ ဒီစစ်ပွဲတွေဟာ တရုတ်-မြန်မာ နှစ်နိုင်ငံကြားက “မူးယစ်ဆေးနဲ့ လောင်းကစားမှု”တွေကို နှိမ်နင်းကြတဲ့ နယ်စပ်ပြဿနာတွေဆိုပြီး ထုတ်ပြန်ချက် စာရွတ်တွေပေါ်မှာ ခေါင်းစဉ်လှလှ တပ်ထားကြပေမယ့် စစ်ပွဲကြောင့်ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာ တွေကြောင့် ဒီပြဿနာတွေရဲ့ အတိမ်အနက်ဇစ်မြစ်က ပြည်ထောင်စုကြီးကို အကွဲကွဲအပြဲပြဲ ဖြစ်စေဖို့ ဘယ်လောက်အထိ ရိုက်ခတ်မှု ကြီးမားခဲ့သလဲဆိုတာ မြင်တွေ့ နိုင်မှာလည်း ဖြစ်တယ်။

-

တဖက်မှာ ရှမ်းမြောက် စစ်ပွဲတစ်ခုလုံးရဲ့ အသက်သွေးကြော ဖြစ်တဲ့ နည်းပညာပိုင်းအရ ကြည့်မယ် ဆိုရင်လည်း ခေတ်မီဒရုန်း ပညာရှင်တွေ အများအပြား အသုံးပြုလာတဲ့ ကိစ္စတွေ၊ လိုအပ်တဲ့ ခဲယမ်း/ရိက္ခာနဲ့ လူသားအရင်းအမြစ်တွေက ကြိုတင်စီစဉ်ထားရမယ့်အရာတွေ ဖြစ်တာကြောင့် မူလကတည်းက ဒီလိုဆောင်ရွက်ဖို့ ရည်ရွယ်ချက်ရှိခဲ့တယ်ဆိုတာမျိုး ကောက်ချက်ချရမှာလည်းဖြစ်တယ်။ ပြင်ဆင်မှုတွေ လနဲ့ချီပြီးကြာနိုင်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ပူးပေါင်းစစ်ဆင်ရေးဟာ တစ်ဖက်နိုင်ငံတွေနဲ့ တိုင်းရင်းသား EAOs တွေ ကြား နိုင်ငံရေးကိစ္စ အပေးအယူတွေ ဘယ်လိုရှိခဲ့ကြသလဲ၊ စစ်ရေးအတွက်ရော ဘယ်လို သဘောတူညီချက်တွေ အပြန်အလှန် ထားခဲ့ကြသလဲဆိုတာ တွေးဆကြည့်ကြရမှာ ဖြစ်တယ်။ ဒါဟာ ဒီနိုင်ငံတော် ရှေ့ဆက်သွားမယ့် နှစ်နိုင်ငံကြားက သံတမန်ခင်းပိုင်းဆိုင်ရာမှာလည်း မဖြစ်မနေ သုံးသပ်ဖို့ လိုလာတဲ့ ကိစ္စတစ်ခုလည်းဖြစ်တယ်။

-

မကြာသေးတဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၊ ပန်ဆန်းမြို့မှာ ကိုးကန့်နဲ့ “ဝ”ခေါင်းဆောင်တွေ တွေ့ဆုံတယ်ဆိုတဲ့ သတင်းတွေ တွေ့မြင်လာရတယ်။ MNDAA ဘက်က စစ်ဦးစီးချုပ် ဖုန်တဲရင် တက်ရောက်ပြီး “ဝ” UWSA ဘက်က ဒုတိယ ဥက္ကဋ္ဌ ကျောက်ကော်အန် ဦးဆောင်တဲ့ နှစ်ဖက် အဖွဲ့အစည်းတွေ တွေ့ဆုံခဲ့ကြတဲ့ မြင်ကွင်းဟာ တွေးစရာတွေအများကြီးဖြစ်ခဲ့တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ဗဟိုပြည်ထောင်စုဟာ တရုတ်-မြန်မာရဲ့ ဒုတိယ သွင်းကုန်/ ပို့ကုန်အများဆုံးနေရာဖြစ်တဲ့ ချင်းရွှေဟော်မြို့အပြင် ဆက်စပ်နေတဲ့မြို့ကြီး ခုနှစ်မြို့ကို လက်လွှတ် ထားရတယ်။ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)ကျသွားပြီးတဲ့နောက်မှာ ဟိုပန်နဲ့ ပန်လုံဟာ “ဝ” အုပ်ချုပ်မှုထဲ တင်းပြည့်ကြပ်ပြည့် ရောက်သွားခဲ့တယ်။ ပထဝီနိုင်ငံရေးအရ ကြည့်မယ်ဆိုရင် လည်း ဗဟိုပြည်ထောင်စုမှာ ရွေးကောက်ပွဲအရ ဘယ်နိုင်ငံရေး ပါတီတွေက အစိုးရအဖြစ် တက်လာပါစေ တရုတ်-မြန်မာနှစ်နိုင်ငံကြားမှာ အင်အားကြီးမားတဲ့ နယ်စပ်လက်နက်ကိုင် တပ်ဖွဲ့တွေကို Proxy ဒေသတွေအဖြစ်နဲ့ ကြားခံနိုင်သွားပြီဆိုတာလည်း တွေ့ရမှာဖြစ်တယ်။ တရုတ်နဲ့ မြန်မာကြားမှာ တရုတ်ဩဇာခံ လက်နက်ကိုင်တွေရှိနေတဲ့ ဒေသတွေက ကိုးကန့်၊ မိုင်းလားနဲ့ “ဝ”ဆိုပြီး တဆက်တည်းအဖြစ်နဲ့ ပေါ်ပေါက်လာတော့မှာဖြစ်တယ်။ ဒီနယ်မြေလုကိစ္စတွေက ဘာနဲ့တဖန်ပြန်ပြီး ဆက်စပ်နေသလဲဆိုတော့ ပြည်တွင်းမှာ အနောက်နိုင်ငံ အထောက်အပံ့နဲ့ ရပ်တည်လှုပ်ရှားနေတဲ့ NUG နဲ့ PDF တွေဟာ “တပ်မတော် အခက်၊ သူတို့အချက်” ဆိုတဲ့ ပုံစံမျိုးနဲ့ နိုင်ငံရေးအရ အသားယူလာကြတာလည်း တွေ့မြင်လာရတယ်။ ဒါ့ကြောင့်လည်း ကချင်ပြည်နယ် မံစီမြို့နယ်နဲ့ မန်ဝိန်းကြီးနယ်မြေထဲက တပ်မတော် လက်လွှတ်ပေးခဲ့ရတဲ့ စခန်းကုန်းတွေကို NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဆိုသူက လိုက်လံ စစ်ဆေးနေတယ်ဆိုတဲ့ ဝါဒဖြန့် ဓာတ်ပုံတွေ ဝေဝေဆာဆာတွေ့မြင်လာရတာဖြစ်တယ်။ ဆိုလိုတာက ကိုယ်တွေ နိုင်ငံမှာ တရုတ်လိုလားတဲ့ တိုင်းရင်းသား EAOs တွေက တဖက်မှာ နယ်မြေလု စစ်ပွဲတွေ ကစားနေသလို၊ အနောက်နိုင်ငံ အထောက်အပံ့နဲ့ ရပ်တည်နေတဲ့ ပြည်တွင်း PDF အင်အားစု တွေကလည်း စစ်အာဏာရှင်ကျရှုံးရေးဆိုတဲ့ ခေါင်းစဉ်နဲ့ အာဏာလု စစ်ပွဲတွေ ဖြစ်နေတာတွေ့ရမှာဖြစ်တယ်။ ၁၀၂၇ စစ်ဆင်ရေးက အစပြုလိုက်တဲ့ စစ်ပွဲဟာ ပြည်တွင်းမှာ ချေချင်းလိမ်နေတဲ့ အမျိုးမျိုးသော ပြည်ပထောက်လှမ်းရေးဆဲလ်တွေနဲ့ သူလျိုအဖွဲ့အစည်းတွေအတွက် နိုင်ငံရေးအရ အကြိုက်ကစားစရာဖြစ်သွားတာ သတိပြုမိ တယ်။ ဒီစစ်ပွဲတွေကို ဘယ်လိုကြောင့် ဖြစ်ခဲ့တယ်ဆိုပြီး ခေါင်းစဉ်တပ်ပါစေ Regional War တွေအဖြစ်နဲ့ ထပ်ပြီး ကြီးထွားမလာအောင် ကြိုးစားကာကွယ်ကြရမှာဖြစ်တယ်။ ဒီအကျိုး ဆက်က ကိုဗစ်ဒုတိယလှိုင်း ကြောင့် ရုန်းကန်ခဲ့ရ၊ ဆန်ရှင်တွေကြောင့် ပြည်ပရင်းနှီးမြုပ်နှံမှု တွေ နည်းပါးခဲ့ရတဲ့ နစက အစိုးရအတွက် ပိုပြီး ကြပ်တည်းလာစေခဲ့တာ တွေ့ရတယ်။ ပိုပြီး ဆိုးတာက ၂၀၂၄ မှာ ပြည်လုံးကျွတ် သန်းကောင်စာရင်းကောက်ယူပြီး ၂၀၂၅ မှာ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပပေးမယ်ဆိုတဲ့ နစကရဲ့ အစီအစမံတွေဟာ နိုင်ငံရေး မတည်ငြိမ်မှု တွေ၊ တရားဥပဒေ မစိုးမိုးနိုင်မှုတွေအပြင် မျှော်လင့်မထားတဲ့ ရှမ်းမြောက်စစ်ပွဲတွေကပါ ဒီပြဿနာတွေထဲ ထပ်လောင်း ပေါင်းထည့် လိုက်တဲ့အခါ စီစဉ်ထားတဲ့ Timing တွေက အကုန်လွဲကုန်တာမျိုး ဖြစ်သွားတာတွေ့ရတယ်။

-

ဒီကြားထဲ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့ က တပ်မတော် ထောက်ပံ့တဲ့ လစာ၊ရိက္ခာမယူဘဲ ကိုယ်ပိုင်ရပ်တည်မယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ NCA လက်မှတ်ထိုးထားတဲ့ PNLO ရဲ့ လက်နက်ပေါင်း ရာချီ မှောင်ခိုသွင်းလာတဲ့ လုပ်ဆောင်ချက်တွေက နစကနဲ့ တပ်မတော်အတွက် “မြွေပူရာ ကင်းမှောင့်” ဆိုတဲ့ ဖြစ်စဉ်မျိုး ဖြစ်လာစေခဲ့တယ်။ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ BGF တပ်ဖွဲ့တွေကို ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင် သွားရောက်တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း တွေ့မြင်နေရတယ်။

-

တကယ်တော့ ဒီပြဿနာတွေရဲ့ ဇစ်မြစ်က ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ KK-PARK မြို့သစ် စီမံကိန်းကနေ အစပြုတယ်လို့လည်း ဆိုလို့ရတယ်။ NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ KNU ဟာ KK Park စီမံကိန်းဖြစ်ပေါ်လာဖို့ Huanya International Group နဲ့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ကတည်းက လက်မှတ်ရေးထိုးခဲ့ကြ တာဖြစ်တယ်။ ဒီအခမ်းအနား ကို KNU ရဲ့ ကာကွယ်ရေးဌာနအကြီးအကဲ ပဒိုစောရော်ဂျာခင် ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ မှတ်တမ်းတွေလည်း တွေ့မြင်ရမှာဖြစ်တယ်။ လက်ရှိ KNU ဥက္ကဋ္ဌ ဖြစ်တဲ့ ပဒိုကွယ်ထူးဝင်း ကိုယ်တိုင် ဒီစီမံကိန်းကြီးရဲ့ စာချုပ်လက်မှတ်ရေးထိုးမှုမှာ အသိသက်သေ အဖြစ်နဲ့ ပါဝင်ပတ်သက်မှုရှိနေတာလည်း တွေ့မြင်ကြရမှာဖြစ်တယ်။ တကယ်တော့ ဒီစီမံကိန်းဟာ လုပ်ငန်း လည်ပတ်ပြီး ၂ နှစ်အတွင်းမှာပဲ ဒေသတွင်းနိုင်ငံတွေကနေ လူကုန်ကူးမှုတွေ၊ အွန်လိုင်းကတဆင့် ငွေကြေးလိမ်လည်မှုတွေ၊ အဓမ္မစေခိုင်းမှုနဲ့ ညှဉ်းပမ်းနှိပ်စက်မှုတွေနဲ့ နာမည် ကြီးလာခဲ့တာ တွေ့ရမှာ ဖြစ်တယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထဲမှာပဲ KK Park စီမံကိန်းမှာ ညှဉ်းပန်း နှိပ်စက်ခံရတဲ့ မလေးရှားနိုင်ငံသား ၆ ဦးကို ကယ်တင်နိုင်ခဲ့တယ်ဆိုတဲ့ စင်္ကာပူ အခြေစိုက် The Straits Times သတင်းရဲ့ ဖော်ပြမှု၊ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ အိန္ဒိယ နိုင်ငံ The Times of India က ထုတ်ပြန်ရေးသားခဲ့တဲ့ အိန္ဒိယ နိုင်ငံသား ၃၀၀ ဆိုက်ဘာ ရာဇဝတ်မှု ကျူးလွန်ခံရတဲ့ သတင်းတွေက ဒီစီမံကိန်းရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားလာမှုတွေဖြစ်တယ်။ ဒီလို နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းကြီးတွေနဲ့ နာမည် ကြီးနေတဲ့ KK Park မြို့သစ်အမည်ခံ စီမံကိန်းဟာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNU/KNLA) တပ်မဟာ (၆) ရဲ့ လှုပ်ရှား နယ်မြေ(မယ်ထော်သလေးကျေးရွာအနီး)မှာ တည်ရှိ နေတာလည်းဖြစ်တယ်။ ထိုင်း-မြန်မာ နှစ်နိုင်ငံ အဆင့်မြင့်ခေါင်းဆောင်တွေရဲ့ အကြိမ်ကြိမ် တွေ့ဆုံမှု တွေဟာ နယ်စပ်အခြေစိုက် ကျားဖြန့် ငွေလိမ် ဂိုဏ်းတွေကို ရှင်းလင်းနိုင်ဖို့အတွက် ရည်ရွယ်တယ်ဆိုရင် နယ်ခြား စောင့်တပ်ဖြစ်တဲ့ ဗိုလ်မှူးကြီး စောချစ်သူအနေနဲ့ တိုင်းပြည်အတွက် မျက်နှာမူမလား၊ ပြည်သူ့ အကျိုးကို ရှေးရှုဆောင်ရွက်မလားဆိုတာ လုပ်ရပ်တွေကပဲ စောင့်ကြည့်ရတော့မှာ ဖြစ်တယ်။

-

ပြည်ထောင်စုသဘောတူညီချက် စာချုပ်၊ NCA မှာ လက်မှတ်ရေးထိုးထားတဲ့ PNLO ကိုယ်တိုင် NCA စာချုပ်ပါ သဘောတူညီချက်တွေကိုဆန့်ကျင်ပြီး တရားမဝင် လက်နက်/ ခဲယမ်းတွေ သယ်ဆောင်တဲ့ကိစ္စဟာ အတော်လေးရုပ်ဆိုးအကျည်းတန် စေခဲ့တာတွေ့ရ တယ်။ PNLO ရဲ့ ဇန်နဝါရီ ၂၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လာတဲ့ ထုတ်ပြန်ချက်ဟာ ဆင်သေ ကို ဆိတ်သရေနဲ့ ဖုံးချင်ရုံထက်မပိုတာတွေ့ရတယ်။ ဒီဖြစ်စဉ် တွေဟာ PNLO အနေနဲ့ NCA ကနေ နှုတ်ထွက်ဖို့ ခြေလှမ်းပြင်နေတာလား၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာဦးစီးတဲ့ အထက်ပိုင်း နဲ့ လက်အောက်အဖွဲ့တွေမှာ နိုင်ငံရေးအမြင်တွေ ကွဲလွဲမှု ရှိနေတာလား ဆိုတာ သူတို့ ကိုယ်တိုင် အသိဆုံးဖြစ်မှာပါပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၂၇ မှာ အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီက “NCA ကို အခြေခံတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ၊ ငြိမ်းချမ်းရေးအထောက်အကူပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို နိုင်ငံတော် အစိုးရနဲ့အတူ ဆက်လက်လက်တွဲဖော်ဆောင်ဖို့” ဆိုပြီး သဘောထားထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့တာ တွေ့ရတယ်။ တကယ်တော့ PNLO ရဲ့ NCA စာချုပ်ပါ ကတိကဝတ် တွေကို ဆန့်ကျင်ပြီး တရားမဝင် လက်နက်တွေ သယ်ဆောင်ပေးတဲ့ လုပ်ရပ်ဟာ အနှစ်နှစ် ကာလ တည်ဆောက်ထားတဲ့ နှစ်ဖက်ယုံကြည်မှုတွေကို ချိုးဖောက် ဖျက်ဆီးလိုက်သလိုပါပဲ။ ဖြစ်နိုင်တဲ့အချက်ကတော့ နယ်ပယ်စုံ ကဏ္ဍအသီးသီးနဲ့ စစ်မျက်နှာ ပေါင်းစုံမှာ တိုက်ပွဲဝင်နေရတဲ့ နစက ကို နိုင်ငံရေးနဲ့ စစ်ရေးအရ အခွင့်အရေးပေးချိန် “နိုင်မြင်း” ဘက်ကို လောင်းချင်သလို ဆိုတဲ့ လုပ်ရပ်မျိုး လုပ်ပြလိုက်တာပါပဲ။ ဒီနေရာမှာ PNLO ရဲ့ လုပ်ရပ်ဟာ KNU နဲ့ အလားသဏ္ဍာန်တူတာ တွေ့နေရတယ်။ ငြိမ်းချမ်းရေးရဲ့ မူလပန်းတိုင်ဖြစ်တဲ့ NCA ကို ဖက်တွယ်ထားချင်တဲ့ ခေါင်းဆောင်ပိုင်း တွေရှိသလို NCA ကထွက်ပြီး KNDF ပေါင်းချင်နေတာ မျိုးလည်း တွေ့ရတယ်။ တကယ်လို့ PNLO သာ NSPNC ရဲ့ တိုက်တွန်းချက်ကို လက်မခံဘဲ ငြိမ်းချမ်းရေး ကျိုးပျက်စေနိုင်တဲ့ လုပ်ရပ်မျိုး ထပ်မံလုပ်လာခဲ့ရင်တော့ NCA စာချုပ်ကို လက်မှတ်ထိုးထားတဲ့ အခြားသော လက်နက်ကိုင်တိုင်းရင်းသားတွေကိုပါ မျက်နှာပူစေတဲ့ လုပ်ရပ်ကြီးအဖြစ် သမိုင်းမှတ်တမ်းဝင် သွားတော့ မှာပဲဖြစ်တယ်။

-

လက်ရှိဖြစ်နေတဲ့စစ်ပွဲတွေဟာ “ပြည်ပနိုင်ငံတွေရဲ့ နောက်ကွယ်ကနေ နည်းပညာတွေ ကအစ အထောက်အပံ့ပြုမှု၊ ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အချို့ရဲ့ လက်နက်/ခဲယမ်းရောင်းချပေးမှု၊ ငြိမ်းချမ်းရေး ရယူထားတဲ့လက်နက်ကိုင်အချို့က နယ်မြေ ဖြတ်သန်းခအတွက် အခကြေးငွေယူပြီး တရားမဝင် လက်နက်ကုန်ကူးမှု”တွေ ပြုလုပ်နေတာ ဟာ အဓိက “အခရာ” ကျခဲ့တယ်ဆိုတာ မငြင်းနိုင်ဘူး။ ကျားဖြန့်အခြေပြုပြီး ဖြစ်လာတဲ့ ဒီစစ်ပွဲတွေရဲ့ နောက်ဆုံး ရည်မှန်းချက်ဟာ “ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင် ပြည်နယ်/ ဒေသတွေ” ရရှိဖို့ အတွက်ဖြစ်နေတာ တွေ့ရတယ်။ ဒီလို လိုလားချက်ကို ဖြည့်ဆည်းတဲ့နေရာမှာလည်း လက်နက်ကိုင်ပြီး နယ်မြေချဲ့ထွင်ရယူနိုင်တာမျိုး၊ ကိုယ်ဆုံး ဖြတ်ချက်နဲ့ကိုယ် နယ်မြေပိုင်းခြားသတ်မှတ်နေတာတွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ကျော်လွန်နေတဲ့အထိ ဖြစ်နေတာလည်းတွေ့နေရတယ်။ နိုင်ငံရေး ဆွေးနွေးပွဲကတဆင့် မသွားဘဲ ဥပဒေပြင်ပကနေ လက်နက်ကိုင်တောင်းဆိုလာတဲ့ အချက်က ပြည်ထောင်စုကြီး ရေရှည်တည်တံ့ဖို့အတွက် အတော်လေး စိုးရိမ်စရာ ကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်နေတာ တွေ့ရမှာဖြစ်တယ်။ တရုတ်ကြားဝင်ပေးလာတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးချက် တွေကလည်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပွင့်နိုင်ဖို့အတွက်လောက်ပဲ အားထား နေတာက ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းမှုမျိုး ဖြစ်လာနိုင်ဖွယ် မရှိဘူးလို့ ထင်မိတယ်။

-

တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးကိစ္စ တွေ ဆွေးနွေးနိုင်ဖို့ “ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး”ဆိုတဲ့ ငြိမ်းချမ်းရေးထုတ်ပြန်ချက်တွေကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ကစပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အကြိမ်ကြိမ် ထုတ်ပြန်ပေးခဲ့ပြီး အချိန်ပေးခဲ့တာတွေ့ရတယ်။ တပ်မတော်ဘက်က ငြိမ်းချမ်းရေးအတွက် လိုလိုလားလား ကမ်းလှမ်းနေပေမယ့် NCA ကို လက်မှတ်ထိုးထားတဲ့ ရှိရင်းစွဲ (၁၀)ဖွဲ့ထဲမှာ (၃)ဖွဲ့က (၈)ကြိမ်မြောက် NCA နှစ်ပတ်လည်နေ့အခမ်းအနားကို မတက်ရောက်ခဲ့ဘူး။ NCA လက်မှတ်ထိုးထားပြီး တရားမဝင် လက်နက်မှောင်ခိုသယ်ဆောင်တဲ့ PNLO ရဲ့ လုပ်ရပ်နဲ့ ကြေငြာချက်အပါအဝင် မြဝတီဘက်က KK Park စီမံကိန်းတွေဟာ စစ်ဘောင်ပိုပြီးကျယ်လာမလားဆိုတဲ့ မှန်းဆမှုတွေ ဖြစ်စေတာတွေ့ရတယ်။ ရှမ်းမြောက်မှာရှိတဲ့ ကိုးကန့်ဒေသတွေ အပါအဝင် မြို့နယ်ပေါင်း ၃၀ ကျော်လောက် လက်လွှတ်ထားရသလို ရခိုင်ပြည်နယ်မှာ AA နဲ့ ရင်ဆိုင်နေရတဲ့ အနေအထားနဲ့ စစ်ကိုင်းတိုင်းဒေသတွေမှာ ဒေသခံ PDF တွေကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားနေတဲ့ အချက်တွေက အထွေထွေ ရွေးကောက်ပွဲကြီး ဖြစ်စေဖို့ မလုံလောက်တဲ့ အခြေအနေတစ်ရပ်ဖြစ်နေတာ တွေ့ရတယ်။

-

မကြာခင်ရက်ပိုင်းအတွင်းမှာ ၂၀၂၄ ခုနှစ်အတွက် ပထမဆုံးသော “အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ” အစည်းအဝေးကြီး ကျင်းပလာဖို့ရှိနေတယ်။ ဒီအစည်းအဝေးနဲ့ ပတ်သက်ရင် ၂၀၂၃ မှာ (၃)ကြိမ်တိတိကျင်းပခဲ့တာတွေ့ရပြီး နှစ်ကြိမ်က အစိုးရအဖွဲ့ သက်တမ်းတိုးတာဖြစ်သလို တစ်ကြိမ်ကတော့ ကိုးကန့်ကိစ္စအတွက် အဓိကထား ကျင်းပခဲ့တာတွေ့ရတယ်။ ဒီတစ်ကြိမ်မှာတော့ ရွေးချယ်စရာကိစ္စ တွေရှိနေသလို ဆုံးဖြတ်ရမယ့် ကိစ္စတွေ ရှိနေတာလည်း တွေ့ရတယ်။ အထူးသဖြင့်တော့ လက်ရှိ နစက ရင်ဆိုင်နေရတဲ့ ပြဿနာက “တိုင်းရင်းသားလက်နက်ကိုင် တွေရဲ့ အခြေခံဥပဒေ ပြင်ပကနေ နယ်မြေပိုင်းခြား သတ်မှတ်ရယူနေတဲ့ကိစ္စတွေ၊ NCA အဖွဲ့ဝင်တွေရဲ့ စိုးရိမ်စရာကောင်းတဲ့ ကတိကဝတ် ချိုးဖောက်မှုတွေနဲ့ မြို့နယ်ပေါင်း ၃၀ ကျော် လက်လွှတ်ထားရတဲ့ အခြေအနေ” တွေပဲဖြစ် တယ်။ ဒီအကျိုးဆက်တွေက နစက ဆောင်ရွက်နေတဲ့ ပြည်လုံးကျွတ်သန်းကောင်စာရင်း ကောက်ယူဖို့နဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးဆိုတဲ့ ကိစ္စတွေအပေါ် ရိုက်ခတ်မှုတွေရှိလာသလို စိန်ခေါ်မှုတွေလည်း ရှိနေတာတွေ့ရမှာ ဖြစ်တယ်။ တကယ်လို့ ကာလုံဟာ ပုံမှန်အတိုင်း သက်တမ်းတိုးရုံပဲ ဆိုရင်တော့ “ပြည်သူလုံခြုံရေးစနစ်နဲ့ ပြည်သူ့ကာကွယ်ရေးစနစ်” ဆိုတာတွေကို ဒီနှစ်ထဲမှာ မဖြစ်မနေ အကောင်အထည်ဖော်ဖို့ လိုမှာဖြစ်သလို လွှတ်တော် မရှိတဲ့ အနေအထားကြောင့်လည်း အလွှာပေါင်းစုံပါတဲ့ “ညီလာခံသဘောမျိုး” ကျင်းပပြီး “နိုင်ငံရေးဆွေးနွေးပွဲ”တွေ ညှိနှိုင်းနိုင်မှ အဆင်ပြေမယ့် သဘော ရှိတာလည်း တွေ့ရတယ်။ လူမျိုးပေါင်းစုံနေတဲ့ ပြည်နယ်တွေမှာ လူမျိုးစွဲ၊ ဒေသစွဲဖြစ်နေတဲ့ ပြဿနာ တွေကိုလည်း အခြေခံဥပဒေမှာ ဖြေရှင်းဖို့ လိုသေးတယ်။ တကယ်လို့ နိုင်ငံရေး ဆွေးနွေးမှုကဏ္ဍတွေက တိုးတက်မှု ရှိမလာဘူး၊ NCA စာချုပ် လက်မှတ်ထိုးထားသူတွေက ကျင့်ဝတ် မစောင့်ထိန်းဘူး ဆိုရင်တော့ “နိုင်ငံရေးနဲ့ စစ်ရေး” ကိစ္စတွေက ပိုပြီး ရှုပ်ထွေးလာဦးမယ့်သဘောရှိတာ တွေ့ရတယ်။ လူမျိုးစု ၁၃၅ မျိုးရှိပြီး နယ်မြေလု စစ်ပွဲတွေ ဖြစ်နေတဲ့ ဒီကာလမှာ အင်အား တောင့်တင်းတဲ့ တပ်မတော်တစ်ရပ်သာ ကြားခံ မရှိနေတော့ရင် မြို့/ရွာတွေ ပျက်စီးပြီး ပြည်ထောင်စုကြီးလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားဖို့ပဲ ကျန်တော့တာမို့ တကယ့်ကိုအရေးကြီးတဲ့ နိုင်ငံရေးလမ်းဆုံ ဆုံမှတ်ကို ရောက်နေပြီလို့သာ ဆိုချင်မိပါတော့တယ်။ ။ ။

Trend ဂျာနယ်တွင် ဖော်ပြထားသော ဆရာ(နရီမိုး)၏ ဆောင်းပါးဖြစ်ပါသည်။

Post a Comment

Previous Post Next Post