ဒီစစ်ကြီးကို ဘယ်လို အဆုံးသတ်ကြမလဲ...?



လက်ရှိအခြေအနေဟာ မြန်မာနိုင်ငံသားတိုင်း ဘယ်သူမှ မလိုချင်တဲ့အခြေအနေပါ။ စစ်ဘေးသင့်အရပ်မှာ နေတဲ့လူတွေဆို အိုးအိမ်တွေဆုံးရှုံး၊ အသက်တွေဆုံးရှုံး ပြီး စစ်းဘေးလွတ်ရာကို အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ထွက်လာကြရတာပါ။ စစ်ဘေးမသင့်တဲ့ မြို့ကြီးတွေမှာနေတဲ့သူကကျတော့ သူတို့နဲ့မတူ။ ကုန်ဈေးနှုန်းက ကြီးမြင့်၊ နောက်ကျောကမလုံ နဲ့ နေနေကြရတာ။


ဒါဆို တချို့က ပြောမယ်။ ဒီလို ဖြစ်တာ တပ်က အာဏာထိန်းလို့တဲ့။ မဟုတ်ပါဘူး ... လုံးဝမဟုတ်ပါဘူး။ တပ်က အာဏာမထိန်းခင်မှာ တပ်က ထိုစဉ်က အာဏာရပါတီကို အကြိမ်ကြိမ်တောင်းဆိုခဲ့ပါတယ်။ ဒါကို ညှိနှိုင်းမှုမရှိပဲ ငါ့မြင်းငါစိုင်းဆိုတဲ့ စကားနဲ့ ရမ်းကားခဲ့တာကနေ ဒီလိုအခြေအနေ ရောက်ခဲ့တယ်ဆိုပါတော့။

အဲ .... နောက်တစ်ခု ကြားဖြတ်ပြောရမယ်ဆိုရင်တော့ တခါသား တွေ့ဖူးတယ်။ Social Media ပေါ်မှာ လစ်ကြောင်လိုလို ဘာလိုလို စာရေးဆရာတစ်ယောက်ရေးထားတာ။ ဘာတဲ့ ... တန်းတူညီမျှမှုမရှိလို့ဆိုဘဲ။ မြန်မာပြည်မှာ ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့တာ နှစ် ၇၀ ကျော်ခဲ့ပါပြီ။ ဒီ ပြည်တွင်းစစ်ကြီးကို အစိုးရကစခဲ့ခြင်းမဟုတ်ပါ။ ရန်ကုန်ထိကို တက်သိမ်းတော့မလိုနဲ့ လက်နက်ကိုင်တွေစခဲ့တာပါ။ ဆိုတော့ဗျာ .... မြန်မာအစိုးရတောင် မြန်မာပြည်ကို စီမံ မခန့်ခွဲရသေးဘူး မညီမျှဘူးဆိုပြီး စစ်တိုက်ခဲ့ကြတာက ကြောင်တောင်တောင်နိုင်သလားလို့။

ထားပါ .... ဒါတွေပြောနေလဲ ဒေါတွေပါတာပဲ အဖတ်တင်မယ်။ ဒီစစ်ကြီးကို ဘယ်လို အဆုံးသတ်ကြမလဲဆိုတာကိုပဲ ဆက်ပြောကြမယ်။

ဒီစစ်ကြီးအဆုံးသတ်ဖို့ နည်းလမ်း ၂ လမ်းပဲရှိတယ်

- ကြားကောင်းအောင် ဖတ်ကောင်းအောင် စကားလုံး လှလှလေးတွေမရေးချင်ပါဘူး။ ဘွင်းဘွင်းရှင်းရှင်းပဲ ရေးမယ်။ လက်နက်ကိုင်တွေ တောင်းဆိုတာ မှန်သမျှ အကုန်သာ လိုက်လျောပေးလိုက်။ ပေးလိုက် ... ရခိုင်၊ ကချင် ဘာညာ စသဖြင့် အတူတူမနေချင်ဘူးဆိုရင် မနေနဲ့ကွာဆိုပြီး ပေးထုတ်လိုက်။ ဒါဆိုရင်တော့ တိုင်းပြည်က အစိတ်စိတ် အမြွှာမြွှာကွဲထွက်သွားမယ်။ နောက်တစ်ခုက အဲ့ ဖယ်ဒရယ် တောင်းဆိုနေတဲ့ ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသား အချင်းချင်း နယ်မြေလုကြရင်း စစ်တွေဖြစ်ကြလိမ့်မယ်။ အဲ့တော့ ... စစ်ကြီးက တချို့နေရာတွေမှာပဲပြီးပြီး တချို့နေရာတွေမှာမပြီးဖြစ်လိမ့်မယ်။

- အကြီးမားဆုံးသော စစ်ကို တစ်ပွဲတည်းတိုက်။ ဒါက ချင် အင်ပါယာဖြစ်လာစေခဲ့တဲ့ တရုတ်ရဲ့ နည်းဗျူဟာ။ ၇ ပြည်ထောင် ကို တချီတည်းနဲ့ အင်အားအလုံးအရင်းစစ်တိုက်ပစ်တာ။ အဲ့ဗျူဟာက အသေအပျောက်တော့များတယ်။ ဒါပေမဲ့ တစ်ခါပဲ စတေးရမယ်။ ခဏခဏ အလီလီ အသေမခံကြရတော့ဘူး။

အထက်မှာတင်ပြခဲ့တဲ့ နည်း ၂ နည်းမှာ ဘယ်နည်းကို သုံးမလဲဆိုတာကတော့ သက်ဆိုင်ရာ အဆုံးအဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်ပါပဲ။

အဆုံးအဖြတ်နဲ့ပတ်သတ်လို့ ဒုတိယကမ္ဘာစစ်ကာလက  ဗြိတိသျှ ဝန်ကြီးချုပ် ဝင်စတန်ချာချီ ရဲ့ လုပ်ဆောင်မှုလေးတစ်ခုနဲ့ ဥပမာပေးတင်ပြရမယ်ဆိုရင် ..... ချာချီ ဟာ ဗြိတိသျှ စစ်အရေးနိုမ့်နေချိန်ကျမှ ပါလီမန်ကလူတွေ ထိုးတင်လိုက်တဲ့ ဝန်ကြီးချုပ်ရယ်။ ပြောရမယ်ဆိုရင် နားအေးပါအေး အချိန်တုန်းက နန်းရင်းဝန် မလုပ်ရဘဲ ခေတ်စကားနဲ့ ပြောရရင် "စွပြဿနာတွေတက်လာကာမှ ရော့ မင်းယူ ဆိုပြီး ထိုးပေးခံရတဲ့လူ"

ရှင်းရှင်းပြောရရင် သူ့လက်ထဲ နန်းရင်းဝန် ရာထူးရလာတဲ့အချိန်မှာ ဗြိတိန်က စစ်မျက်နှာတွေမှာ အရေးနိုမ့်နေပြီ။ လန်ဒန် ကိုလဲ နေ့လား ညလား ဆော်ခံရတော့မှာဖြစ်နေပြီ။

အဲ့အချိန်မှာ ချာချီ့ ကို အာဏာပေးခဲ့တဲ့ ငတိတွေက ဂျာမန်နဲ့ စစ်ရေးညှိနှိုင်းပြီး အရှုံးပေးဖို့ဖိအားပေးကြတယ်။ ချာချီ က ခေါင်းမာတဲ့ Headliner ဖြစ်တဲ့အတွက် အဲ့ အစီအမံကိုလက်မခံချင်ဘူး။ သူ့ သဘောကတော့ ရှိသမျှ အင်အားတွေနဲ့ ခံချပြီး ရှုံးကာမှရှုံးရော ဆိုပြီး လုပ်ချင်တာ။ ဒါပေသိ သိတဲ့အတိုင်း ပကတိ အနေအထားအရတော့ ချာချီ ရဲ့ ရပ်တည်ချက်ဟာ မဖြစ်နိုင်တာတွေ များတဲ့အတွက် ပါလီမန်တွေက လက်သင့်မခံဘူး။

ထုံးစံအတိုင်း နောက်ဆုံးတော့ ချာချီဟာ စစ်ရေး သတင်းရှုံးနိုမ့်မှုတွေက တစ်ဖက်၊ ပါလီမန်ဖိအားတွေက တစ်ဖက်နဲ့ စိတ်ညစ်ပြီး တစ်ခုသော ညနေပိုင်းမှာ သူ့စတိုင်လ်အတိုင်း ဆေးပြင်းလိပ်ကိုကိုက်ကာ ရထားတွေပတ်စီးနေခဲ့တယ်။

ချာချီဟာ ဝန်ကြီးချုပ်ဖြစ်တာမို့ ရထားပေါ်တက်လာကတည်းက သိတဲ့ပြည်သူတွေကသိတယ်။ အဲ့တော့ "ဝန်ကြီးချုပ် နေကောင်းလား ဘာညာ" မိတ်ဆက်ကြတာပေါ့။ အဲ့အချိန်မှာ ချာချီ ဟာ သူလက်ရှိ ကြုံတွေ့နေရတာတွေ ရင်ဖွင့်ပြီး ဂျာမန်တွေဆီ အညံ့ခံရင်ကောင်းမလား ၊ ဆက်ပဲ တိုက်ကြမလားဆိုတာ ပြည်သူ့ဆန္ဒ ခံယူလိုက်တယ်ဆိုပါတော့။

အံ့ဩဖို့ကောင်းစွာပဲ ... ပြည်သူအားလုံးက တစ်ခဲနက် အညံ့တော့မခံပဲ ပြန်ချကြမယ်ဆိုပြီး တင်ပြကြတဲ့အတွက် ချာချီဟာ ပြည်သူ့သဘောထားအရ စိတ်ဓာတ်တက်ကြွ သွားပြီး စစ်ဆက်တိုက်ခဲ့ကာ စစ်ကြီးပြီးဆုံးစေခဲ့တယ်ပဲ ပြောရမှာပေါ့။

စာကလဲအတော်ရှည်သွားပြီမို့ အနှစ်ချုပ်ရမယ်ဆိုရင် ခုလက်ရှိ စစ်ကို ရပ်တန့်စေချင်တယ်ဆို နည်းလမ်း က ၂ လမ်းပဲရှိတယ်။ ဘယ်လမ်းကိုရွေးကြမလဲဆိုတာပဲ ရွေးခြယ်ရမှာ။

တောင်းဆိုသမျှပေးမယ်ဆိုရင်တော့ သေချာတယ် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိတဲ့ မြို့ကြီးတွေ အေးချမ်းကောင်းအေးချမ်းသွားမယ်။ သို့သော် ဘိုးဘွားတွေ ဓားနဲ့တည်ဆောက်ခဲ့တဲ့ ပြည်ထောင်စုကြီးကတော့ ကျွန်တော်တို့ ခေတ်ကျမှ မြေပုံပြောင်းလဲသွားလိမ့်မယ်

စစ်ကိုဆက်တိုက်မယ်ဆိုရင်တော့ အလီလီ မစတေးရအောင် မီးကုန်ယမ်းကုန်တိုက်ရမယ်။ တပ်မတော်သားတွေရဲ့ ပြင်းစွာသော စိတ်ဓာတ်ရှိရမယ်။ မိဘပြည်သူ ရဲ့ သဘောထား မှာ "ငြိမ်းချမ်းရေးကိုလိုလို့ စစ်ကို တိုက်နေရကြောင်း" ဆိုတဲ့ အသိ ကို လက်သင့်ခံရမယ်။

နှစ် ၇၀ ကျော်လာတဲ့ ပြည်တွင်းစစ် အမြန်ဆုံး အဆုံးသတ်နိုင်ပြီး တပ်မတော်ကြီး အဓွန့်ရှည်ပါစေ ........

မင်းထက်ကျော်ဇော

Post a Comment

Previous Post Next Post