ပြည်ထောင်စု ကနေ MNDAA ခွဲထွက်ဖို့ကြံပြီလား


▄   အစိုးရ တာဝန်ရှိသူတွေနဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေ တွေ့ဆုံကြတဲ့ ကူမင်း ဆွေးနွေးပွဲက စတုတ္ထအကြိမ်အထိ အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြပေမယ့် လက်ရှိကြားသိရ တဲ့ သဘောတူညီချက်တွေထဲမှာ ယာယီ အပစ်အခတ်ရပ်ထားတယ်ဆိုတဲ့ အဆင့်လောက် ပဲ အကြမ်းဖျင်းသဘောတူညီချက်ရသေးတာ။
▄ ဒါတောင် တရုတ်အကျိုးစီးပွားဖြစ်တဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းတွေ လနဲ့ချီပြီး ပိတ်ကုန်လို့။ နယ်စပ် သွင်းကုန်/ပို့ကုန်လုပ်ငန်း တွေမှာ ယူနန်ပြည်နယ်အနေနဲ့ စီးပွားရေးအရ အထိနာနေလို့သာ  စစ်ပွဲတွေ ရပ်ပြီး အပစ်အခတ် ရပ်ကြပါဆိုပြီး တရုတ်က ဒိုင်ပုံစံနဲ့ ကြားဝင်လာတာမျိုး။ တဖက်မှာ ဒီစစ်ပွဲတွေကနေတဆင့် တရုတ်ပြည်ကို သွယ်တန်းထားတဲ့ ဓာတ်ငွေ့ ပိုက်လိုင်းတွေပါ ထိခိုက်လာတာမျိုး ဖြစ်လာနိုင်တာမို့ တရုတ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို နှစ်ဖက်လက်နက်ကိုင်တပ်တွေ မထိခိုက်အောင် ကာကွယ်ဖို့ ဆိုတဲ့ ကိစ္စတွေပါ ကူမင်းဆွေးနွေးချက်တွေမှာ ပါဝင်လာတာတွေ့ရတယ်။ ဒါမှမဟုတ်  BRICS လမ်းကြောင်းပေါ်က တချို့မြို့ကြီးတွေကို EAO တချို့ ထိန်းချုပ်လာ နိုင်တာဖြစ်လို့ အစိုးရ+EAO + တရုတ်အစိုးရဆိုတဲ့ ပုံစံမျိုး လမ်းခင်းလာတာမျိုးလည်း ဖြစ်ကောင်းဖြစ်မယ်။ ဒီကိစ္စတွေက ထင်သလောက်တော့ မရိုးရှင်းတာအမှန်ပဲ။
▄  အပစ်အခတ်ရပ်စဲထားတဲ့ကာလမှာ ကျားဖြန့်နဲ့ ပတ်သက်တဲ့ လူတချို့ကို MNDAA ဘက်က တရုတ်ကို လွှဲပြောင်းပေးအပ်တယ်ဆိုတဲ့ သတင်းရယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း ကိုးကန့်ဒေသမှာ MNDAA တည်ထောင်ခြင်းအထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားတွေ ကျင်းပနေခဲ့တယ်ဆိုတဲ့ သတင်းရယ်။ တရုတ်+မြန်မာ နယ်စပ်ဂိတ်နှစ်ခု (ချင်းရွှေဟော်အပါအဝင်)ကို တရုတ်ဘက် က ဖွင့်လှစ်ပေးနေခဲ့တယ် ဆိုတဲ့ သတင်း တွေကတော့ တရုတ်+မြန်မာ အစိုးရတွေရဲ့ သံခင်းတမန်ခင်းတွေက ဘာလဲ ဘယ်လဲ ဆိုတာ တွေးစရာဖြစ်လာတယ်။ ဆက်စပ်ပြီးမေးရမှာက  နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာ နဲ့ လက်လွတ်ခဲ့တဲ့ နယ်မြေတွေအတွက် ဒီလုပ်ရပ်တွေက ရင်လေးစရာ ကိစ္စတွေပါပဲ။
▄  ခုရက်ပိုင်းထဲမှာပဲ နတလ က ဆောက်ပေးထားတဲ့ ပြည်သူ့ ဆေးရုံကြီးကို ကိုးကန့် MNDAA က ဖျက်စီးနေတဲ့ ရုပ်သံကလည်း အတော်လေး အသည်း နာဖို့ကောင်းပါတယ်။ တရုတ်+မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဝင်ပေါက်ဖြစ်တဲ့ နယ်မြေဒေသမှာ အထူးဒေသပုံစံနဲ့ လက်နက်ကိုင်ပြီး အုပ်ချုပ်မယ်ဆိုတဲ့ MNDAA အတွက် ဒီအဆောက်အဦ တန်းဖိုးက အချိန်မရွေးပြန်ရှာလို့ ရနိုင်တယ်ဆိုတဲ့ အချိုးမျိုး ချိုးပြတာ လည်း ဖြစ်ကောင်း ဖြစ်နိုင်တာပေါ့။ ဖွဲ့စည်းပုံအရ နိုင်ငံတော်ပိုင်မြေဖြစ်ပေမယ့် ဗမာအငွေ့အသက်ပါတဲ့ ဗမာတန်းကို ဖျက်စီးတာ။ ဗုဒ္ဓဘာသာတို့ရဲ့ ကိုးကွယ်ရာ ဘုရားစေတီတွေကို ဖျက်စီးတဲ့ လုပ်ရပ်တွေကို အားလုံးခြုံကြည့်ရင်....ဒီဒေသတစ်ခုလုံးကို မြန်မာ အငွေ့အသက်ပျောက် အောင် တမင်လုပ်ယူနေတယ်လို့ပဲ ခံစားရပါတယ်။
▄ ကိုးကန့်ဒေသဟာ ကိုးကန့်လူမျိုးတွေအတွက် ဖြစ်တယ်ဆိုတာ လက်သင့်ခံပေမယ့် နိုင်ငံတော်အလံကို ဖယ်ထားပြီး ဖွဲ့စည်းပုံကို လစ်လျူရှု၊ ပြည်ပ ဩဇာခံ လက်နက်ကိုင် အဖွဲ့အစည်းနဲ့ လူမျိုးပေါင်းစုံနေထိုင်တဲ့ ပြည်ထောင်စု ဆိုတဲ့ စကားလုံးနဲ့တော့ တည့်တည့်ကြီး သွေဖယ်နေပြီ ဆိုတာကို.. သတိချပ်ဖို့ လိုနေပြီလို့ ပြောချင်မိပါတယ်။

(နရီမိုး)

Post a Comment

Previous Post Next Post