“ မီးခိုးမထွက်တဲ့ စက်ရုံတွေ အားကောင်းစေဖို့”


----
ကိုယ်ရောက်ဖူးတဲ့ ပြည်ပ နိုင်ငံတွေမှာ ယဉ်းကျေးမှုဆိုင်ရာ အဆောက်အဦတို့၊ ပြတိုက်တွေနဲ့ ပန်းခြံတွေကို အများပြည်သူတွေ မလာ လာချင်အောင် နည်းမျိုးစုံနဲ့ ဆွဲဆောင် ထားလေ့ရှိကြတယ်။ ဒီနေရာမှာ နိုင်ငံခြားသားမို့ ၊ နိုင်ငံသားမို့ဆိုတဲ့ ခွဲခြားချက် တွေလည်း ရှိမနေဘူး။ ဒါပေမယ့် ကျောင်းသားဖြစ်ရင် ဘယ်လောက်လျှော့ဈေးနဲ့ ဝင်ခွင့်ပြုတယ်ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ ရုံးပိတ်ရက်နဲ့ ရုံးဖွင့်ရက်တွေရဲ့ နှုန်းထားကြေး တွေကတော့ အနည်းနဲ့ အများကွာခြားလေ့ ရှိတယ်။
----
မြန်မာနိုင်ငံမှာ မီးခိုမထွက်တဲ့ စက်ရုံတွေ အများအပြားရှိတယ်။ နယ်မြေတည်ငြိမ် အေးချမ်းရင်တော့ လက်ညိုးထိုးမလွဲအောင် ပေါတဲ့ နေရာတွေရှိပေမယ့်  ခုချိန်မှာတော့ အေးချမ်းတဲ့ ဒေသတွေဆိုတာ လက်ချိုးရေလို့ ရသွားပြီ။  ဒါပေမယ့် ဒီနေရာတွေကို သွားဖို့ လမ်းပန်းဆက်သွယ်ရေးတွေကောင်းမွန်အောင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက အားထုတ်ရဲ့လားဆိုတာကိုတော့ မေးခွန်းထုတ်ရမယ်။ ဥပမာ- ပုသိမ်နဲ့ရန်ကုန်ရဲ့ ခရီးဝေးကွာမှုဟာ ဘာမှ ဝေးတဲ့အနေအထားမဟုတ်ဘူး။ ပြည်တွင်းနဲ့ ပြည်ပ ခရီးသည်တွေအတွက် ငွေဆောင်နဲ့ ချောင်းသာဟာ ပွင့်လင်းရာသီမှာ အများဆုံး ဝင်ငွေ ရှာပေးနိုင်တဲ့ ဒေသတစ်ခုလည်းဖြစ်တယ်။ ဒါပေမယ့် ပုသိမ်-ရန်ကုန်လမ်းက ကျောက်ခဲ စားသွားရင်တောင် အစာကြေလောက်တဲ့ အနေအထားရှိတယ်။ ဒီလိုပဲ ပုဂံဒေသဟာလည်း ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ အများဆုံး သွားလေ့သွားထရှိတဲ့ ဒေသတစ်ခုဖြစ်ပေမယ့် ပုဂံကို သွားတဲ့ လမ်းတွေကတော့ ခုချိန်ထိတိုင် စုတ်ပြတ်သတ်နေတုန်းပဲ။( ဒီနေရာမှာ ကလော-တောင်ကြီးလမ်းတွေနဲ့ ယှဉ်ကြည့်စေချင်တယ်။) ခရီးသွား လာမှုအဆင့်မြှင့် တင်ရေးဆိုတာကို လေကြောင်းလိုင်း တစ်ခုအတွက်ပဲ အားပြုနေရင်တော့ ဒီလိုအောက် ခြေက အခက်အခဲတွေ မြင်နိုင်မှာမဟုတ်ဘူး။
----
ခုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ လာမယ့် ၆ လပိုင်းကစပြီး  လမ်းကြေးနှုန်းထားတွေ ပြောင်းလဲကောက်ခံမယ်ဆိုတဲ့ ဓာတ်ပုံတွေ မြင်နေရတယ်။ အပြန်အလှန်အားဖြင့် ဒီလမ်းပိုင်းတွေ ကောင်းမွန်ဖို့အတွက်ရော ဘယ်လိုသိသာတဲ့ ဝန်ဆောင်မှုတွေ ပေးမလဲဆိုတာကိုလည်း ချပြသင့်တယ်။ မီးခိုမထွက်တဲ့ စက်ရုံတွေ လည်ပတ်မှုအားကောင်းစေဖို့ဆိုတာ တသမတ်တည်းဖြစ်တဲ့ အမိန့်ညွှန်ကြားချက်တွေ  ရှိဖို့ လိုသလို လမ်းပိုင်းဆိုင်ရာ သွားလာမှုမှာလည်း ခရီးသွားပြည်သူတွေကို စိတ်ချမ်းသာ မှုအပြည့်ပေးနိုင်စွမ်းရှိဖို့ လိုပါတယ်။

(နရီမိုး)

Post a Comment

Previous Post Next Post